Headline NewsNewsRegionSpeech

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည့်မိန့်ခွန်း

(ဗန်ကောက်မြို့၊ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)

လေးစားအပ်ပါသောဧည့်သည်တော်များရှင်-

ယခုနှစ် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးမှာ ဧည့်သည်တော် များနဲ့အတူတက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။
ယခုဆွေးနွေးပွဲကို မိမိအနေနဲ့ တတိယအကြိမ်မြောက်တက်ရောက်ခြင်းဖြစ်ပါတယ်။ ယနေ့တက်ရောက်လာကြသူများအနေနဲ့ ဒေသတွင်းမှာရှိတဲ့ အမြင်ကျယ်တဲ့ ပြုပြင်ပြောင်းလဲသူ များရဲ့ အတွေ့အကြုံများကို ကြားသိရမှာဖြစ်တဲ့အပြင်၊ စီးပွားရေးအသိုက်အဝန်းနှင့်လည်း တိုက်ရိုက် ဆွေးနွေးခွင့်ရမယ်လို့ မိမိအနေနဲ့ ယုံကြည်ပါတယ်။
ဒါ့အပြင် တတိယစက်မှုခေတ်မှ စတုတ္ထစက်မှုခေတ်ကို ကူးပြောင်းနိုင်ဖို့ ကြိုးပမ်းနေကြ စဉ်အတွင်း တွေ့ကြုံရတဲ့ စိန်ခေါ်မှုများနှင့် အလားလာတို့ကို သိရှိနိုင်ဖို့အတွက် ယခုဆွေးနွေးပွဲက တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးများ ရစေမှာဖြစ်ပါတယ်။ ဒီလိုကူးပြောင်းရာမှာ မြန်မာနိုင်ငံဟာ ကဏ္ဍအချို့မှာ နောက်ကျကောင်း နောက်ကျနေနိုင်ပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက်သစ်နိုင်ငံတစ်နိုင်ငံမှာ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများဟာ ကဏ္ဍသတ်မှတ်နိုင်သည့် အလုပ်နေရာသစ် ၅ ခုမှာ ၄ ခုကို ထောက်ပံ့ပေးလျက်ရှိပြီး၊ ကဏ္ဍသတ်မှတ်ချက်မရှိသည့် လုပ်ငန်းများ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းကို စုစုပေါင်း ၉၀ ရာခိုင်နှုန်း အထိ ဖန်တီးပေးလျက်ရှိပါတယ်။ ဒါကြောင့် ဒီနှစ်ဆွေးနွေးပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ASEAN Empowering 4.0” နဲ့အညီ ဒေသအတွင်း အလုပ် အကိုင်အခွင့်အလမ်း၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကဖြစ်တဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများကိစ္စကို အလေးထား ဆွေးနွေးဖို့ စီစဉ် ထားတာကို ကြိုဆိုပါတယ်။ မိမိတို့အနေနဲ့ ပုဂ္ဂလိကကဏ္ဍ မိတ်ဖက်များ ဆွေးနွေးနိုင်ရေး ပံ့ပိုးပေးလျက်ရှိပြီး၊ အာဆီယံ စီးပွားရေးပေါင်းစည်းမှု ကြိုးပမ်းရာမှာ အားဖြည့်ပေးလျက်ရှိတဲ့ အာဆီယံ စီးပွားရေး အကြံပေးကောင်စီရဲ့ ဆောအခန်းကဏ္ဍကို အသိအမှတ်ပြုလိုပါတယ်။

