NewsRegion

ကျောင်းသားများ အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု များပြားလာသဖြင့် အဖြေရှာပေးရန် အတိုင်ပင်ခံ တိုက်တွန်း

 

ဧရာဝတီ၊ ဇွန် ၁၂၊ ၂၀၁၉

ကျောင်းသားလူငယ်များသည် ယခုနောက်ပိုင်းတွင် အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု များပြားလာသဖြင့် ယခုကိစ္စကို သက်ဆိုင်သူများက အဖြေရှာပေးရန် လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

ဆေးလိပ်သောက်သုံးခြင်းမှာ ၂၀၀၇ ခုနှစ်တွင် ၂ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၆.၆ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း၊ ကွမ်းယာစသော အငွေ့ မထွက်သော ဆေးရွက်ကြီး သုံးစွဲမှုမှာ ၈ ရာခိုင်နှုန်း၊ အရက်သောက်သုံးမှုမှာ ၄.၃ ရာခိုင်နှုန်းထိ ရှိလာပြီး အသက် ၁၄ နှစ် မတိုင်မီ အရက်ကို စတင်သောက်သုံးသူ များလာကြောင်း ၄င်းက ပြောသည်။

ယခု အခမ်းအနားကို နေပြည်တော်တွင် ၂ ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ရာ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာ သုံးစွဲမှု ပပျောက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျော့ချနိုင်ရေး၊ ကျောင်းသားများတွင် ဂိမ်းအလွန်အကျွံ သုံးစွဲမှု ပပျောက်ရေး လုပ်ငန်းစဉ်ကို အရှိန်မြင့်တင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close