Headline NewsNewsRegion

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 နှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း ၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဇူလိုင် ၃
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 နှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ဆောက်လုပ်ရေးအလုပ်သမား လက်သမားအဖွဲ့ခေါင်းဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြောမည့်နေ့တွင် အားလုံး သိရှိပြီးဖြစ်သည့်အတိုင်း ဝမ်းနည်းစွာဖြင့် ဖားကန့်ကိစ္စအားကြားကြမည် ဖြစ်ပါကြောင်း၊ ဖားကန့်အကြောင်းနှင့် တစ် ဆက်တည်းပြောလိုသည်မှာ မိမိတို့နိုင်ငံအတွက်လည်း ဝမ်းနည်းစရာကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ နောက်တစ်ခုမှာ မိမိတို့အခြေခံ ပြည်သူများ၏ စားဝတ်နေရေးခက်ခဲမှုနှင့် ပတ်သက်နေသည့် ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ဖားကန့်တွင် ကျောက်တူးခြင်းမှာ မိမိတို့ ပြည်သူ အများစုသည် ဝမ်းစာအတွက်သွားရောက်လုပ်ကိုင်ခြင်း ဖြစ်ပါကြောင်း၊ ယခုကွယ်လွန်သွားသည့်သူများထဲတွင် တရားမဝင်တူးနေသူ များ အများစုပါဝင်ပါကြောင်း။
ယင်းကဲ့သို့ တရားမဝင် ကျောက်တူးနေခြင်းမှာ တရားဝင်အလုပ်ရှာရန် ခက်ခဲနေသည့် အခြေအနေတွင် မိမိတို့နိုင်ငံသည် အတိုင်း အ တာတစ်ခုအထိရှိနေသည်ကို လက်ခံရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ တရားဝင်အလုပ်အကိုင်ရရှိရေးကို အလေးထားပါကြောင်း၊ ယင်းသို့ တရားဝင် အလုပ်အကိုင်ရရှိရေး အလေးထားသည့်အထဲတွင် ဆောက်လုပ်ရေးကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ ယင်းသို့ပြောကြားရခြင်းမှာ အထူးသဖြင့် ကိုဗစ်နှင့် ပတ်သက်သည့်လုပ်ငန်းများတွင် ဆောက်လုပ်ရေးကဏ္ဍသည် အထူးပါဝင်သည်ကို ပြောကြားလိုပါကြောင်း၊ ဆောက်လုပ်ရေးသည် ရပ်ထား၍လည်း မရပါကြောင်း၊ နိုင်ငံ၏အခြေခံ အဆောက် အအုံများနှင့်လည်း ဆက်နွယ်နေပါကြောင်း။
ထို့ပြင် ဆောက်လုပ်ရေးဘက်တွင် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီစေရန် လုပ်ဆောင်ပေးနိုင်သည့် အခွင့်အလမ်းများစွာရှိပါကြောင်း၊ တချို့လုပ်ငန်းများတွင် ခွာ၍လုပ်ကိုင်ရန် မလွယ်ကူပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာရန် တချို့လုပ်ငန်းများတွင် မလွယ်ကူပါကြောင်း၊ သို့သော် ဆောက်လုပ်ရေးသည် ယင်းအပိုင်းတွင် ကိုင်တွယ်၍ အထိရောက်ဆုံး ကဏ္ဍတစ်ခုဖြစ်သည့်အတွက် ဆောက်လုပ်ရေးကို စောစီးစွာ ပြန်လည်လုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးသည် အမြဲလိုအပ်နေပါကြောင်း၊ ဆောက်လုပ်ရေးသည် အမျိုးမျိုးရှိပါကြောင်း၊ အခြေခံအားဖြင့် လမ်း၊ တံတားသည် ပြည်သူများအတွက် များစွာအရေးကြီးပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်းသည် ပြည်သူများအတွက် အလုပ်ရနိုင်ပြီး တက်လမ်းလည်း ပွင့်စေသည့် လုပ်ငန်းတစ်ခု ဖြစ်စေလိုပါကြောင်း၊ ယနေ့ ဆွေးနွေးရန်လာသူများတွင် ဦးကျော်လင်းသည် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဖြစ်ပါကြောင်း၊ ဦးဌေးလွင်သည် ဆောက်လုပ်ရေးတွင် ထဲထဲဝင်ဝင် လုပ်ကိုင်နေသူဖြစ်ပါကြောင်း၊ ဦးရှိန်ဝင်းသည် ဆောက်လုပ်ရေးလုပ်ငန်းဘက်မှ လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အလုပ်သမားများနှင့် လုပ်ငန်းရှင်များ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲပေးရပါကြောင်း။
အစိုးရအနေဖြင့် ကိုဗစ်ဖြစ်ပွားနေသည့်အချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ မရပ်တန့်သွားစေရန်၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လည်ပတ်ရင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ပြည်သူများ၏ ကျန်းမာရေးမထိခိုက်စေရန်နှင့် ကိုဗစ် ရောဂါသည် ဆောက်လုပ်ရေးအလုပ်သမားများကြားတွင် မပြန့်ပွားစေရန်အတွက် သတိထားရပါကြောင်း၊ ကိုဗစ် အလွန်ကာလကိုလည်း ကြည့်ရပါကြောင်း၊ ယင်းမှာအမြဲတမ်း သတိပြုရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလကြောင့် နိုင်ငံ၏စက်ယန္တရားကြီးသည် ရပ်တန့်သွားမည် မဟုတ်ပါကြောင်း၊ ဆက်လက် လည်ပတ်ရမည် ဖြစ်ပါကြောင်း၊ ဆက်လက်လည်ပတ်ရာတွင် တိုးတက်သည့်ဘက်ကို လည်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဆောက်လုပ်ရေးကဏ္ဍကြီး တစ်ရပ်လုံးအပေါ် သက် ရောက်မှုအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍကြီး တစ်ရပ်လုံးကို မှီခိုနေသည့် လူဦးရေမှာ ၂ဝ၁၈ စာရင်းအရ ၁ ဒသမ ၃၇ သန်း ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အဓိကထိခိုက်သူများသည် လက်သမား၊ ပန်းရံ၊ သံချည် သံကွေး၊ အထွေထွေလုပ်သား စသည့် အောက် ခြေ လုပ်သားအများစု ဖြစ်ပါကြောင်း၊ ၎င်းလုပ်သားအားလုံးနီးပါးသည် တန်စား၊ ပေစား၊ ကျင်းစားနှုန်းဖြင့် ပုတ်ပြတ်လုပ်သားများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ သက်ရောက်မှုသည် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားချိန်တွင် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်ပါကြောင်း။
ဆောက်လုပ်ရေးကဏ္ဍတွင် အဓိကအားဖြင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပုဂ္ဂလိ ကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဟူ၍ ၂ မျိုးရှိပါကြောင်း၊ နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်၏ ပြည်တွင်းသုံးငွေဖြင့် ငွေလုံးငွေရင်းကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းနှင့် နိုင်ငံတကာချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟူ၍ ၂ မျိုး ရှိပါကြောင်း၊ ပြည်တွင်းသုံးဘက်ဂျက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း တန်ဖိုးသည် ပြည်ထောင်စု ဝန်ကြီးဌာနများမှ နှစ်စဉ် ငွေကျပ် ဘီလီယံ ၅ဝဝဝ ကျော်ရှိပြီး နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းမှာ နှစ်စဉ်ငွေကျပ် ဘီလီယံ ၂ဝဝဝ ကျော်ရှိပါကြောင်း။
ပြည်တွင်းသုံးဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ စတင်သည့် မတ်လကုန်ပိုင်းမှစ၍ ဧပြီလတစ်လလုံး ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ သို့သော်လည်း မေလပထမပတ်မှစ၍ ပြည် တွင်းသုံးငွေဖြင့် ဘတ်ဂျက်ချမှတ်သည့် လုပ်ငန်းအားလုံးနီးပါး ပြန်လည်စတင်နေပြီး ယခုအခါ နိုင်ငံတော်၏ ပြည်တွင်းသုံးငွေနှင့် ဆောင်ရွက်သည့် လုပ်ငန်းအားလုံးနီးပါး ပုံမှန်အခြေအနေအတိုင်း ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