အဆွေတော်များရှင်
လွန်ခဲ့တဲ့နှစ်များအတွင်း မိမိအနေနဲ့ အာဆီယံဒေသတွင်းနဲ့ ဒေသပြင်ပနေရာများစွာ လေ့လာခွင့်ရရှိခဲ့တာဖြစ်လို့၊ မြန်မာနိုင်ငံအနေနဲ့ အနာဂတ်ကာလအတွက် အင်အားပြည့်တဲ့ “Myanmar 4.0” ကို ဖန်တီးနိုင်ဖို့ မိမိတို့ရဲ့လုပ်သားအင်အားစုရဲ့ အရည်အချင်း မြှင့်တင်ပေးခြင်းနဲ့ အရည်အချင်းအသစ်များ သင်ကြားပေးနိုင်ဖို့ အားထည့်ဆောင်ရွက်ရမှာဖြစ်တယ် ဆိုတာ ကောင်းစွာ သဘောပေါက်ပြီးဖြစ်ပါတယ်။ အဲ့လိုမြှင့်တင်ပေးမှသာလျင် “ASEAN 4.0” ရဲ့ အနာဂတ်နည်းပညာနဲ့ စျေးကွက် လိုလားချက်များနဲ့ ကိုက်ညီနိုင်မှာဖြစ်ပါတယ်။
ဒီလိုကြိုးပမ်းမှုတွေ အောင်မြင်ရေးဟာ စဉ်ဆက်မပြတ်နဲ့ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးမှုမျိုးကို အာမခံပေးနိုင်တဲ့ ပုဂ္ဂလိကဏ္ဍရဲ့ စွမ်းဆောင်ရည်အပေါ် များစွာမူတည်နေပါတယ်။ ဒါ့အပြင် ကြီးမားတဲ့အပြောင်းအလဲများအောက်မှ အားလုံးပါဝင်နိုင်ပြီး အကျိုးအမြတ်ဖော်ဆောင်နိုင်မှသာ ရှင်သန်အောင်မြင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဟာ အသွင်ကူးပြောင်းရေးမှာ ရှေ့တန်းက ပါဝင်လျက်ရှိပါတယ်။ မိမိတို့ရဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းများဟာ ပြည်တွင်းစီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း သာမက တီထွင်ဆန်းသစ်မှု၊ ဖွံ့ဖြိုးမှု၊ ဆင်းရဲမှုလျှော့ချရေး လူ့စွမ်းအား ဖွံ့ဖြိုးရေးတို့အတွက်လည်း အလွန်အရေး ပါတဲ့ အဓိကအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ကဏ္ဍရပ် ကြံ့ခိုင်စေဖို့ မိမိတို့အနေနဲ့ အများပါဝင်နိုင်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးနိုင်မဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ခေတ်နဲ့အမီ လိုက်နိုင်ပြီး၊ နည်းပညာအသစ်များရဲ့ အခွင့်အလမ်းများရယူနိုင်ဖို့ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ပတ်ဝန်းကျင် ကောင်းများ စီမံပေးထားပါတယ်။

အဆွေတော်များရှင်
ယနေ့အချိန်မှာ ကမ္ဘာလုံးတစ်ဝန်း လူမှုရေးနဲ့ နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းမှုများကို မိမိတို့ အနေနဲ့ မျက်မြင်ကြုံတွေ့နေရပါတယ်။ ဒီပြောင်းလဲမှုတွေဟာ နည်းပညာများပေါင်းစပ်မှုနဲ့ ရုပ်ပိုင်း၊ ဒစ်ဂျစ်တယ်နဲ့ ဇီဝနယ်ပယ် တို့အကြား ကွဲပြားမှုတွေကို မှေးမှိန်စေလျက်ရှိပါတယ်။ ဒီအပြောင်းအလဲတွေဟာ နည်းပညာနဲ့ ထုတ်လုပ်မှု ကွန်ယက်များရဲ့ ဆောင်ရွက်ချက်များကို မြှင့်တင်ပေးပြီးနယ်ပယ် ကန့်သတ်ချက်များကို ပယ်ဖျက်နိုင်မှုများ ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုဟာ အရေးပါသည့်အခွင့်အလမ်းများ ပေးလျက်ရှိပါတယ်။အထူး သဖြင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေကြားမှာ ရှင်သန်နိုင်ဖို့ မလွယ်ကူဘူးဆိုတာကို မြန်မာနိုင်ငံက ကောင်းစွာ သိရှိနားလည်ပါတယ်။ ယနေ့ချိန်ဟာ မည်သည့်အခါကနဲ့မတူ ပိုမိုခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။
ပြီးခဲ့တဲ့လက အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အနေနဲ့ ကမ္ဘာ့စီးပွားရေး သုံးသပ်ချက်ကို အဆင့်လျော့ကျခဲ့ပြီး ၂၀၁၉ နှောင်းပိုင်းမှာလည်း တစ်ကမ္ဘာလုံးဖွံ့ဖြိုးမှု ဆက်လက်နှေးကွေးနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအခြေအနေဟာ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်း နောက်ပိုင်း ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးအနေအထားလည်းဖြစ်ပါတယ်။ အတိတ်ကာလမှာဆိုရင် အာရှဒေသဖွံ့ဖြိုးမှုအပေါ် တစ်ကမ္ဘာလုံးက မျှော်လင့်ချက် ထားခဲ့ကြသော်လည်း ယခုကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ ၂၀၁၈ ခုနှစ်မှာ ဒေသတွင်း ဖွံ့ဖြိုးမှု ၆.၃ ရာခိုင်နှုန်းမှ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တို့မှာ ၅.၉ ရာခိုင်နှုန်းအထိ လျော့နည်းခန့်မှန်းထားပါတယ်။ အာရှ ဘဏ္ဍာရေး အကြပ်အတည်းပြီးနောက် မိမိတို့ရဲ့ဒေသတွင်းတိုးတက်မှုနှုန်းထား ၆ ရာခိုင်နှုန်း အောက် ကျဆင်းမယ်လို့ ခန့်မှန်းခဲ့တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ လက်ရှိမှာ ဒေသတွင်း တိုးတက်မှု နှေးကွေးနေသော်လည်း အရှေ့တောင်အာရှဒေသရှိ နိုင်ငံများရဲ့စီးပွားရေးတိုးတက်မှုဟာ အာဆီယံ ၄.၀ ကို ရင်ဆိုင်နိုင်မဲ့ အခြေအနေကောင်းမှာ ရပ်တည်လျက်ရှိတယ်လို့ ယုံကြည်ပါတယ်။

