Headline NewsNewsRegion

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019 အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

ရန်ကုန် နိုဝင်ဘာ ၁၆

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) က ကြီးမှူး ကျင်းပသည့် စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019 အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ      မြင့်ထွေး၊ ဦးသောင်းထွန်း နှင့် ဦးကျော်တင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဦးလှမိုးအောင်နှင့် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် အသင်း သားများ၊ ပြည်တွင်း ပြည်ပ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း (MYEA) မှ ဆုရလူငယ်များအကြောင်း ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကိုပြသပြီး အကယ်ဒမီ ဓိရာမိုရ် ဦးစီးသည့် ဂီတကဗျာအဖွဲ့နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း (MYEA) မှ လူငယ်များက MYEA Theme Song ဖြစ်သည့် အောင်မြင်သော ခရီး တေးသီချင်းဖြင့်သီဆိုကပြဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က အမှာ စကားပြောကြားရာတွင် “ဒီနေ့ကျင်းပတဲ့ အခမ်းအနားဟာ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များအသင်းရဲ့ စတုတ္ထအကြိမ် ညီလာခံဖြစ်ပါတယ်။ အရင်ကျင်းပ ခဲ့တဲ့ အခမ်းအနား ၃ ကြိမ်ကိုလည်း ကျွန်မ နှစ်စဉ်တက်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေအပေါ် အပြည့်အဝယုံကြည်မှုနဲ့ အားပေးခဲ့တာ ဖြစ်ပါ တယ်။

မနှစ်က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ လူငယ်တွေ အနေနဲ့ နိုင်ငံကို အေးချမ်းသာယာအောင် ကြိုးပမ်းဆောင် ရွက်နေတဲ့ လုပ်ငန်းစဉ် တွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့၊ အထူးသဖြင့် နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ လက်တွဲပြီး ဟန်ချက်ညီညီနဲ့ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒီလို လုပ်ဆောင်ရာမှာလည်း တိုးတက်နေတဲ့ နည်းပညာတွေကို အခြေခံပြီးနိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြဖို့အပြင် ထုံးတမ်းအစဉ်အလာအရ တန်ဖိုးထားခဲ့ရတဲ့ အလေ့အထ တွေကိုလည်း ထိန်းသိမ်းပြီး ခေတ်နဲ့အညီ တီထွင်ကြံဆလုပ်ကိုင်နိုင်ဖို့ကို တိုက် တွန်းခဲ့ပါတယ်။ လူငယ်တွေမှာ ကျွန်မတို့ လူကြီးတွေထက် ပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ တီထွင်ဖန်တီးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့က အတိတ်ကတန်ဖိုးရှိ တဲ့ ကိစ္စတွေကိုလည်း မေ့လို့မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှု အစဉ် အလာတွေထဲက ကောင်းနိုးရာရာတွေကို ရွေးပြီးတော့ ဆက်လက်ထိန်းသိမ်းရမှာ ကို ကျွန်မ အမြဲပဲ အထူးတိုက်တွန်းချင်ပါတယ်။

ကျွန်မတို့ အစိုးရတာဝန်ယူတဲ့ကာလမှာ အဘက်ဘက်က စွမ်းရည်ပြည့်ဝတဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ပေါက်လာဖို့ ဖန်တီးပေးနိုင်မယ့် စီးပွားရေးမူဝါဒကို ချမှတ်ခဲ့ရာမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းလာစေဖို့ အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

နိုင်ငံတော်ကြီး ရေရှည်ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ် ခေါင်းဆောင် များ ဖြစ်လာမယ့် လူငယ်မျိုးဆက်သစ်တွေဟာ တစ်ခေတ်ထက် တစ်ခေတ် ပိုမိုထူးချွန် ထက်မြက်စွာနဲ့ တွေ့ကြုံရမဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အရေးကြီးလှပါတယ်။ ကျွန်မ ဒီနေရာမှာ လူငယ်ခေါင်းဆောင်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ကို အဓိကထားစေ ချင်ပါတယ်။ အခုခေတ်မှာ အားလုံးက ခေါင်းဆောင်ပဲ လုပ်နေကြတယ်။ ကျွန်မ ခဏ ခဏပြောပါတယ်။ အားလုံးက ခေါင်းဆောင် လုပ်လို့ရှိရင် နောက်က ဘယ်သူက လိုက်မှာလဲ၊ ဒါကြောင့်မို့ အားလုံးတန်းတူညီတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လက်တွဲပြီး တော့ ချီတက်နိုင်ဖို့ဆိုတာ ခေါင်းဆောင်လုပ်ချင်တဲ့စိတ်ထက် အင်မတန်မှ ပိုပြီး အရေးကြီးပါတယ်လို့ ကျွန်မ ဒါကိုသတိပေးချင်ပါတယ်။