တွေ့ကြုံရသည့် အခက်အခဲများအနေဖြင့် လုပ်ငန်းအများစုသည် ပုံမှန်အတိုင်း စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ပြီး လုပ်ငန်းအနည်းစုသည် ကိုဗစ်-၁၉ ကြောင့် အချိန်ကာလနောက်ကျခြင်းနှင့် လက်ရှိ မိုးရာသီရောက်ရှိနေခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ် အောက် တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လကို ထပ်တိုးဆောင်ရွက်ခွင့် တောင်းခံထားသောကြောင့် အချို့လုပ်ငန်းများကို လုပ်ငန်းပြီးစီးချိန်တွင် စစ်ဆေးရေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စစ်ဆေးမပေးနိုင်၍ ငွေထုတ်ပေးမှုနောက်ကျနေခြင်းများကြောင့် ကုမ္ပဏီငယ်များ၏ ငွေကြေးလည်ပတ်မှု အခက်အခဲများ ကြုံတွေ့နေရပါကြောင်း။
နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှု ပိုမိုရှိပါကြောင်း၊ ပြည်ပမှ စက်ယာဉ်ယန္တရားနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုနောက်ကျခြင်းနှင့် နိုင်ငံခြားသား ပညာရှင်များလာရောက်ရန် အခက် အခဲများကြောင့် အဓိကထိခိုက်ရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာချေးငွေအနေဖြင့် ADB, World Bank, JICA တို့မှ ထပ်မံကမ်းလှမ်းထားမှုများရှိပါကြောင်း၊ ကက်ဘိနက်နှင့် ပြည်ထောင်စုလွှတ်တော်မှ သဘောတူခွင့်ပြုပါက အဆိုပါ Project များ ၂ဝ၂၁ ခုနှစ်တွင် စ တင်နိုင်မည် ဖြစ်ပါကြောင်း။
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်ခြင်း၊ သာသနာရေးဆိုင်ရာ အဆောက်အဦ တည်ဆောက်ခြင်းနှင့် Developer များဟူ၍ ၃ ပိုင်း ရှိပါကြောင်း၊ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်သူများနှင့်သာသနာရေးဆိုင်ရာ အဆောက်အဦ တည် ဆောက်သူများသည် ကိုဗစ်-၁၉ စတင်သည့် မတ်လ၊ ဧပြီလများတွင် လုပ်ငန်းများ ရပ်ဆိုင်းသွားသော်လည်း မေလမှ စတင်၍ ပြန် လည် ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း၊ သို့သော် ပုံမှန်အခြေအနေအောက် ၄ဝ ရာခိုင်နှုန်းခန့် လျော့နည်းနေပါကြောင်း၊ အဓိကအထိနာသည့် အပိုင်းမှာ Developer များက ရင်းနှီး မြှုပ်နှံသည့် အပိုင်းဖြစ်ပါကြောင်း၊ အိမ်ရာအရောင်းအဝယ်သည် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် စတင်အေးစက်နေပြီး ၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်-၁၉ ကာလအတွင်း ရပ်ဆိုင်းသလိုဖြစ်သွား၍ ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် Developer များအတွက် သက်ရောက်မှု ကြီးမားခဲ့ပါကြောင်း။
ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များအနေဖြင့် ကိုဗစ်စတင်သည့် မတ်လကုန်ပိုင်းတွင် လုပ်သားများအား ကိုဗစ်-၁၉ အန္တရာယ်အသိပညာပေးခြင်း၊ လုပ်ငန်းခွင် ဝင်ရောက်ချိန် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ Social Distancing စသည့် ကျန်း မာရေး ဆိုင်ရာညွှန်ကြားချက်များပေးခြင်း၊ Mask များ၊ သာမိုမီတာများ ဖြန့်ဝေပေးခြင်း၊ လက်ဆေး ကန်များ တည်ဆောက်စေခြင်း၊ အများသုံးရေအိုးစင်များ ဖြုတ်သိမ်းထားခြင်း၊ စားသောက်နေရာများကို ၆ ပေစီခြား၍ ပြန်လည်စီစဉ်ခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးခြင်း၊ ဆေးရုံများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် အလှူငွေများ၊ Mask၊ သာမိုမီတာ၊ PPE ဝတ်စုံများ လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် Facilities Quarantine ဧရိယာအသုံးပြုနိုင်ရန် ဝန်ကြီးဌာနများမှ တိုက်ခန်း ၂၃၆၈ ခန်း အား ညှိနှိုင်းအသုံးပြုခွင့် ပေးထားပါကြောင်း။
အင်ဂျင်နီယာများနှင့် ဗိသုကာများကဏ္ဍတွင် ကိုဗစ်-၁၉ ကြောင့် Stay Home ကာလအတွင်း လစာငွေ လျှော့ယူရမှုမျိုးရှိသော်လည်း ယခုအခါ ပုံမှန်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ သွင်းအားစုလုပ်ငန်းများအနေဖြင့် သံချောင်း၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် Demand များ ပုံမှန်၏ ၃ဝ ရာခိုင်နှုန်း လျော့ကျနေသော်လည်း ပစ္စည်းဈေးနှုန်းများမှာ ပုံမှန်ဈေးနှုန်းဖြစ်ပါကြောင်း၊ အောက်တိုဘာ၊ နို ဝင်ဘာလခန့်တွင် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းပါကြောင်း၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေဖြင့် ဆောက် လုပ်ရေးလုပ်ငန်းများသည် အလုပ်အကိုင် သင်တန်းပေးရန် မလိုအပ်ပါကြောင်း၊ လက်သမားအကူ၊ သံချည်သံကွေးအကူ၊ ပန်းရံအကူနှင့် အထွေထွေလုပ်သား စသည့်ဖြင့် ချက်ချင်းဝင်ရောက် လုပ်ကိုင်နိုင်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရန် အလွယ်ဆုံးဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့်လည်းကောင်း၊ PPP အစီအစဉ်ဖြင့် လည်းကောင်း၊ Project များဖော်ဆောင်ပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာနိုင်ပါကြောင်း။
CERP အပေါ် ဆောင်ရွက်ခြင်းအနေဖြင့် တံတားဂိတ် ၆၈ ဂိတ်နှင့် လမ်းဂိတ် ၂၄ ဂိတ်တို့အား ဇွန်လ ၁ ရက်မှ နိုဝင်ဘာလ ၃ဝ ရက်အထိ လမ်းအသုံးပြုခ ၅ဝ ရာခိုင်နှုန်း ဖြေလျော့ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး အစီအစဉ်အရ PPP လုပ်ငန်းများတိုးမြှင့် ဆောင် ရွက်ရန် လမ်းတံတား စီမံကိန်း ၄ ခုအား EOI ဖိတ်ခေါ်ထားခြင်းတို့ ဆောင်ရွက်ထားပါကြောင်း။
အထွေထွေတင်ပြချက်အနေဖြင့် အိမ်ရာဝယ်လိုအား တက်လာရန်အတွက် ဘဏ်များမှ အရစ်ကျချေးငွေ စံနှုန်းများများ ဖော်ဆောင်ပေးရန်နှင့် နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖော်ဆောင်ပေးရန် တင်ပြလိုပါကြောင်း၊ တစ်နှစ်လျှင် နိုင်ငံတော်ဘတ်ဂျက် ဘီလီယံ ၂၅ဝ ခွင့်ပြုပေးနိုင်ပါက စတုရန်းပေ ၆၅ဝ အိပ်ခန်း ၂ ခန်းပါ အငှားတိုက်ခန်း ၁ဝဝဝဝ တည်ဆောက်ပေးနိုင်မည် ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် ဆောက်လုပ်ရေးအလုပ်သမား လက်သမားအဖွဲ့ခေါင်းဆောင် ဦးဌေးလွင်က မိမိအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လက်သမားဆရာ လုပ်ပါကြောင်း၊ လုပ်သက် နှစ်(၂ဝ)ကျော်ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ရန်ကုန်မြို့ရှိ မြန်မာ့ဂုဏ် ရည်လမ်းတွင် (၆)ထပ်တိုက်များ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးဆိုက်ထဲတွင် အလုပ်လုပ်နေပါကြောင်း၊ ယင်းဆိုက်ထဲတွင် မိမိနှင့်အတူ သံချီ၊ သံကွေး၊ ပန်းရံ၊ လက်သမား (၂ဝဝ)ခန့် အလုပ်ဆင်းပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ရက်လျှင် လုပ်အားခ(၁၁ဝဝဝ) ရပါကြောင်း၊ လုပ်သားအများစုမှာ တစ်ရက် (၉ဝဝဝ) မှ (၁၅ဝဝဝ) ခန့်အထိ ရကြပါကြောင်း။
ကိုဗစ်ဖြစ်သည့်အတွက် လုပ်ငန်းခွင်များ ဧပြီလမှ မေလအထိ လုံးဝရပ်ဆိုင်းထားသည့် အချိန်တွင် မိမိတို့စားသောက်ရေးအတွက် မိမိတို့ လုပ်ငန်းရှင်များအနေဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ပေးပါကြောင်း၊ နိုင်ငံတော်ကပေးသည့် ဆန်၊ ဆီများလည်း ရပါကြောင်း၊ထို့ကြောင့် စားသောက်ရေး အဆင်ပြေခဲ့ပါကြောင်း၊ လုပ်ငန်းများ ပြန်စသည့်အခါ ဆိုက်ထဲမဝင်မီတွင် ကိုယ်ပူချိန်တိုင်းရပါကြောင်း၊ ကိုယ်အပူချိန်ပုံမှန်ဆိုပါက ဆိုက်ထဲ ဝင်ခွင့်ရရှိပါကြောင်း၊ ဝင်ခွင့်ရသည်နှင့် လက်ဆေး၍ နှာခေါင်းစည်းတပ်ရပါကြောင်း၊ အလုပ်ခွင်တွင် တစ်ယောက်နှင့် တစ်ယောက် (၆) ပေလောက်စီခြားပြီး အလုပ်လုပ်ကြရပါကြောင်း၊ ထမင်းစားချိန်တွင်လည်း (၆)ပေခွာပြီး စားကြရပါကြောင်း၊ ကိုဗစ်မဖြစ်ရန်အတွက် ကြီးကြပ်သည့် တာဝန်ခံအရာရှိနှင့် အဖွဲ့က စစ်ဆေးကြပ်မတ်ကြပါကြောင်း။