အဆွေတော်များရှင်
မြန်မာနိုင်ငံသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း သတိရှိစွာဖြင့် အကောင်းမြင် ဝါဒကို ဆုပ်ကိုင်နိုင်ဆဲဖြစ်ပါတယ်။
အဆွေတော်တို့ သိရှိတဲ့အတိုင်း၊ မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့ပြောင်းလဲမှုများ တစ်ပြိုက်နက်ထဲကြုံတွေ့လျက်ရှိပါတယ်။ ဒီကူးပြောင်းမှုများဟာ စတုတ္ထမြောက်စက်မှု အသွင် ကူးပြောင်းမှုများနှင့်အလားတူ နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှု-စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်လျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူနဲ့ အမှုဆောင် ဥက္ကဋ္ဌ ဖြစ်သူ Klaus Schwab က စတုတ္ထမြောက် စက်မှု အသွင်ကူးပြောင်းရေးဆိုတဲ့ စကားလုံး ကို မိတ်ဆက်ပေးခဲ့ပြီးနောက်များမကြာမီ ဒီမိုကရက်တစ်မြန်မာနိုင်ငံတော်သစ်ကို မိမိတို့ အစိုးရ တာဝန်ယူခဲ့သည့် အချိန်အခါလည်းဖြစ်ပါတယ်။ ထိုစဉ်ကတည်းက မိမိတို့အစိုးရဟာ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် မိမိတို့နိုင်ငံနဲ့ လူငယ်များအသင့်ဖြစ်စေပြီး စဉ်ဆက်မပြတ်နဲ့ အားလုံးပါဝင်သော စီးပွားရေး တိုးတက်မှုများကို အားပေးကာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေး ဘက်ညီအောင် ဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ရဲ့ စုပေါင်းကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံဟာ စီးပွားတိုးတက်နှုန်း ၆ မှ ၇ ရာခိုင်နှုန်းအတွင်း နှစ်စဉ်ထိန်းသိမ်းထားနိုင်လျက်ရှိပါတယ်။ ဒီနှုန်းဟာ အာရှဒေသတွင် အမြန်ဆုံး တိုးတက်မှုနှုန်းလည်းဖြစ်ပြီး စီးပွားရေးတည်ငြိမ်မှုကို မထိခိုက်စေတဲ့အနေအထားနဲ့ ဆက်လက် ထိန်းသိမ်းထားပါတယ်။ လက်ရှိ ကောင်းမွန်တဲ့ စီးပွားရေးအခြေအနေကို အသုံးပြုပြီး နိုင်ငံရှိ ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ မြှင့်တင်ခြင်း၊ တီထွင်ကြံဆမှုနှင့် သုတေသနလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံဖို့ တွန်းအားပေးခြင်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများကို အားပေးခြင်းတို့ကတစ်ဆင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်သွားဖို့ မိမိတို့အနေနဲ့ သန္ဓိဋ္ဌာန်ချထားပါတယ်။ ဒီကြိုးပမ်းမှုတွေကို ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနဲ့ အပြည့်အဝကိုက်ညီပြီး၊ အားလုံးပါဝင်သော လူမှု-စီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွ ပါရှိတဲ့ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP) က ဦးဆောင်ပေးလျက်ရှိပါတယ်။
ဒီစီမံကိန်းဟာ အနာဂတ် ပြုပြင်ပြောင်းလဲမှုများအားလုံးအတွက် စုစည်းညီညွှတ်တဲ့ လမ်းပြ မြေပုံတစ်ရပ်ဖြစ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးမှုလမ်းစဉ်အသစ်စတင်နိုင်ဖို့ လမ်းညွှန်ပေးနေပါတယ်။

