NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့် စနစ် စမ်းသပ် ကျင့်သုံးမည့် အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနား တက်ရောက်

သြဂုတ် ၉ ရက် ၂၀၁၉ ခုနှစ် သောကြာနေ့

ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့် စနစ် စမ်းသပ် ကျင့်သုံးမည့် အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီတွင် ရန်ကုန်မြို့တော် ခန်းမ၌ ပြုလုပ်ရာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က “ အဆောက်အဦတွေ ဆောက်လုပ်ရေးဟာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီး တဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အဆောက်အဦ ဆောက်လုပ် တဲ့ နေရာမှာ အခက်အခဲတွေ ရှိတယ်။ အဆောက်အဦတွေကို ဆောက် လုပ်ဖို့ အတွက် ရုန်းကန် ကြိုးပမ်း ဆောင်ရွက်တဲ့ နေရာတွေမှာ အချိန်တွေ ကြန့်ကြာနေတယ်ဆိုတဲ့ အနေအထားတွေ၊ အမျိုးမျိုး တင်ပြနေတဲ့ အသံတွေကို ကြားရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့တော်စည်ပင်သာယာရေး ကော်မတီဘက်ကနေ ရေးဆွဲပြဌာန်း ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တွေကို ကြည့်မယ်ဆိုရင် အလွန်အင်မတန် ရိုးရှင်းပါတယ်။ အလွန် အင်မတန် လွန်ကူပါတယ်။ ဒါတွေအားလုံး ကို စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွားမယ်ဆိုရင် ဘာမှ ခက်ခဲနိုင်စရာ မရှိပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ ဘာကြောင့် ခက်ခဲနေတာလဲဆိုရင်တော့ ကျွန်တော်တို့ ရထားတဲ့နေရာတွေ၊ ဝယ်ယူထားတဲ့ မြေနေရာတွေမှာ အဆောက်အဦတွေ ဆောက်လုပ်တဲ့ နေရာတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံသဏ္ဍာန်တွေ၊ ကိုယ်လုပ်ချင်တဲ့ ပုံသဏ္ဍာန် တွေကို ဖြစ်နိုင်ဖို့အတွက် မြို့တော်စည်ပင်သာယာရဲ့ ဥပဒေတွေကို နည်းလမ်းအမျိုးမျိုးနဲ့  ပြင်လွယ်ပြောင်းလွယ် ဖြစ်အောင် လာရောက် ညှိနှိုင်း ဆောင်ရွက် နေတဲ့ ကိစ္စတွေဟာ အဆိုးဆုံး ဖြစ်ပါတယ်။ ဒါဟာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုမိန့် တွေကို လျှောက်ထားတဲ့ နေရာမှာ အခက်အခဲဆုံး ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးမျိုး ဝေဖန်မှုတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက် ရင် ကျွန်တော်တို့ လူတွေနဲ့ ဆောင်ရွက်ရတဲ့ ကိစ္စရပ် ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ ဆက်ဆံမှု၊ ဝန်ထမ်းတွေနဲ့ အခြေအနေ အကြောင်းကြောင်း တွေ ကြောင့် မပြေလည်မှု ကိစ္စရပ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိကဖြစ်ပေါ်နေတဲ့ ကိစ္စရပ် က မြို့တော်စည်ပင် သာယာရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောက်လုပ်ခွင့် ပါမစ်တွေကို ဝင်လျှောက် မယ်ဆိုရင် ဘာမှ ခက်ခဲမှုမရှိနိုင်ပါဘူး။ အခုတော့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ဆောင်ရွက်ဖို့ အတွက် ကမ္ဘာ့ဘဏ် တွေရဲ့ အကူအညီ၊ (IFC) ရဲ့ အကူအညီ၊ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အွန်လိုင်း စနစ်ကနေ ဆောက်လုပ် ခွင့်ကို ဆောင်ရွက်မယ်ဆိုတာ ဒါ အလွန်ဝမ်းသာစရာ ကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

အဆောက်အဦ ဆောက်လုပ်ခွင့် ပါမစ်များ လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပထမဦးဆုံး စမ်းသပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆောက်အဦ ဆောက်လုပ်ခွင့် ပါမစ်ရပြီးသည့် နောက်ပိုင်း တွင် လည်း အဆောက်အဦများ၏ ဆောက်လုပ်နေမှု၊ အဆောက်အဦပြီးစီးမှု၊ လူနေထိုင်ခွင့်ရသည် အထိ ဆက်လက် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေး သွားမှာ ဖြစ်ကြောင်း၊ ယင်းအခြေအနေများ အောင်မြင်ထမြောက်ရန် အတွက် ရန်ကုန်မြို့၏ အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ် စနစ်တစ်ခုအား ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း၊ ယင်းစနစ် ကို pilot project တစ်ခုလို စမ်းသပ် ကျင့်သုံး မှာဖြစ်ပြီး စမ်းသပ်ကျင့်သုံးမှု အောင်မြင်ခဲ့ပါက ဆောင်ရွက်၍ရသော ပြောင်းလဲသင့်သော အနေအထားများကို စမ်းသပ်ကာလ အတွင်း ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်မှာ ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပို ရေးရှင်း (IFC) မှ Senior Private Sector Specialist and Project Leader, Mr. Jose Ricardo Silva တို့က အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အဦဆိုင်ရာ လုပ်ငန်း တာဝန်ခံအဖွဲ့၊ အတွင်းရေးမှူး ဦးတင်မောင်ကြည်က Yangon Building Permit System အား ဆောင်ရွက်ခဲ့သည့် အခြေအနေများကို လည်းကောင်း၊ အဆောက်အဦဆိုင်ရာ လုပ်ငန်း တာဝန်ခံအဖွဲ့၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သက်လွင်က Yangon Building Permit System webpage နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသ ကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရခိုင်လူမျိုး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ စည်ပင်သာယာ ရေး ကော်မတီဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

Show More

Related Articles

Back to top button
Close