အလုပ်သွား အလုပ်ပြန်တွင် အလုပ်ရှင်က ဒိုင်နာကားများ စီစဉ်ပေးပါကြောင်း၊ စက်ဘီးနှင့် လာသည့်သူများလည်းရှိပါကြောင်း၊ တစ်ချို့မှာ ဘတ်စကားဖြင့် လာကြပါကြောင်း၊ ယခု အလုပ်ရှိနေသည့်အတွက် မိမိတို့ စားသောက်ရေး အဆင်ပြေပါကြောင်း၊ အလုပ်(၃) ရက်ခန့် မဆင်းရပါက မိမိတို့ အများစုသည် စားစရာမရှိတော့ပါကြောင်း၊ ယင်းအခါတွင် မိမိတို့နီးစပ်ရာတွင် ပိုက်ဆံချေးပြီး သုံးရပါကြောင်း၊ ကလေးများကျောင်းဖွင့်ချိန်တွင် ပိုက်ဆံချေးပြီး သုံးရခြင်းများပါကြောင်း၊ ယခုအခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစုသည် ရပ်ဆိုင်းထားသည့်အတွက် အလုပ်မရှိသည့် လုပ်သားများ တော်တော်လေး အခက်အခဲများ ရှိနေသည်ကို တွေ့ရပါ ကြောင်း။
မိမိတို့ ဆောက်လုပ်ရေးလုပ်သားများအတွက် တင်ပြလိုသည်မှာ မိမိတို့လုပ်သားများသည် အလုပ်(၃)ရက်ခန့် မလုပ်ရပါက စားစရာ အခက်အခဲဖြစ်ကြသည့်အတွက် ဆောက်လုပ်ရေးဆိုက်များ များလာစေရန် စီစဉ်ပေးရန်နှင့် မိမိတို့ အလုပ်မရှိချိန်နှင့် ကျောင်းဖွင့်ချိန်တွင် ငွေချေး၍ရအောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဆောက်လုပ်ရေးလုပ်သားများသည် နယ်မှရန်ကုန်သို့လာပြီး အလုပ်လုပ်ကြသူများဖြစ်သည့်အတွက် ရန်ကုန်တွင် နေစရာအိမ်မရှိကြပါကြောင်း၊ အလုပ်ရှင်များ စီစဉ်ပေးသည့်နေရာများတွင် နေရသည့်သူများက အဆင်ပြေပြီး အချို့အနေဖြင့် ကျူးကျော်တဲများတွင် ပြန်ငှားနေကြပါကြောင်း၊ မိမိတို့ လုပ်သားများ စုစည်းပြီး နေ၍ရသည့် မြို့ပြင်များတွင် မြေဝိုင်းများ စီစဉ်ပေးစေလိုပါကြောင်း၊ မိမိတို့ဘာသာ တဲထိုးပြီး နေမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်က ထုတ်ပြန်လိုက်သည့် CERP COVID-19 စီးပွားရေးဆိုင်ရာ သက်သာခွင့်အစီအမံ Guide Line အတိုင်း နိုင်ငံတော်နှင့်အတူ MCEF အသင်းချုပ်အနေဖြင့် ပူးပေါင်းပါ ဝင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များ လိုက်နာရသည့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး စည်းမျဉ်းစည်းကမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာကြီးကြပ်မှု ကော်မတီမှညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါကြောင်း၊ MCEF အသင်းချုပ်နှင့်တကွ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ရှိသည့် အသင်းခွဲများမှတစ်ဆင့် လုပ်ငန်းခွင်အသီးသီးသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင်အပူချိန်တိုင်းကိရိယာ၊ ဆပ်ပြာ၊ လက်ဆေးကန်၊ တစ်ရူးပါ အဝတ် Mask ၊ Hand Spray၊ လက်သုတ်တစ်ရူး၊ လက်အိတ်၊ အမှိုက်ပုံး၊ ရေဆိုးမြောင်း၊ မိလ္လာစနစ်၊ ပညာပေးပိုစတာများကို စီမံပြုလုပ်စေခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းတွင် COVID-19 ကြီးကြပ်ရေးတာ ဝန်ခံတစ်ဦးခန့်အပ်စေပါကြောင်း။
ပညာပေးပိုစတာများကပ်ခြင်း၊ လက်ဆေးကန် အလုံအလောက်ထားပေးခြင်း၊ စနစ်တကျ လက်ဆေးနိုင်ရန်အတွက် ဆပ်ပြာ၊ ရေ၊ တစ်ရှူး အလုံအလောက် ထောက်ပံ့ပေးရန်တို့ကိုလည်း လမ်းညွှန်ထားရှိပါကြောင်း၊ စားဖိုဆောင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ကျန်းမာရေး ဆိုင်ရာကိစ္စများအနေဖြင့် ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုရခက်၊ အင်အားကုန်ခန်းခြင်း စသည်တို့ကို အထူးသတိပြုရမည်ဖြစ်ကြောင်း၊ ပညာပေးမှုများ ဆောင်ရွက်ထားရှိပါကြောင်း၊ လူစုလူဝေးများ ရှောင်ကြဉ်ရန်နှင့် ပိုစတာလက်ကမ်းစာစောင်များ သက်ဆိုင်ရာလုပ်ငန်းခွင်၌ ဖြန့်ချိရန်၊ အသံဖိုင်များနားထောင်နိုင်ရန် ပြုလုပ်စေလျက်ရှိပါကြောင်း၊ အလုပ်သမားများအကြား ကောလဟလ သတင်းအမှားများ ပျံ့နှံ့မှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မတ်လ ၂၃ရက် COVID-19 စတင်ချိန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဆေးဝါးကုသရန်အတွက် ဝေဘာဂီကူးစက်ဆေးရုံတွင် လူနာလက်ခံရန် အရေအတွက် ၂ဝဝသာ ရှိပါကြောင်း၊ ပြည်သူများကုသရန်အတွက် အခက်ခဲမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ဦးဆောင်ပြီး လှည်းကူးမြို့နယ်၊ ဖောင်ကြီးဝန်ထမ်း လေ့ကျင့်ရေးကျောင်းကို Covid-19 Medical Center (အောက်မြန်မာပြည် ) ပြောင်းလဲ တည်ဆောက်ရာ၌ ICU (၄)ဆောင်၊ X-ray, CT Scan (၁)ဆောင် အပါအဝင် ကျန်းမာရေး ဝန်ထမ်းအဆောင်၊ လူနာဆောင်စုစုပေါင်း(၁၄)ဆောင်နှင့် ခြံစည်းရိုးပေ (၁ဝဝဝဝ) ခန့်၊ လမ်း၊ Infrastructure အားလုံးကို ဧပြီ ၂ ရက်မှ မေလ ၁ ရက်အပြီး တည် ဆောက် နိုင်ခဲ့ပါကြောင်း၊ တည်ဆောက်ခဲ့သည့် ကုန်ကျစရိတ်ငွေကျပ်သိန်း(၁ဝဝဝဝ) ကိုလည်း အပြီးလှူဒါန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အပ်နှံပြီးဖြစ်ပါကြောင်း၊ COVID-19 အောက်မြန်မာပြည်ခံတပ်ကို MCEF အသင်းချုပ်အနေဖြင့် အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် အခက်အခဲကြားက အချိန်တိုအတွင်း အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါကြောင်း။
Covid ကာလ နေပြည်တော်တွင် ဆောက်လုပ်မည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ (၁၈၉)လုံးကို MCEF အသင်းချုပ်နှင့် MLCA အသင်းချုပ်တို့သည် ဧပြီလကစတင် ဆောက်လုပ်ပြီး စက်တင်ဘာလတွင် ပထမအသုတ်ပြီးစီးအောင် အကောင်ထည်ဖော် ဆောက်လုပ်နေပါ ကြောင်း၊ COVID-19 ကာလအတွင်း ပြည်ပက ပြန်ရောက်လာသည့် နိုင်ငံသားများထဲမှ ဇွန်လ၂၂ရက်အထိ ဆောက်လုပ်ရေးနှင့်ပတ် သက်သည့် လုပ်သားစာရင်းကို ပြည်ထောင်စုအလုပ်သမားဝန်ကြီးဌာနမှရရှိပြီး အမျိုးသား ၄၁၁၃ ဦး၊ အမျိုးသမီး ၉၇ဝ၊ သတင်းစာ၊ ဂျာ နယ်၊ ဆိုရှယ်မီဒီယာမှတစ်ဆင့် CV From တောင်းခံပြီး ပြည်နယ်တိုင်းအသီးသီး လုပ်ငန်းရှင်များက အလုပ်အကိုင်များပေးနိုင်ရန် လုပ် ဆောင်နေပါကြောင်း၊ အင်ဂျင်နီယာ၊ Skill Labour၊ အထွေထွေလုပ်သားခွဲခြားစာရင်း ကောက်ယူမည်ဖြစ်ပြီး အထွေထွေလုပ်သားထဲမှ Skill Labour ဖြစ်လိုသူများကို သင်တန်းပေးသွားမည် ဖြစ်ပါကြောင်း၊ မကြာမီ နေပြည်တော် MCEF အသင်းချုပ်ပိုင် မြေ (၅) ဧက ပေါ်တွင်ဂျပန်နိုင်ငံ ဟော့ကိုင်းရိုးအစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ဂျပန်နည်းပညာ ဆောက်လုပ်ရေးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