အဆွေတော်များရှင်
ဒီစီမံကိန်းနဲ့အတူ အာဆီယံအတွင်း ပေါင်းစည်းရေးဆောင်ရွက်ရင်း ဒေသဆိုင်ရာ တန်ဖိုးကွင်းဆက်များ၊ ပြည်သူအချင်းချင်း ဆက်သွယ်မှုများနဲ့ ဆိုက်ဘာနည်းပညာများကို ထိရောက်စွာ အသုံးချပြီး မြန်မာ ၄.၀ ဟာ ပြည်သူများအနေနဲ့ ပုံစံသစ်နဲ့ ငွေကြေးပေးချေတဲ့ စနစ်များအသုံးပြုနိုင်အောင် ပံ့ပိုးသွားမှာဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး အဆုံးအစမဲ့ သတင်းအချက်အလက်များကို သင်ယူမှုနည်းလမ်း အသစ်များမှ ရယူနိုင်ကြတော့မှာဖြစ်ပါတယ်။ စမတ်ဖုန်းတွေနဲ့ အားဖြည့်ထားတဲ့ (telemedicine)ဟာလည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို များစွာပြောင်းလဲစေမှာဖြစ်ပါတယ်။ ယခင်က ဘဏ္ဍာရေးနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ အထောက်အပံ့မရရှိခဲ့တဲ့ မိမိတို့ရဲ့ အငယ်စား အသေးစားနဲ့ အလတ်စား လုပ်ငန်းများ (MSMEs)ဟာ မိမိတို့ စိတ်ကူးနိုင်သည့်အတိုင်း နယ်နိမိတ် များကို ဖြတ်ကျော်ပြီး ကုန်သွယ်နိုင်တော့မှာဖြစ်ပါတယ်။ မိမိတို့ ဒေသရှိစီးပွားရေးအသိုက်အဝန်းများတွင် လက်ရှိမြင်တွေ့နေရပြီးဖြစ်တဲ့အတိုင်း အာဆီယံ နည်းပညာမြှင့်တင်မှုဟာ လူ့စွမ်းရည်မြှင့်တင်မှုအတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်။ သို့သော် မိမိတို့ရဲ့ ရုပ်ပိုင်းနဲ့ ဒီဂျစ်တယ် နည်းပညာပိုင်း ပေါင်းစည်းလာခြင်းကြောင့် တစ်ခါတစ်ရံမှာ မိမိတို့အားလုံးရဲ့ ရှင်သန်မှုအစိတ်အပိုင်းအားလုံးဟာ ဒီဂျစ်တယ်ပုံစံကို ပြောင်းလဲ နေပြီလို့ ခံစားရပါတယ်။ သမိုင်းအခြေအနေကြောင့်ဖြစ်စေ စိန်ခေါ်မှုအသစ်များကြောင့်ဖြစ်စေ နောက်ကျကျန်ခဲ့တဲ့ အသိုက်အဝန်းများနဲ့ နိုင်ငံများအတွက် ယခုပြောင်းလဲမှုတွေဟာ မသေချာမှုများစွာ ယူဆောင် လာပါတယ်။ အသွင်ကူး ပြောင်းမှုတိုင်းဟာ မသေချာမရေရာမှုတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ (၄)ဦးမှာ (၃)ဦးဟာ ဘဏ်စာရင်းမရှိဘဲ ၊ ပြည်သူ (၅) ရာခိုင်နှုန်းသာ အကြွေးဝယ်ကဒ်များ ကိုင်ဆောင်နိုင်ကြပါတယ်။ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်း ကဏ္ဍမှာ ဖြေလျော့မှုများတွင် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်း (red tape)တွေကို ဖယ်ရှားပေးခြင်းဖြင့် ဖွံ့ဖြိုးမှုကွာဟချက်ကိုလျော့ချပေးပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များအဖြစ် ပြောင်းလဲ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ဒေသဟာ ဒီဂျစ်တယ်နည်းပညာကို ပိုမိုမှီခိုလာတာနဲ့အမျှ     ပုဂ္ဂလိကနဲ့ ပြည်သူ့ကဏ္ဍ အလုပ်အကိုင်များရဲ့ ပုံစံများလည်း အချိုးညီလိုက်ပါပြောင်းလဲလာမှာဖြစ်ပါတယ်။ မှတ်ဉာဏ်တုနဲ့ နည်းပညာမြင့်စက်ရုပ်များသည် လက်ရှိ မိမိတို့ရဲ့ စက်မှု၊ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍများသို့ ဝင်ရောက်ရာတွင် အဟန့်အတားများ ပေါ်ပေါက်လာနိုင်ပါတယ်။ လူသားများနဲ့ စက်ရုပ်များရဲ့ အားသာချက်အသီးသီးကို ရှာဖွေဖော်ထုတ်သွားဖို့လိုပါတယ်။ မိမိတို့အနေနဲ့ စက်ယန္တရားများနဲ့ အတူတကွပူးပေါင်းရမှာဖြစ်ပါတယ်။ ဆန့်ကျင်ရမှာမဟုတ်ပါဘူး။ နေရာတိုင်းမှာ ကြိုတင်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့လျှင် ကျရှုံးဖို့ ပြင်ဆင်ထားသလိုဖြစ်ပါမယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီစိန်ခေါ်မှုများအား ရင်ဆိုင်သည့်အခါ အာဆီယံနဲ့ ဒေသတွင်း မိတ်ဖက်များ နှင့်အတူ ရှိနေတဲ့အတွက် ကံကောင်းပါတယ်။

