Headline NewsNewsRegion

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အာဆီယံ သံအမတ်ကြီးများအား video conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးကြိုးပမ်းမှုများ ဆွေးနွေး

နေပြည်တော် ၄ စက်တင်ဘာ ၂၀၂၀
=================================
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၅၃) ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ယနေ့နံနက် ၁၀ နာရီတွင် video conferencing စနစ်ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင် ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များနှင့် အတွေ့အကြုံများကို အပြန်အလှန်ဆွေး နွေးဖလှယ်ခဲ့ကြသည်။
အဆိုပါ video conference သို့ အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် ဘရူနိုင်းနိုင်ငံမှ သံရုံးယာယီတာဝန်ခံတို့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် COVID-19 ကူးစက်ရောဂါကြောင့် နှစ်စဉ်ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယနေ့ကျင်းပသည့် ဗီဒီယိုကွန်ဖရင့်မှ တွေ့ဆုံမှုက အာဆီယံ၏ စည်းလုံးညီညွတ်ပြီး၊ အတူတကွပေါင်းစည်းသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်စေခဲ့ကြောင်း၊ အာဆီယံ၏ပုံရိပ်ကို မြှင့်တင်ရာတွင် လည်းကောင်း၊ အာဆီယံပြည်သူများအကြား ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်ရာ တွင်လည်းကောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအသီးသီးတွင်ရှိသည့် အာဆီယံသံရုံးများ၏ အရေးပါမှုကို အသိအမှတ်ပြုကြောင်း၊ မြန်မာ နိုင်ငံသားများ နေရပ်သို့ ပြန်နိုင်ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်များ မြန်မာအစိုးရမှ စီစဉ်ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြသည့်အတွက် ရန်ကုန်မြို့အခြေစိုက် အာဆီယံသံရုံးများအား ကျေးဇူးတင်ရှိကြောင်း၊ COVID-19 ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်ကာလတွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို စံနမူနာပြုထိုက်စွာ ထမ်းဆောင်သည့် ဗီ ယက်နမ်၏ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို စုပေါင်းတုံ့ပြန်ကြရာတွင် “COVID-19 ကူးစက်ရောဂါတုံ့ ပြန်ရေးတွင် ကုန်စည်များစီးဆင်းနိုင်မှုချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ဟနွိုင်း လုပ်ငန်းစဉ်” ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် အတူတကွပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအနေဖြင့် ကူးစက်ရောဂါကို အချိန်မီတုံ့ပြန်ဆောင်ရွက်ပြီး အခြေအနေကို ပြည်သူများထံသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးလျက်ရှိသကဲ့သို့ လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၇) မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၅) မြို့နယ်တို့တွင် “နေအိမ်တွင် နေထိုင်ရေးအစီအစဉ်” များကို ချမှတ်ခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွားများ မြန်မာ နိုင်ငံသို့ ဝင်ရောက်မှုကို ကန့်သတ်ခြင်းနှင့် ပြည်ဝင်ဗီဇာထုတ်ပေးမှု ယာယီကန့်သတ်ထားရှိခြင်းတို့ကို စက်တင်ဘာလကုန်ပိုင်းအထိ တိုးမြှင့်ထားကြောင်း၊ အစိုးရအနေဖြင့် “မည်သူတစ်ဉီး တစ်ယောက်မျှ မကျန်ရစ်စေရေးမူ” ကို ကျင့်သုံးလျက် IDP များ၊ မသန်စွမ်းသူ များအပါအဝင် ထိခိုက်လွယ်သည့် လူ့အဖွဲ့အစည်းများအတွက် အဓိကရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အာဆီယံသံအမတ်ကြီးများက ၎င်းတို့၏နိုင်ငံရှိ COVID-19 ကူးစက်ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် ကူးစက် ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ၎င်းတို့အစိုးရအသီးသီး၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံသံအမတ်ကြီးများက COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အလေ့အထကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးကြရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာရန် အရေးကြီးကြောင်း၊ အခက် အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလတွင် စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အရေးပေါ်သုံးပစ္စည်းများအပါအဝင် မရှိမဖြစ် လိုအပ် သည့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်စေရန် လိုအပ်ကြောင်း၊ COVID-19 ကူးစက်ရောဂါကို တုံ့ပြန်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ကျေနပ်အားရကြောင်း၊ COVID-19 အလွန်ကာလကို COVID-19 မတိုင်မီကာလထက် သာလွန်ကောင်းမွန်စေရေးအတွက် အတူတကွဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
Show More

Related Articles

Back to top button
Close