COVID-19 ကာလတွင် လုပ်ငန်းအားလုံးနီးပါး ထိခိုက်နစ်နာခဲ့ရပါကြောင်း၊ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့်ခရီးသွားလုပ် ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့ဖြစ်ပါကြောင်း၊ ထိခိုက်သွားသည့်လုပ်ငန်းများ(၆)လမှ (၃)နှစ်အထိအချိန်ယူပြီး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှု အတွက် အရေးအကြီးဆုံး အခန်းကဏ္ဍကပါဝင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍသည် အလုပ်အကိုင်အခွင့်အရေး အမြန်ဆုံးနှင့် အများဆုံးဖန်တီးနိုင်သည်ကို တွေ့ရပါကြောင်း။ COVID-19 ကာလတွင် ပထမဦးစားပေးလုပ်ဆောင်ရန် ပြည်သူလူထု၏ အခြေခံ လို အပ်ချက်လုပ်ငန်း (Infrastructure) လုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ရပ်ကွက်၊ ရပ်ရွာထဲအထိ အမြန်ဆုံး ဦးစား ပေး ဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ COVID-19 ကာလ အတွင်း ပြည်သူလူထု၏အခြေခံ လိုအပ်ချက်ဖြည့်ဆည်းနိုင်ပြီး ရပ် ရွာနေ ပြည်သူများအထိ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားစေနိုင်မည် ဖြစ်ပါကြောင်း။
စက်ရုံ၊ အလုပ်ရုံများသည် အလုပ်အကိုင်အခွင့်ရေးများစွာ ဖန်တီးပေးသည့်အတွက် စက်မူဇုန် စီမံကိန်းများကို ဖော်ထုတ်အားပေးခြင်းဖြင့် စက်ရုံ၊အလုပ်ရုံ တည်ဆောက်ရမည်ဖြစ်ပြီး ဆောက်လုပ်ရေး အလုပ်သမားများအတွက်လည်း အလုပ်အကိုင်အခွင့်အရေး ထပ်မံ ရရှိမည်ဖြစ်ပါကြောင်း။ COVID-19 ကာလတွင် နိုင်ငံတော်ဘတ်ဂျက် မသုံးဘဲ လက်ရှိဝန်ထမ်းများ Down Payment အနည်းဆုံးနှင့် လစဉ်အရစ်ကျသက်သာသော ငွေပေးချေမှုနှင့်အတူ ၎င်းဝန်ထမ်းများပင်စင်ယူသည့်အခါ တိုက်ခန်းအလွယ်တကူ ပိုင်ဆိုင်နိုင်ရေးအတွက် MCEF အသင်းချုပ်အနေဖြင့် Pilot Project တစ်ခုကိုနိုင်ငံတော်အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ပါကြောင်း။
COVID-19 ကာလတွင် ပြည်ထောင်စုဝန်ကြီးဌာန၏ ဘတ်ဂျက်တချို့ လျှော့ချမူများ ပြုလုပ်ခဲ့ရပါကြောင်း၊ နောက်လာမည့်ဘတ်ဂျက်နှစ်တွင် လျှော့ချထားသည့် အသုံးစရိတ်များ ပြန်ဖြည့်တင်းပေးရန်နှင့် တင်ဒါအောင်ကန်ထရိုက်တာများကိုသာ လုပ်ငန်းပြန်ချပေးရန် တင်ပြအပ်ပါကြောင်း၊ ဒုတိယဝန်ကြီး တင်ပြထားသည့်အတိုင်း ပြီးစီးရမည့် သက်တမ်းကာလ (၃)လ တိုးပေးရန် တင်ပြအပ်ပကြောင်း  COVID-19 ကာလ တင်ဒါလုပ်ငန်းများ အချိန်မီပြီးစီးရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး အစိုးရအဖွဲ့ရုံးမှ တစ်ပတ်တစ်ကြိမ် MCEF ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး တင်ဒါငွေကြေးထုတ်ယူမူ အခက်အခဲ၊ အခြားလုပ်ငန်းအခက်အခဲများကို ညှိနှိုင်းဖြေရှင်းခြင်းဖြင့် တင်ဒါလုပ်ငန်းများ အမြန်ပြီးစီး အောင်မြင်လာမည် ဖြစ်ပါကြောင်း။
နှစ်အလိုက် နိုင်ငံတော်ဘတ်ဂျက်များ ပြည့်မီအောင်ချပေးသော်လည်း တင်ဒါမအောင်မြင်ဘဲ နှစ်ကုန်လျှင် နိုင်ငံတော်သို့ ပြန်လည်အပ် နှံရသည်ကို တွေ့ရပါကြောင်း၊ အသင်းချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တင်ဒါလုပ်ငန်းရှင် ကန်ထရိုက်များကို ကော်မတီတစ်ရပ်ဖွဲ့ပြီး နိုင်ငံတော်သမ္မတ၏ ၁/၂ဝ၁၇ တင်ဒါစည်းကမ်း၏ လိုအပ်ချက်များကို ပြင်ဆင်ရေးဆွဲခဲ့သည်မှာ မကြာမီပြီးစီးတော့မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ NECC ကလည်း တင်ဒါစည်းကမ်းလိုအပ်ချက်များ ပြင်ဆင်နေသည်ဟု သိရပါကြောင်း၊ အောက်ခြေမြေပြင်တွင် အမှန်တ ကယ် လုပ်ကိုင်နေသည့် တင်ဒါလုပ်ငန်းရှင် ကန်ထရိုက်များ ပြင်ဆင်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် NECC က ပြင်ဆင်သည့် တင်ဒါ စည်းမျဉ်းစည်းကမ်းတို့ ပေါင်းစပ်ပြီးမှသာ တင်ဒါစည်းမျဉ်းစည်းကမ်းအသစ်ကို ထုတ်ပြန်ပေးရန် တင်ပြအပ်ပါကြောင်း။
COVID-19 ကာလတွင် တရားဝင်ခွင့်ပြုချက်ကျပြီး တည်ဆောက်ဆဲ ဆောက်လုပ်ရေး လုပ်ငန်း (၂)မျိုး ရှိပါကြောင်း၊ (၁) ပုဂ္ဂလိကနှင့်နိုင်ငံတော်အကျိုးတူ ပြုလုပ်ထားသည့် လုပ်ငန်းများ BOT,PPP စီမံကိန်းများနှင့် (၂)ပုဂ္ဂလိကပိုင်မြေပေါ်တွင် Developer များဆောက် လုပ်သည့် Apartment ၊ Condominium ဆောက်လုပ်ရေးလုပ်ငန်းများသည် Covid-19 ကာလ အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါကြောင်း၊ တည်ဆောက်ဆဲလုပ်ငန်းများ ရပ်ဆိုင်းမသွားရန်နှင့် ဆောက်လုပ်ရေးလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရပ်တန့်မသွားစေရန် နိုင်ငံတကာတွင် နိုင်ငံတော်ကသာ ဦးဆောင်၍ Project တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ သက်သာသည့် အတိုးနှုန်းနှင့် နှစ်လတ်ချေးငွေများ ချပေးခဲ့သည်ကို တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် လုပ်ငန်းများအားလုံးကို တပြိုင်တည်း ငွေချေးရမည်ဖြစ်သည့်အတွက် နိုင်ငံတော်က ငွေလုံးငွေရင်းနှင့် စိုက်ထုတ်ချေးရန် ခက်ခဲနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့်နိုင်ငံခြားမှ သက်သာသော အတိုးနှုန်းဖြင့် ရရှိခဲ့ပါက ပုဂ္ဂလိကဘဏ်များက တစ်ဆင့် တာဝန်ယူပြီး Project တန်ဖိုး၏အနည်းဆုံး ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိချေးငွေရရှိလျှင် အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း။
ရန်ကုန်မြို့တွင် ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ကွန်ဒိုတိုက်ခန်းအရေအတွက် အခန်းပေါင်း (၁၅ဝဝဝ)ခန့် ရှိပါကြောင်း၊ နိုင်ငံခြား သားကွန်ဒိုတိုက်ခန်းရောင်းချနိုင်မှု ရာခိုင်နှုန်း ၄ဝ ရာခိုင်နှုန်း အိမ်ခန်း ၆ဝဝဝ ဖြစ်ပါကြောင်း၊ တစ်ခန်းလျှင် ငွေကျပ်သိန်း (၂၅ဝဝ) ပျမ်း မျှနှင့် ရောင်းချနိုင်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ နိုင်ငံခြားငွေရရှိမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေး လည်ပတ်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကွန်ဒိုတိုက်ခန်း အများအပြား ရောင်းချနိုင်ရန် နိုင်ငံတော်အစိုးရကပါ ပါဝင်ကူညီဆောင်ရွက်ပေးနေကြပါကြောင်း၊ ဥပမာ တံဆိပ်ခေါင်းခွန်လျှော့ပေါ့ပေးခြင်း၊ သက်သာသော Mortgage Loan ပေးခြင်း၊ 10 Years Multi-Visa ထုတ်ပေးခြင်း၊ Second Home ပေးခြင်းများ ပြုလုပ်ပေးခဲ့သည့်အတွက် နိုင်ငံခြားငွေ အများအပြား တိုးတက်ရရှိနေကြပါကြောင်း။
နိုင်ငံသားများအတွက် COVID-19 ကာလတွင် နိုင်ငံတော်က ငွေကြေးစိုက်ထုတ်ပေးခြင်းထက် လိုအပ်နေသည့် ဥပဒေများ ဖြေလျှော့ပေးခြင်းက ဝယ်သူများ အတွက်ပို၍ ထိရောက်မှုရှိပါကြောင်း၊ နိုင်ငံသားများအတွက် တိုက်ခန်း ၆ဝ ရာခိုင်နှုန်းအိမ်ခန်း (၉ဝဝဝ) အတွက် ရောင်းရမည်ဆိုပါက ငွေကျပ် ၂၂၅ ဘီလီယံ ရရှိမည်ဖြစ်ပြီး ယင်းငွေများသည် နိုင်ငံတွင်းစီးပွားရေးလည်ပတ်မှုတွင် ပါဝင်နိုင်မည်ဖြစ်ပါကြောင်း။