အဆွေတော်များရှင်
သန်းပေါင်း (၆၅၀) နီးပါးရှိတဲ့ ပြည်သူအများစုရဲ့နေအိမ်ဖြစ်တဲ့ အာဆီယံဟာ လုပ်သားအင်အားများစွာရှိရာ အသွင်ကူးပြောင်းမှုကြောင့် လူသားအရင်းအမြစ်နဲ့ စီးပွား ဖွံ့ဖြိုးတိုးတက်မှုပေါ် ရိုက်ခက်လာနိုင်တဲ့ အခြေအနေတွေကို အလေးထားစဉ်းစားရမှာဖြစ်ပါတယ်။
ဒီဂျစ်တယ်နည်းပညာမြင့်တက်မှုဟာ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးစီးဝင်မှု လုပ်ငန်းစဉ်အပေါ် ကြီးမားစွာ ရိုက်ခက်မှာဖြစ်တဲ့အတွက် အနာဂါတ်မှာ လိုအပ်လာမယ့် လုပ်သားများ၏ စွမ်းရည်ဟာ ယနေ့လုပ်သားများရဲ့ စွမ်းရည်နဲ့ များစွာ ကွာခြားနေမှာဖြစ်ပါတယ်။ ပြောင်းလဲမှု၏ အခွင့်အလမ်းကောင်းကို ရယူနိုင်ဖို့အတွက် အနာဂါတ်မှာ ပုံပေါ်လာမယ် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မိမိတို့အနေနဲ့ မိမိတို့ရဲ့ လူမှုအသိုက်အဝန်းများကို အစဉ်အမြဲ သင်ယူလေ့လာ လျက်ရှိတဲ့ လူမှုအသိုက်အဝန်းများဖြစ် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ အနာဂါတ်အလုပ်အကိုင်ဈေးကွက်မှာ ကျွမ်းကျင်မှုလိုအပ်ချက်နဲ့ ကျွမ်းကျင်လုပ်သားရရှိနိုင်မှု အားနည်းတဲ့အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့အတွက် ပုဂ္ဂုလိကနှင့် အစိုးရ ပူးပေါင်းကာ မျိုးဆက်သစ်လုပ်သားများအတွက်ကျွမ်းကျင်မှုကို မြှင့်တင်သွားဖို့ လိုပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဟာ အရည်အသွေး၊ နည်းပညာ၊ အခြေခံ အဆောက်အအုံ၊ ကုန်ကျစရိတ်လျှော့ချခြင်းနဲ့ စီးပွားရေးလုပ်ငန်း ရေရှည်တည်တံ့မှု အလေ့အကျင့်များကို ဖော် ဆောင်ရာမှာ အထောက်အကူပြုမှာ ဖြစ်စေပြီး၊ စီးပွားရေးလုပ်ငန်းများ စက်မှုအသွင်ကူးပြောင်းမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးပေးမှာဖြစ်ပါတယ်။

အဆွေတော်များရှင်
မြန်မာနိုင်ငံအနေနဲ့ စက်မှုအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ရဲ့ အစပိုင်းမှာသာရှိနေပေမဲ့ မိမိတို့ဟာ အသင့်ဖြစ်အောင် ပြင်ဆင်နေပါတယ်။ လွန်ခဲ့သည့် (၈)နှစ်က မိမိတို့ ပြည်သူရဲ့ (၁)ရာခိုင်နှုန်းအောက်သာ အင်တာနက် အသုံးပြုနိုင်ခဲ့ပြီး ဒီနေ့မှာတော့ မြန်မာနိုင်ငံဟာ SIM CARD သုံးစွဲမှု (၁၀၅)ရာခိုင်နှုန်းနဲ့ စမတ်ဖုန်း အသုံးပြုမှု (၈၀)ရာခိုင်နှုန်းရှိပြီး ဒေသတွင်း မိုဘိုင်းအင်တာနက်ကွန်ယက် ကြီးထွားမှု အမြန်ဆုံး နိုင်ငံများထဲမှာ တစ်နိုင်ငံဖြစ်လာပါတယ်။ မိမိတို့ရဲ့ 4G ကွန်ယက် Download မြန်နှုန်းဟာ ကမ္ဘာ့စာရင်းအချက် အလက်များရဲ့ ထိပ်တန်းတွင်ပါရှိပါတယ်။ ဒီတိုးတက်မှုကို ဆက်လက်တည်မြဲစေဖို့ မိမိတို့အနေနဲ့ ၂၀၂၂ ပြည့်နှစ်အမီ ပြည်သူအားလုံး ခေတ်မီဆက်သွယ်ရေးစနစ်တွေကို အသုံးပြုနိုင်အောင် Universal Service Strategy ကိုချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီ ယူနီကုဒ်ဖောင့်စနစ်ကို မကြာသေးမီက စတင် အသုံးပြု နိုင်ခဲ့ခြင်းကလည်း အင်တာနက်စာမျက်နှာတွေမှာ မြန်မာ ဘာသာစကားကို အသုံးပြုရေးသားခြင်း/ ဖော်ပြခြင်း (Digital Content Development and Delivery) နဲ့ နိုင်ငံအချင်းချင်းနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပိုမိုအဆင်ပြေ ချောမွေ့စေမှာဖြစ်ပါတယ်။ အဲဒီဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ 5G အင်တာနက်စနစ်ကို စတင်အသုံးပြုနိုင်ခဲ့ခြင်းတို့ကလည်း Smart Homes ၊ Smart Factories အစရှိတဲ့ အင်တာနက်စနစ်ကို လူနေမှုဘဝမှာ အသုံးချ (Internet of Things) တဲ့နေရာမှာ ဆန်းသစ်တီထွင်မှုရှိတဲ့ နည်းပညာ အသစ်တွေကို အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ အားလုံးကမျှော်လင့်ထားတဲ့အတိုင်းပဲ မိမိတို့နိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်စွမ်းရည်ရှိတဲ့ လူငယ် တွေကလည်း ဒီနည်းပညာတိုးတက်မှုတွေကနေပြီး အကျိုးအမြတ်ရမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ မိမိတို့နိုင်ငံကလူငယ်တွေဟာ နိုင်ငံအတွင်းနဲ့ ဒေသတွင်း Makerthons ၊ Hackthons နဲ့ Roboleagues ပွဲတွေကိုလည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်မှ ကျောင်းသားအဖွဲ့ဟာ အာဆီယံ Makerthons ပြိုင်ပွဲမှာဆုရရှိခဲ့ဖူးပါတယ်။ အခြားအဖွဲ့တစ်ခုဟာလည်း ၂၀၁၇ ခုနှစ်က ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ First Global Robotics Challenge မှာ ပါဝင်ခဲ့ပြီး၊ အာဆီယံနိုင်ငံများအကြား ထိပ်ဆုံးဆုရရှိခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေအပေါ် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ အာရှတိုက်ရဲ့ စပါးကျီလို့ တစ်ချိန်တစ်ခါက တင်စားခံခဲ့ရတဲ့ မိမိတို့ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကလည်း လုပ်သားအင်အားရဲ့ ၅၃ ရာခိုင်နှုန်းခန့်ကို