ဝင်ငွေခွန်နှုန်းထား လျှော့ချခြင်းနှင့်ပတ်သက်ပြီး ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာရေး နှစ်တစ်နှစ် စမ်းသပ်လျော့ပေါ့ပေးခဲ့သည့်အတွက် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ကို အထူးပင် ကျေးဇူးတင်ပါကြောင်း၊ ဝင်ငွေခွန်လျှော့ပေါ့ကောက်ခံခြင်းကြောင့် အခွန်ငွေများ ထူးခြားစွာ တိုးတက်ရရှိရုံမျှမက အခွန် ထမ်းဦးရေများစွာ တိုးလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ် ကာလတူ ပထမ(၃)လပတ်တွင် အခွန်ထမ်းဦးရေ တိုးတက်မှုရာခိုင်နှုန်း၂၅၈ ဒသမ ၃၁၉ ရာခိုင်နှုန်း၊ ကောက်ခံရရှိသည့် ဝင်ငွေပေါင်းသန်း ၃၇ဝဝဝ တိုးတက်မှုရာခိုင်နှုန်း ၆၆ ဒသမ ၄၅၃ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန် ရရှိငွေ ၉၆၂၉ သန်း တိုးတက်မှု ရာခိုင်နှုန်း ၄ဝ ရာခိုင်နှုန်းအသီးသီး အခွန်ငွေ တိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ နောက်ထပ် ယခင်နှစ်ကာလတူ ဒုတိယ (၃)လပတ်တွင်လည်း ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များ တိုးတက်ရရှိသည်ကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရှိခဲ့ရပါကြောင်း၊ ကိုဗစ်ကာလတွင် အခက်အခဲကြုံတွေ့ခဲ့ရပါကြောင်း၊ မကြာမီ လာမည့် စက်တင် ဘာ (၃ဝ)တွင် တစ်နှစ်သက်တမ်းကုန်တော့မည်ဖြစ်သည့်အတွက် နောက်ထပ် တစ်နှစ်သက်တမ်းတိုးပေးရန်အတွက် မေတ္တာ ရပ်ခံတင်ပြအပ်ပါကြောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဝင်ငွေခွန် လျော့ပေါ့နှုန်းထားများကို ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်းအသီးသီး သတ်မှတ်ခဲ့သော်လည်း Covid ကာလတွင် ဝယ်ယူသူများအတွက် ဝင်ငွေခွန် အထူးလျော့ချပေးရန် ပို၍လိုအပ်ပါကြောင်း၊ ဝယ်ယူသူများအနေဖြင့် ဝယ်ယူသည့်တန်ဖိုးငွေအားလုံး အတွက် ၃ ရာခိုင်နှုန်းထက် မပိုသောနှုန်းထား သတ်မှတ်ပေးပါရန် တင်ပြအပ်ပါကြောင်း၊ တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ပေါင်းပါက နိုင်ငံတော်အခွန်ငွေ ၇ ရာခိုင်နှုန်းရရှိမည်ဖြစ်ပါကြောင်း။ နိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များသည် နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ၊ ကပ်ရောဂါဖြစ်သည့်အခါတွင် ပြည်သူများနှင့်တစ်သားတည်း အတူနေပြီး မိမိတို့ စွမ်းနိုင်သည့်ဘက်က ကူညီဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ နိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များ COVID-19 ကာလ စီးပွားရေးနလံထူနိုင်ရန် အမှန်တကယ် လုပ်ငန်းအသစ်တည်ထောင်သူများ၊ လုပ်ငန်းတိုးချဲ့လုပ်ကိုင်လိုသူများကို ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုကော်မရှင်ရုံး (MIC)တွင် ၎င်းတို့၏ Business Plan တင်ပြ၍ တရားဝင် မှတ်တမ်းပြုပြီးပါက ၎င်းတို့ရင်းနှီးမြုပ်နှံမှုအပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးခြင်း ပြုလုပ်ပေးရန် တင်ပြအပ်ပါကြောင်း၊ ရင်းနှီးမြုပ်နှံမှုတွင် မြေကဲ့သို့ မရွှေ့မပြောင်းနိုင်သော အခြေခံပစ္စည်းပါလာပါက တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း နိုင်ငံတော်က ကောက်ခံ ရရှိမည်ဖြစ်ပါကြောင်း။ နိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီအသစ်များ များစွာထူထောင် ပေါ်ထွက်လာပါက ဝန်ထမ်းအလုပ်သမားအများစွာ အလုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နောင်လာမည့် (၂)နှစ်၊(၃)နှစ် တွင် အောင်မြင်လာမည့် နိုင်ငံသားတိုင်းရင်းသားကုမ္ပဏီအသစ်များသည် အမြတ်ခွန်များကို နှစ်ပေါင်းမြောက်များစွာ ကုမ္ပဏီမပျက်မချင်း နှစ်စဉ်အစိုးရသို့ ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားကုမ္ပဏီအသစ်များ တိုးတက်ပေါ်ပေါက်လာခြင်း၊ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့် အလမ်းများပြားလာခြင်း၊ ရေတိုရေရှည်ကာလတွင် နိုင်ငံတော်အခွန်များ တိုး တက်ရရှိခြင်း စသည်တို့သည် နိုင်ငံတော်စီးပွားတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် COVID-19 ကာလကြောင့် ကမ္ဘာနှင့်အဝန်း စီးပွားရေးကျဆင်း နေပါကြောင်း၊ ယခုနှစ် မြန်မာနိုင်ငံအပေါ်တွင်လည်း စီးပွားရေးတိုးတက်နှုန်းကို ကမ္ဘာက သုည ဒသမ ၅ GDP ရှိမည်ဟု သက်မှတ်သော်လည်း COVID-19 ကိုအခြေပြုပြီး စိတ်ဓာတ်မကျရန် လိုအပ်ပါကြောင်း၊ Zero Setting ထား၍ နိုင်ငံ၏ အတိတ်ကတိမ်းစောင်းခဲ့သော စီးပွားရေးမူဝါဒများကို တည့်မတ်ပြီး စီးပွားရေးလုပ် ငန်း များပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေများထဲမှလိုအပ်သည့် ဖြေလျှော့မှုများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ပေးမည်ဆိုပါမကြာမီ အချိန်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲရန် သေချာပါကြောင်း တင်ပြဆွေးနွေးသည်။
ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုအထိ ဆောက်လုပ်ရေးပိုင်းတွင် ကိုဗစ်ရော ဂါပြန့်ပွားမှု မရှိသေးပါကြောင်း၊ ဆောက်လုပ်ရေးပိုင်းတွင် ကိုဗစ်နှင့် ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု အားကောင်း သည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ယင်းကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း၊ လူသားများ၏ သဘာဝအရ အချိန်ကြာလာသည်နှင့်အမျှ လက်ဆေးသည့်နေရာ၊ Mask တပ်သည့်နေရာ၊ တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေရမည့် နေ ရာတို့တွင် ပေါ့ဆလာတတ်ပါကြောင်း၊ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမားများသည် လူစုပြီး ထမင်းစားခြင်း၊ စကားပြောခြင်းတို့ကို ပြုလုပ်လေ့ရှိသဖြင့် လူစုပြီးထမင်းမစားရန်၊ စကားမပြောရန် အမြဲတမ်း သတိပေးနေရပါကြောင်း၊ အခြားလုပ် ငန်းများနှင့် ရုံးဌာနများတွင် ယင်းပုံစံအတိုင်း ပြုမူဆောင်ရွက်လေ့ရှိပါကြောင်း၊ ယခုအချိန်တွင် ယင်းအပြုအမူများကို သတိထားရန် လို အပ်ပါကြောင်း၊ တောင်သူလယ်သမားများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ချိန်တွင် ခပ်ခွာခွာနေကြသော်လည်းထမင်း စားချိန်တွင် လူစုပြီးထမင်းစားခြင်းသည် ကောင်းမွန်သည့် အလေ့အထဖြစ်သော်လည်း ယခုအချိန်တွင် မပြုလုပ်ကြရန် အရေးကြီးပါကြောင်း။
အလုပ်သမားများ များပြားသည့်နေရာတွင် တစ်ဦးတစ်ယောက်သာ ရောဂါဖြစ်သွားမည်ဆိုပါက များစွာပြဿနာတက်နိုင်ပါကြောင်း၊ လူအများသို့ ရောဂါမြန်မြန်ကူးစက် သွားနိုင်ပါကြောင်း၊ ထို့ကြောင့် အားလုံးက အလေးထားရန် လိုအပ်ပါကြောင်း။ အလုပ်အကိုင်ပိုင်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီး တင်ပြသွားသကဲ့သို့ အလုပ်အကိုင် ဖန်တီးပေးရေးသည် များစွာအရေးကြီးသည့်အတွက် မိမိတို့နိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍသည် အလုပ်အကိုင်အများဆုံးပေးနိုင်သည်ကို လက်ခံပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍရှိ ဆောက်လုပ်ရေးလုပ်ငန်း ၃ မျိုးလုံးကို နည်းအမျိုးမျိုးဖြင့် အားပေးလျက် ရှိပါကြောင်း၊ တတ်နိုင်သည့်ဖက်မှ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေး အလုပ်သမားများအတွက်လည်း အကျိုးရှိမည်၊ ကိုယ်ပိုင်နေအိမ်ဖြင့် နေထိုင်ချင်သည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက်လည်း အကျိုးရှိမည်၊ မိမိအနေဖြင့် ဝန်ထမ်းများ၏ အရေးကြီးဆုံးလိုအပ် ချက်ကို မေးကြည့်သည့်အခါ ဝန်ထမ်းတော်တော်များများက ဝန်ထမ်းဘဝမှ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်နေအိမ်ဖြင့် နေထိုင်နိုင်သည့် အနေအထားရှိချင်ကြသည်ဟု ပြန်လည်ဖြေကြားကြပါကြောင်း၊ တစ်သက်လုံး ပင်ပင်ပန်းပန်းဖြင့် အလုပ်လုပ်ကိုင်ခဲ့ရပြီး အငြိမ်း စားယူသည့်အခါ မည်သို့နေထိုင်ရမည်ကို မသိသည့် အနေအထားမျိုး မဖြစ်ချင်ကြပါကြောင်း၊ မိမိအနေဖြင့်လည်း နားလည်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ပြီးသည့်အခါ အေးအေးဆေးဆေးဖြင့် အသက်ကြီးသည့်အခါ သိက္ခာရှိရှိဖြင့် နေထိုင်နိုင်ရန် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးပြီး ဆောက်လုပ်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်သည့်အတွက်လည်း ဆောက်လုပ်ရေးအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြပါကြောင်း။