အလုပ် အကိုင်များ ပေးစွမ်းနိုင်ပြီးတော့ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေး လျက်ရှိပါတယ်။ နည်းပညာ ရဲ့ တိုးတက်ပြောင်းလဲမှုတွေက လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း မျက်နှာသာ မပေးခဲ့ပါဘူး။ ကျေးလက်ဒေသတွေမှာ အငယ်စား၊ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းများ ထွန်းကားလာမှုဟာ ကျေးလက်နေပြည်သူတွေအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပြင်ဘက်က အခွင့်အလမ်းတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။ မိမိတို့အနေနဲ့ ကျေးလက်ဒေသအတွက် ချေးငွေတွေကိုလည်းစနစ် တကျ ဖြစ်အောင် ပြန်လည် စီမံခဲ့တဲ့အတွက် တရားမဝင်ချေးငွေတွေ အတွက် အတိုးနှုန်းတွေကလည်း သိသိသာသာ ကျဆင်းလာပါတယ်။ အဲဒီစီမံကိန်းရလဒ်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသနဲ့ အပူပိုင်းဒေသတွေမှာရှိတဲ့ လုပ်ခ လစာတွေက ၄၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါတယ်။ ဒါတင်မကပဲ တောင်သူလယ်သမားတွေ၊ အငယ်စား၊ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ အနေနဲ့ အခွင့်အရေးများစွာ ရရှိနေပါတယ်။ ၂၀၁၃ ခုနှစ်ခန့်က သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ အရင်းအနှီး စိုက်ထည့် နိုင်ခြင်းမရှိခဲ့ပေမဲ့ ယခုအခါမှာ သူတို့ရဲ့ လယ်မြေရဲ့ ၅၀ ရာခိုင်နှုန်းခန့်မှာ အရင်းအနှီး စိုက်ထည့်နိုင်ခဲ့ပြီး သူတို့ရဲ့အခွင့်အရေးတွေလည်း တိုးတက်လာတာကို မြင်နိုင်ပါတယ်။ စတုတ္ထ သို့မဟုတ် တတိယ စက်မှုအသွင်ကူးပြောင်းခြင်းဖြင့် အလျင်အမြန် ပြောင်းလဲနေတဲ့ ကာလအတွင်း နည်းလမ်းကောင်းများဖြင့် မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးကဏ္ဍ အသွင်ကူးပြောင်းလာခြင်းကို မျက်မြင်တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံရှိ လူငယ်တွေအတွက် အကျိုးကျေးဇူးရှိတဲ့ တီထွင်မှုနှင့် နည်းပညာဆိုင်ရာ ဦးဆောင်သူများ ဖြစ်လာစေဖို့ အားပေးဆောင်ရွက်လျက်ရှိပါတယ်။
မိမိပြောကြားခဲ့တဲ့အတိုင်း hackathonပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လူငယ်များဟာ စိမ်းလဲ့မြေ(Sein Lae Myay) လယ်ယာနည်းပညာသုံးပရိုဂရမ်ကို တီထွင်ခဲ့ပြီး၊ ယင်းပရိုဂရမ်ဟာ ကျေးလက်နေတောင်သူများအတွက် လယ်ယာထွက်ကုန်၊ ဓာတ်မြေဩဇာ နဲ့ စက်ပစ္စည်းဆိုင်ရာ သတင်းအချက်အလက်များကို ဝယ်သူနဲ့ရောင်းသူများအကြား ချိတ်ဆက်ပေးနိုင်မဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ တီထွင်ကြံဆမှုနဲ့ ဖန်တီးနိုင်စွမ်းတို့အတွက် အစိုးရအနေနဲ့ ဆက်လက်အားပေးသွား မှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက် အဦ ပိုင်းမှာ အဓိက ရင်းနှီးမြှုပ်နှံမှု အနေနဲ့ မြန်မာနိုင်ငံပိုင် ကမ္ဘာ့လေ့လာရေးဂြိုဟ်တု Myanmar Set 2 ကိုလွတ်တင်ခဲ့ပြီးဖြစ်ရာ ဝေးလံသောဒေသအပါအဝင် တစ်နိုင်ငံလုံးရဲ့ ပေါင်းစပ်ဆက်သွယ်မှုကို တိုးမြှင့်စေမှာဖြစ်ပါတယ်။