ကိုဗစ်ကာလတွင် အချို့လုပ်ငန်းများ မတွင်ကျယ်ရခြင်း၏ အဓိကအကြောင်းအရင်းသည် နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ မလာနိုင်ခြင်းကြောင့်ဟု သိရှိရပါကြောင်း၊ ယခုအချိန်တွင် လိုအပ်သည့်နေရာများ၌ ပြန်လည်ဝင်ရောက်ရန် နည်းနည်းချင်း ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မိမိအနေဖြင့် တွေးမိသည်မှာ မိမိတို့နိုင်ငံတွင် ကျွမ်းကျင်လုပ်သားများရှိရန် များစွာလိုအပ်ပါကြောင်း၊ ဆောက်လုပ်ရေးဖက်တွင် အလုပ်အကိုင်ဖန်တီးရန် လွယ်ကူပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုကို မြှင့်တင်ပေးသည့်ပုံစံဖြင့် လုပ်ကိုင်စေချင်ပါကြောင်း၊ အလုပ်သင်ရင်းဖြင့် မြင့်လာသည့်သဘောဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူများ၏ အလုပ်အကိုင် အရည်အချင်း၊ ကျွမ်းကျင်မှုကို မြှင့်တင်ပေးသည့် ပုံစံမျိုးဖြင့် လုပ်စေချင်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရန် နိုင်ငံတော်ကလည်း တစ်ဖက်က တာဝန်ယူရမည်ဖြစ်ပြီး အခြားတစ်ဖက်ကလည်း လုပ်ငန်းရှင်များကလည်း တာဝန်ယူရန် လိုအပ်ပါကြောင်း၊ အလုပ်သမားများကိုယ်တိုင်လည်း ယင်းစိတ်ဓာတ်မျိုး ရှိစေချင်ပါကြောင်း။
ဆောက်လုပ်ရေးအလုပ်သမားများသည် တစ်နိုင်ငံလုံးကို ဖြန့်ပြီးသွားကြပါကြောင်း၊ မိမိ ခရီးသွားသည့်အခါ မကွေးတိုင်းဒေသကြီးအတွင်းရှိ အညာကအမျိုးများ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည်ကို နေရာတိုင်းတွင်တွေ့ရပါကြောင်း၊ လမ်း၊ အဆောက် အဦနှင့် တံတားများ ဆောက်လုပ်နေစဉ် မိမိနှင့် လမ်းမှာတွေ့၍ နှုတ်ဆက်ပါက မကွေး၊ နတ်မောက်နှင့် ရေနံချောင်းမြို့တို့မှ အများစုဖြစ်ပါကြောင်း၊ ချင်းပြည်နယ် ရောက်ခဲ့စဉ်ကလည်း မကွေးဘက်မှ လာရောက် လုပ်ကိုင်နေသူများကို တွေ့ရှိရပါကြောင်း၊ ယခုအချိန် အခါတွင် ယင်းအလုပ်သမားများသည် အိမ်ပြန်သွားကြသည့်အတွက် အလုပ်များ ကျန်ရစ်ခဲ့ပါကြောင်း၊ ကျန်ရစ်ခဲ့သည့် အလုပ်များကိုလည်း ကိုဗစ်-၁၉ ကို ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်မည့်ကာလ ရောက်သည်နှင့်အမျှ အမြန်ပြန်ပြီးစရန် လိုအပ်ပါကြောင်း။ ဒေသခံများ ၏ ဆောက်လုပ်ရေး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးပြီး အလုပ်သမားများ အလုပ်ပြန်လည်ရရှိပြီး ဝင်ငွေရရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများသည် အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံတကာချေးငွေဖြင့် လုပ်ကိုင်ရသည့် လုပ် ငန်းများရှိပါကြောင်း၊ နိုင်ငံတကာချေးငွေနှင့် ပတ်သက်ပြီး အမြဲသတိပေးခဲ့ပါကြောင်း၊ ချေးပြီး ပြန်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြန်ပေးရသည့်အခါ နိုင်ငံတကာတွင် ၂ မျိုးရှိပါကြောင်း၊ ထောက်ပံ့ငွေဖြင့် လုပ်သည့်အခါရှိသကဲ့သို့ ချေးငွေဖြင့် လုပ်သည့်အခါများလည်း ရှိပါကြောင်း၊ ချေးငွေဖြင့် လုပ်သည့်အခါ တစ်နေ့တစ်ချိန်တွင် ပြန်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ သိက္ခာအရသာမက နိုင်ငံတစ်နိုင်ငံအပေါ်တွင် စီးပွားရေးအရ ယုံကြည်မှုရှိလာရန် ချေးငွေများကို မှန်မှန်ကန်ကန် ပြန်ပေးရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများ၏ ချေးငွေများလျော်ပေးရန် အစီအစဉ်လုပ်ဆောင်နေပါကြောင်း၊ ယင်းအစီအစဉ်များ ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံများအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ မူအား ဖြင့် မိမိတို့ချေးထားသည့်ငွေကို မိမိတို့ပြန်ပြီးဆပ် နိုင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆပ်နိုင်အောင် မိမိတို့ကလည်း ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သည့်အခါ ဆောက်လုပ်ရေးလုပ်နေသည့် လုပ်ငန်းတစ်ခုသာမက မိမိတို့ နိုင်ငံ စီးပွားရေးယန္တရားလည်ပတ်မှုကို တွန်းအားပေးနေသည့် နည်းတစ်နည်းအဖြစ် စိတ်မှာထားပြီးလုပ်စေလိုပါကြောင်း၊ ကျဉ်းကျဉ်းလေး ကြည့်၍မရပါကြောင်း၊ မိမိတို့ စီးပွားရေးယန္တရားကြီး ဆက်စပ်ပြီး လည်ပတ်သွားနိုင်ရန် စဉ်းစားရပါကြောင်း၊ ထိုသို့ စဉ်းစားရာ တွင် ဆောက်လုပ်ရေးလုပ်ငန်းကို အင်မတန် အလေးထားပါကြောင်း။
ဆွေးနွေးတင်ပြချက်များသည် မိမိတို့ ပြောကြားချက်များနှင့်ကိုက်ညီပါကြောင်း၊ (၂) ရက်၊ (၃) ရက်အလုပ် မလုပ်ရပါက ပြဿနာဖြစ်သွားပါကြောင်း၊ တစ်နေ့လုပ်မှ တစ်နေ့ရပါကြောင်း၊ ယင်းကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ရေရှည်တွင် မိမိတို့၏ ပြည်သူများ၊ အလုပ် သမားများ စီးပွားရေးအရ လုံခြုံရေးဖြစ်ပါကြောင်း၊ ချမ်းသာရေးဆိုသည်မှာ နောက်တစ်ဆင့်ဖြစ်ပါကြောင်း၊ အခြေခံလုံခြုံရေး ရှိရန်လိုပါကြောင်း၊ မိမိအမြဲတမ်းပြောသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်မှုသည် လုံခြုံရေးအပေါ်တွင် ဆိုင်ပါကြောင်း၊ လုံခြုံရေးသည် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးဖြစ်ပြီး ဆက်စပ်နေပါကြောင်း၊ ဥပမာအားဖြင့် သားသမီးများ ကျောင်းတက်သည့်အခါတွင် မည်သည့်နေရာမှ စရိတ်ရှာရမည်ကို စိတ်ပူနေရပါက စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးမရှိပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးမရှိခြင်းနှင့် ဆက်နွယ်သွားပါကြောင်း။