အဆွေတော်များရှင်
မြန်မာနိုင်ငံကိုလာရောက်မဲ့ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ဖို့ မိမိတို့၏ မူဝါဒပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦ တွေကို မြှင့်တင်နိုင်အတွက် ကြိုးပမ်းလျက်ရှိပါတယ်။ ဥပမာပြရမယ်ဆိုရင် လုပ်ငန်းစီမံကိန်းများ လေ့လာရာမှာ လွယ်ကူစေပြီး၊ တင်ဒါများ ခေါ်ယူရာမှာလည်း ပွင့်လင်းမြင်သာမှုနဲ့ ပြိုင်ဆိုင်မှုကောင်းမွန်စေမဲ့ Project Bank နဲ့ နိုင်ငံပိုင် မြေကွက်များ၊ ပစ္စည်းများ ငှားရမ်းရာမှာ အီလက်ထရောနစ်စနစ်နဲ့ လျှောက်ထားနိုင်မည့် Land and Property Bank စနစ် တို့ကိုလည်း စတင်နေပြီဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများအတွက် လျှင်မြန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ မိမိတို့အနေနဲ့ Single Window စနစ်ကို စတင်အသုံးပြုနေပြီဖြစ်ပြီး၊ ဒီစနစ်ကတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများအနေဟာ အစိုးရရုံးအများအပြားကို သွားရောက်ရန်မလိုပဲ၊ တစ်နေရာထဲတွင် ခွင့်ပြုမိန့်များ၊ လိုင်စင်များကို ရရှိနိုင်ပြီဖြစ်ပါတယ်။ Single Window စနစ်၏ အောင်မြင်မှုကို သီလဝါအထူးစီးပွားရေးဇုန်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာ အထင်အရှားတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့အခြားစီးပွားရေးဇုန်များတွင်လည်း ဆက်လက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးပြုပြင်ပြောင်းလဲ မှုတွေဆောင်ရွက်နိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ Doing Business Star Reformer Award ရရှိခဲ့ပြီး၊ ယခုနှစ်မှာလည်း စီးပွားရေးလုပ်ငန်းတွေ လွယ်ကူစွာလည်ပတ်နိုင်ရန် ပံ့ပိုးပေးနိုင်ဆုံး နိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံပါဝင်ပါတယ်။ ဒီလိုကြိုးပမ်းမှုများနှင့် လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း ဖော်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံက နှစ်အနည်းငယ်အတွင်းမှာပင် Ease of Doing Business Index မှာ ၁၇ ဆင့်တိုးတက်သွားသည်ကို တွေ့မြင်နိုင်ပါတယ်။

အဆွေတော်ရှင်
တတိယမြောက် စက်မှု အသွင်ကူးပြောင်းရေးမှ ပေါ်ထွန်းလာသော အသစ်အသစ်သော နည်းပညာ များဟာ ယခုစတုတ္ထမြောက်စက်မှု အသွင်ကူးပြောင်းရေးကို ဦးတည်စေခဲ့ပါတယ်။ ဒီလို ကူးပြောင်းလာတာနဲ့အမျှ နိုင်ငံများအားလုံးအနေနဲ့ နည်းပညာအသစ်များရဲ့ အကျိုး သက်ရောက်မှုကို ခံစားရမှာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုလှိုင်းနဲ့အတူ လိုက်ပါကူးခတ်နိုင်မဲ့ နိုင်ငံများဟာ အကျိုးများမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနှင့် အာဆီယံမှာရှိတဲ့ ပညာရှင်များ၊ လူ့အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် အာဆီယံ ၄.၀ ကို လိုက်ပါ ဆောင်ရွက်သွားရန် မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပံ့ပိုးပေးကြတဲ့အတွက် အားလုံးကို လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အဆွေတော်တို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လမ်းချမ်းမြေ့ပါစေ။

Show More

Related Articles

Back to top button
Close