ယင်းတို့ကို မိမိတို့အနေဖြင့် စဉ်းစားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် မိမိတို့ပြည်သူများအတွက် အထူးအစီ အစဉ်များ လုပ်ဆောင်ထားပါကြောင်း၊ ယင်းကိုလည်း အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ အခြေခံစားနပ်ရိက္ခာများ ဖြန့်ဝေပြီး နောက်ပိုင်းတွင် ငွေအရ ပံ့ပိုးခြင်းများရှိပါကြောင်း၊ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအတွက် စိတ်လုံခြုံမှု အတိုင်းအတာအထိ စိတ်ချရစေရန် နိုင်ငံမှ တတ်နိုင်သမျှ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အရေးကြီးဆုံးမှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ပုံမှန်သွားနေပြီး ပြည်သူများသည် စီးပွားရေးအရ ရုပ်ပိုင်းဆိုင်ရာအရ လုံလောက်သည်အထိ ရောက်ရန်ဖြစ်ပါကြောင်း။ ဦးဌေးလွင် ပြောသွားသည့်အချက်တွင် အသက်မွေးဝမ်းကြောင်းပညာအကြောင်း ပါဝင်ပါကြောင်း၊ လရောင်တောတွင် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ပါကြောင်း၊ စိုက်ပျိုးရေးဆိုသည်မှာ တောင်ယာလုပ်ကိုင်သည်တင်မက ပန်းခြံ၊ ဥယျာဉ် လုပ်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်ကဲ့သို့ မြို့ကြီးတွင် လမ်းဘေးတချို့နေရာတွင် သစ်ပင်များစိုက်ပျိုးထားပါကြောင်း၊ သို့သော် စိုက်ပျိုးထားသည်မှာ မလှပပါကြောင်း၊ တင့်တင့်တယ်တယ် မရှိလှပါကြောင်း၊ ယင်းမှာ စိုက်ပျိုးရေးပညာအားနည်းနေ၍ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးပညာဆိုသည်မှာ သစ်ပင်တစ်ပင်ကို အသေးမှ အကြီးဖြစ်သည်သာမက မည်သို့ပုံစံဖြင့် စိုက်မည်၊ ကြာကြာခံစေရန် မည်သို့ ဆောင်ရွက်မည်၊ မည်သည့် သစ်ပင်သည် ပို၍ အဆင်ပြေမည်၊ လမ်းတွင်ဆိုပါက အရိပ်လည်းရပြီး ကြည့်ကောင်းစေရန်၊ ကားများနှင့်လည်းလွတ်စေရန်၊ လိုအပ်ချက်အရ မည်သို့ဖြစ်အောင် လုပ်ရမည်ကို စဉ်းစားတတ်စေရန်နှင့် ပန်းများပြုစုပျိုးထောင်သည့်အခါတွင် မည်သည့်ပန်းသည် မည်သည့်နေရာတွင် စိုက်ပျိုး ၍ ကောင်းမည်ကို စဉ်းစားတတ်ရမည်ဖြစ်ပါကြောင်း၊ စားသောက်ပင်များသာမက ပတ်ဝန်းကျင်လှပရန်အတွက် ပန်းများလည်းလိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်လှပခြင်းဆိုသည်မှာ လူများ၏စိတ်ကို အေးငြိမ်းချမ်းသာစေပါကြောင်း၊ ယင်းမှာလည်း အရေးကြီးပါကြောင်း။
အသက်မွေးဝမ်းကြောင်း ပညာကျောင်းများကို မိမိအနေဖြင့် အားပေးလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်မွေးဝမ်းကြောင်း ပညာကို ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍတစ်ခုဖြစ် သွားစေလိုပါကြောင်း၊ ကမ္ဘာကြီးရှိ အတိုးတက်ဆုံးနိုင်ငံတစ်ချို့တွင် အသက်မွေးဝမ်းကြောင်း ပညာသည် တက္ကသိုလ်ပညာနှင့် တန်းတူအဆင့်ရှိပါကြောင်း၊ ပြည်သူများသည် အသက်မွေးဝမ်းကြောင်းပညာ ကျောင်းထွက်ဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရများနှင့် တန်းတူ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့်တန်းတူ သတ်မှတ်ထားခြင်းရှိပါကြောင်း၊လက်သမားနှင့် ပတ်သက်၍ ကြုံကြိုက်တိုင်း ပြောသည့်ကိစ္စတစ်ခုရှိပါကြောင်း၊ ယင်းမှာ ကမ္ဘာပေါ်တွင် အသက်မွေးဝမ်းကျောင်းပညာစနစ် အအောင်မြင်ဆုံးနိုင်ငံထဲတွင် ဆွစ်ဇာလန်နိုင်ငံပါဝင်ပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် နိုင်ငံသေးငယ်သော်လည်း ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးစနစ်တွင် အသက်မွေးဝမ်းကြောင်းပညာ များစွာအောင်မြင်ပါကြောင်း၊ အသက်မွေးဝမ်းကြောင်းကျောင်းသို့ သွားသည့် ကလေးရှိသကဲ့သို့ တက္ကသိုလ်သွားသည့် ကလေးများ ရှိပါကြောင်း၊ ယင်းကလေးများ ကြားထဲတွင် မည်သူကသာသည်ဆိုသည့် ခွဲခြားမှု မရှိပါကြောင်း။
မိမိဆွစ်ဇာလန်ရောက်သည့်အခါ အသက်မွေးဝမ်းကြောင်းပညာကျောင်းမှ ကျောင်းသားတစ်ချို့နှင့်တွေ့ချင်သည့်အတွက် စီစဉ်ပေးပါကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာ ကျောင်းတက်နေသည့် ကလေးတစ်ယောက် ပါဝင်လာပါကြောင်း၊ မတူညီသည့် အသက်မွေး ဝမ်းကြောင်းပညာကျောင်း (၄)ကျောင်းတွင် သင်ကြားသည့် ဘာသာရပ်များလည်း မတူညီပါကြောင်း၊ မိမိတွေ့ခဲ့သည့် ကလေး (၄) ယောက်တွင် ၎င်းကလေး တစ်ယောက်ကို သဘောကျပါကြောင်း၊ ၎င်းကလေးကို မည်သည့်အတွက်ကြောင့် လက်သမားပညာသင်ချင်သည်ဟူ၍ ဆုံးဖြတ်ရခြင်းကို မေးကြည့်ပါကြောင်း၊ ၎င်းက မိမိအနေဖြင့် ဂီတဝါသနာပါကြောင်း၊ ဂီတပညာရှင် ဖြစ်ချင်ပါကြောင်း၊ သို့ သော် အသက် (၁ဝ)နှစ် (၁၁)နှစ်တွင် ပါရမီ မပါသည်ကို သိရှိသည်ဟူ၍ ဖြေကြားပါကြောင်း၊ ၎င်းကလေးမှာ များစွာရင့်ကျက်ပါကြောင်း၊ ၎င်းအသက်(၁၁)နှစ်ခန့်တွင် ၎င်းကိုယ်၎င်း သိနေပြီဖြစ်ပါကြောင်း၊ သို့သော် ၎င်းသည် ဂီတကို မြတ်နိုး၍ ဂီတလောကထဲတွင် နေချင်ပါကြောင်း၊ ထို့ကြောင့် ၎င်းစိတ်ထဲတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံးတယောများ လုပ်မည်ဟု ဆုံးဖြတ်လိုက်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အကောင်းဆုံးတယောများ လုပ်ရန်မှာ အခြေခံလက်သမားပညာ စတင်သင်ကြားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လက်သ မား ပညာသင်တန်းကျောင်းကိုသွားခြင်းဖြစ်သည်ကို ပြောသည့်အတွက် မိမိအနေဖြင့် များစွာ သဘောကျပါကြောင်း၊ ၎င်းကလေးသည် အမြော်အမြင်ရှိပြီး စိတ်ဓာတ်ခိုင်မာပါကြောင်း၊ ၎င်းအနေဖြင့် ယင်းကိစ္စတစ်ခုကို လုပ်၍ရမည်၊ မရမည်ကို လူကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်စွာ စဉ်းစား၍ ၎င်းလမ်းကို ၎င်းကိုယ်တိုင် ရွေးချယ်ပါကြောင်း၊ လက်သမားအလုပ်ကို စတင်သင်ကြား၍ တစ်ဆင့်ခြင်း တက်သွားပြီး တစ်နေ့တစ်ချိန်တွင် ကမ္ဘာကျော် တူရိယာများ ထုတ်လုပ်သည့် အတတ်ပညာရှင်ကြီး ဖြစ်နိုင်သည်ဆိုသည့် ယုံကြည်ချက်လည်း ၎င်းတွင်အပြည့်အဝရှိပါကြောင်း၊ ယင်းကဲ့သို့ အသက်မွေးဝမ်းကြောင်းပညာကျောင်းများလည်း မိမိတို့နိုင်ငံတွင် တိုးပွားလာစေရန် ဆောင်ရွက်ပေးလိုပြီး ကြိုးစားနေပါကြောင်း၊ သို့သော် အချိန်အနည်းငယ်ယူရပါကြောင်း၊ ကျောင်းတစ်ကျောင်း တည်ထောင်ရန်မှာ အချိန်ယူစဉ်းစား၍ နေရာရှာပြီး လိုအပ်သည့် ဆရာ၊ဆရာမများကို ရှာရပါကြောင်း၊ သို့သော် ယင်းတို့ကိုဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လက်သမားဆရာသာမက တစ်ချိန်တစ်ခါတွင် ကမ္ဘာကျော်တူရိယာလုပ်သည့် ဆရာကြီးဖြစ်သွားနိုင်သည်ဆိုသည့် အတွေး မိမိခေါင်းထဲတွင် အမြဲရှိပါကြောင်း၊ တတ်လမ်းများစွာရှိစေမည့် ပညာရေးစနစ်ကိုလည်း ဖန်တီးပေးလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် ယခုအချိန်တွင် ပုံမှန်ဝင်ငွေမရှိသည့် အလုပ်သမားများသည် ပုံမှန်ဝင်ငွေရရှိပြီး ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု ရရှိသည့်အခြေအနေကိုလည်း ဖန်တီးပေးလိုပါကြောင်း၊ ယင်းနှင့် ပတ်သက်၍လည်း နိုင်ငံတော်မှ အတတ်နိုင်ဆုံး ဆောင်ရွက်ပါကြောင်း၊ သို့သော် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း ပါဝင်ရန် လိုအပ်ပါကြောင်း။
လုပ်ငန်းရှင်ဘက်က တင်ဒါကိစ္စ၊ အခွန်အကောက်ကိစ္စ၊ ချေးငွေကိစ္စ၊ ယင်းကိစ္စများနှင့် ဆက်နွှယ်နေသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို တင်ပြသွားပါကြောင်း၊ နိုင်ငံတော်အပိုင်းက လုပ်ပေးနိုင်သည့်ကိစ္စအားလုံးကို သုံးသပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Video Conferencing တစ်နာရီအတွင်း ပြောသည့်ကိစ္စရပ်အားလုံးကို အလေးအနက်ထားပါကြောင်း၊ ယခု ဆွေးနွေးချက်များကို သက် ဆိုင်ရာဌာနများက သေသေချာချာ ပြန်လည်သုံးသပ်ပြီး မည်သို့ ကူညီနိုင်မည်၊ နိုင်ငံတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နိုင်မည်၊ ပံ့ပိုးနိုင်မည်ကို စဉ်းစားပါကြောင်း၊ တင်ပြသွားသည့်အထဲတွင် အရေးကြီးသည့်အချက်က အလုပ်သမားများ၏ နေရေး ထိုင်ရေးပြဿ နာ၊ နေစရာမရှိသည့်ကိစ္စဖြစ်ပါကြောင်း၊ ယင်းကိစ္စအတွက် မည်သို့ ကူညီရမည်ကို လုပ်ငန်းရှင်များနှင့် နိုင်ငံတော်ဘက်က ကြည့်ရှုပေးရန် လိုအပ်ပါကြောင်း၊ နောက်တစ်ခုမှာ အလုပ်သမား သားသမီးများ၏ ပညာရေးဖြစ်ပါကြောင်း၊ ပညာရေးကို အထူးအလေးထားပါကြောင်း၊ ပညာရေးသည် မိမိတို့နိုင်ငံ၏ အနာဂတ်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူပြည်သားများ၏ ကလေးများ ပညာရေးကို မည်သို့ ပံ့ပိုးပေးနိုင်မည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ငွေရေးကြေးရေး မလုံလောက်သဖြင့် ပညာမသင်ပေးနိုင်သည့် အဖြစ်မျိုး မဖြစ်စေလိုပါကြောင်း၊ ပညာရေးစနစ်သည် မိမိတို့နိုင်ငံ၏ တကယ့်လိုအပ်ချက်နှင့် ကိုက်ညီရန်အတွက် ကြိုးစားရပါကြောင်း၊ အသက်မွေးဝမ်း ကျောင်းပညာများသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ယင်းမှာ ယခုခေတ်၏ လိုအပ်ချက်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်သည်ဆိုသည့်ခေတ်က ခေတ်ဟောင်းကြီးဖြစ်နေပြီဖြစ်ပါကြောင်း၊ စီးပွားရေးအရ အင်မတန်မှ တိုးတက်အောင်မြင်ပါသည် ဆိုသည့် အချို့နိုင်ငံများတွင် တက္ကသိုလ်ဘွဲ့ရ ပညာရေးကို အဓိကထားခဲ့သဖြင့် ပြဿနာများပေါ်လာသည်ကို ကြုံတွေ့ရပါကြောင်း၊ တက္ကသိုလ်ကရသည့် ဘွဲ့များသည် ယခုခေတ်လိုအပ်ချက်များနှင့် မကိုက်ညီဘဲဖြစ်နေပါကြောင်း။
ထို့ကြောင့် တိုးတက်ပြီးသားနိုင်ငံများက အသက်မွေးဝမ်းကျောင်းပညာဘက်ကို ပြောင်းလဲရန် ကြိုးစားနေခြင်းများရှိပါကြောင်း၊ သို့ သော်လည်း အခြေခံမကောင်းသည့်အခါတွင် သိပ်မလွယ်ကူပါကြောင်း၊ ၎င်းတို့၏ ပြည်သူများက တက္ကသိုလ်ပညာဘွဲ့ရမှ ပညာတတ်သည်ဟု သတ်မှတ်ထားပါက အသက်မွေးဝမ်းကြောင်းပညာကို အောင်မြင်တိုးတက်အောင်လုပ်ဆောင်ရာတွင် လွန်စွာ ခက်ခဲလာပါကြောင်း။
ယင်းနေရာတွင် မိမိတို့နိုင်ငံက အခွင့်သာသည်ဟု ပြောလိုပါကြောင်း၊ မိမိတို့ ပြည်သူများသည် လက်တွေ့ကျကျဖြင့် အသက်မွေးဝမ်း ကျောင်းပညာကို လိုလားကြပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာကို လူငယ်များရော၊ မိဘများကပါ လိုလားသည့်ဘက်ကို ဦး တည်နေကြောင်း တွေ့ရသည့်အတွက် နိုင်ငံအတွက်အလွန်ကောင်းသည့် လက္ခဏာဟု ယူဆပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း တတ် နိုင်သမျှ အားပေးပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် မိမိတို့ပြည်သူများသည် အလုပ်အကိုင် ၂ ရက်၊ ၃ ရက် ရပ်သွားပြီ ဆိုပါက ဒုက္ခရောက်ကြရပါကြောင်း၊ ပြည်သူများ၏ စီးပွားရေးလုံခြုံမှု၊ ဝင်ငွေလုံခြုံမှု မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားရပါကြောင်း၊ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများ ပုံမှန်ဝင်ငွေ ရရှိအောင် မည်သို့ဆောင်ရွက်ရမည်ဆိုသည့်ကိစ္စသည် ပို၍ အရေးကြီးပါကြောင်း၊ ထောက်ပံ့ပေးခြင်းသည် တစ်နည်းအားဖြင့် ကုသပေးခြင်းဖြစ်ပါကြောင်း၊ ကုသခြင်းထက် ကာကွယ်ခြင်းသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် COVID ကို ကိုင်တွယ်သည့်နေရာတွင် အတိုင်းအတာတစ်ခု အထိအောင်မြင်မှုရှိသည်ဟု ပြော၍ရပါကြောင်း ကာကွယ်ရေးကို စောစောစီးစီးကတည်းက စတင်ပြီး အာရုံစိုက်ခဲ့သည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ ဇန်နဝါရီလ ၄ ရက်တွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနက COVID ကာကွယ်ရေး ခြေလှမ်းများကို စတင်လှမ်းခဲ့ပါကြောင်း၊ COVID ကာကွယ်ရေး ခြေလှမ်းများလှမ်းရာတွင် အစောဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်ဟု ပြော၍ရပါကြောင်း၊ ထို့ကြောင့်လည်း ယခုအခြေအနေအထိ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ထိန်းချုပ်ထားရမည်ဖြစ်ပါကြောင်း။
ပြည်သူများ၏ လုံခြုံမှု၊ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန်အတွက် မဖြစ်သင့်သည်များ မဖြစ်အောင် ယခုချိန်ကစပြီး ကာကွယ်သည့် ခြေလှမ်းများကိုလည်း လှမ်းရပါကြောင်း၊ ပြဿနာဖြစ်ပြီးမှ ကုသခြင်းထက် ကာကွယ်သည်က ပိုကောင်းပါကြောင်း၊ ပုံမှန်ဝင်ငွေ မရှိသည့်အတွက် ဝင်ငွေပြတ်သွားပြီး ဒုက္ခရောက်သည့်အခါမှ ကူညီခြင်းထက် ဝင်ငွေမပြတ်အောင် မည်သို့နည်းလမ်းများ ချမှတ်ရမည်ကို နိုင်ငံတော်အစိုးရနှင့် လုပ်ငန်းရှင်များဘက်က ဝိုင်းပြီး စဉ်းစားပေးစေလိုပါကြောင်း။ မိမိတို့၏ အလုပ်သမားများဘက်ကလည်း အကြံဉာဏ်များပေးလိုလျှင် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပေးစေလိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာကျောင်းများပို၍ ဖွင့်ပေးရန်မှာ နိုင်ငံတော်၏ ဆန္ဒ၊ မူဝါဒနှင့်ကိုက်ညီပါကြောင်း၊ အမြန်ဆုံးလုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အားဖြင့်ပြောရလျှင် ဆောက်လုပ်ရေးလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် အရေးကြီးကြပါကြောင်း၊ ဆက်သွယ်ရေးသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွင်းတွင် ဆက်သွယ်ရေးကောင်းမှ စီးပွားရေးလည်း ဖွံ့ ဖြိုးနိုင်မည် ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နီးစပ်မှုရှိနိုင်မှ မိမိတို့၏ ပြည်သူပြည်သားများ ကြားထဲတွင်လည်း စည်းလုံးမှု ပိုပြီးရှိလာမည်ဖြစ်ပါကြောင်း၊ တချို့နေရာများတွင် တစ်ရွာနှင့် တစ်ရွာ တစ်မျှော်တစ်ခေါ် သွား၍မရသည့်အတွက် တစ်ရွာနှင့်တစ်ရွာ သိပ်ပြီးရင်း နှီးမှုမရှိကြပါကြောင်း၊ ဆက်သွယ်ရေးကောင်းလာလျှင် မိမိတို့ ပြည်သူများကြားတွင်လည်းပို၍ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ တိုးတက်မှုကို အားပေးရာ ရောက်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် ပတ်သက် လျှင် ပထမမှန်မှန်စားနိုင်ရန် လိုအပ်ပါကြောင်း၊ ဝတ်ရေးတွင် လှလှပပ သားသားနားနားဝတ်ခြင်းထက် သိက္ခာအရ လုံလုံခြုံခြုံဝတ်နိုင်ရန် လိုအပ်သလောက်ရှိရမည်ဖြစ်ပါကြောင်း၊ နေရေးတွင် မိမိအိမ်သို့ ပြန် သွားပြီဆိုလျှင် မိမိအတွက် လုံခြုံသည့်နေရာ၊ မိမိ၏ ပိုင်နက်ဆိုသည့် စိတ်ဓာတ်ဖြင့် ပြည်သူများ မိမိကိုယ်ကို မိမိယုံကြည်မှုရှိလာစေရန် လိုအပ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းဘက်တွင် အောင်မြင်အောင် ဝိုင်းဝန်းပြီးကူညီပေးကြသူအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း ပြောကြားသည်။
(နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 နှင့် ဆောက် လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ဆောက် လုပ်ရေးအလုပ်သမား လက်သမားအဖွဲ့ခေါင်းဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့် တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးခဲ့မှု အပြည့်အစုံကို ယနေ့ ညနေ (၆) နာရီနှင့် ညနေ (၈) နာရီသတင်းအပြီးတို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံ တင်ပြအပ်ပါသည်။)
Show More

Related Articles

Back to top button
Close