ဒါ့ကြောင့် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ချမှတ်ခဲ့ပြီး၊ ဒီလူငယ်မူဝါဒရဲ့ ရည်ရွယ်ချက်တွေထဲမှာ လူငယ် ဖွံ့ဖြိုးမှု အစီအစဉ်တွေကို နိုင်ငံထဲမှာ ရှိတဲ့ မူဝါဒတွေ မဟာဗျူဟာစီမံကိန်းတွေမှာ ထည့်သွင်းနိုင်ဖို့ ၊ နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်ပြီး ရင်ပေါင်တန်းနိုင်တဲ့ လူငယ်တွေ ပေါ်ထွက်လာစေဖို့စတဲ့ အချက်တွေကို ပါဝင်အောင် ထည့်သွင်းရေးဆွဲခဲ့ပါတယ်။

ကျွန်မတို့ အစိုးရအနေနဲ့ ကိုယ့်နိုင်ငံက လူငယ်တွေရဲ့ စွမ်းအားကို အပြည့်အဝ ယုံကြည်ပါတယ်။ အစိုးရကအားပေးရမယ့် အပိုင်းတွေမှာလည်း မူဝါဒပိုင်း၊ လက်တွေ့ အကောင်အထည်ဖော်ရမယ့် အပိုင်းအားလုံးမှာ ရှုဒေါင့်စုံက ကူညီပံ့ပိုး ပေးနေပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးနေသလို စီးပွားရေး လုပ်ငန်းတစ်ခုလုံး လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ဖို့လည်း လုပ် ဆောင်နေပါတယ်။

ဒါ့ကြောင့်လည်း မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ ပြည့်နှစ် အတွက် စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့ မှုအရှိဆုံး နိုင်ငံစာရင်းမှာ မြန်မာ နိုင်ငံက အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်းမှာ ပါဝင်ခဲ့သလို အထူးသဖြင့် စီးပွားရေး လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ဖို့ လွယ်ကူစေတဲ့အဆင့်မှာ ကျွန်မတို့ စတင် တာဝန်ယူခဲ့ တဲ့ ၂၀၁၆ ခုနှစ်က အဆင့် ၁၆၀ ရှိခဲ့ရာကနေ လက်ရှိမှာအဆင့် ၇၀ အထိ သိသိသာသာ မြင့်တက်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေး စတင်လုပ်ကိုင်ရာမှာ အလွယ်ကူဆုံးအဆင့် စတုတ္ထအဆင့်မှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း တိုးတက်ဖို့က အများကြီးလိုပါ သေးတယ်။

ကျွန်မတို့ နိုင်ငံမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒနဲ့သာမက ကုလသမဂ္ဂက ချမှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် တွေနဲ့ ကိုက်ညီပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပတ်ဝန်းကျင် ဆိုင်ရာ ပြုပြင် ပြောင်းလဲရေးအစီအစဉ်တွေပါရှိတဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ သောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan – MSDP) ကိုလည်း ရေးဆွဲချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် ဒီအမျိုးသားစီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိကသာမက နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီပေးနေတဲ့ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနား ဦးတည်ချက်ဖြစ်တဲ့ စွန့်ဦးတီထွင်မှု ၄ ဒသမ ၀ – ၂၁ ရာစုနဲ့ လိုက်လျောညီထွေမှုရှိအောင် စီးပွားရေးလုပ် ငန်းများကို ပြင်ဆင်ခြင်း (Entrepreneurship 4.0 – Adapting Businesses for the 21st Century) ဆိုတာကို ကြည့်ရင် ၂၁ ရာစုအတွက် လူငယ်မျိုးဆက်သစ် အပါအဝင် စီးပွားရေး နယ်ပယ်တစ်ခု လုံးအတွက် စိန်ခေါ်မှုတွေကို ကြိုတင်မျှော်မှန်းပြင်ဆင်တဲ့ ရည်ရွယ်ချက်အဖြစ် တွေ့ရပါတယ်။ ဒါ့အပြင် ပါဝင်ဆွေးနွေးတဲ့ အစီအစဉ်တွေထဲမှာ ဒီနေ့ နိုင်ငံတကာစီးပွား ရေးလောကမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဘဝနဲ့ အောင်မြင်နေကြတဲ့ လုပ်ငန်းရှင်တွေရဲ့ အတွေ့အကြုံတွေကို သာမက ပြည်တွင်းက အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အတွေ့အကြုံတွေကိုလည်း အသိအမြင် ဖလှယ်ခွင့်ရမှာဖြစ်လို့ အထူးကောင်းမွန် အကျိုးရှိတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာလူငယ်တွေက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ကျင်းပပြုလုပ် ခဲ့တဲ့ အာဆီယံခေါင်ဆောင်များ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ စီးပွားရေး -ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (ASEAN Leaders Summit and ASEAN Business & Investment Summit 2019 ) မှာ အာဆီယံ စီးပွားရေးထူးချွန်ဆု ၂၀၁၉ (ASEAN Business Award 2019)အတွက် ဒစ်ဂျစ်တယ်စနစ်ဆောင်ရွက်တဲ့ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းထူးချွန်ဆု (Digitalised MSME Award-Winner)နဲ့ လုပ်ငန်း စတင်ထူ ထောင်မှုနဲ့ တီထွင်ဆန်းသစ် လုပ်ငန်းထူးချွန်ဆု (Startup & Innovation Driven Entrepreneur Winner)ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အတွက်လည်း များစွာဂုဏ်ယူပါတယ်။ နောင်နှစ်တွေမှာ လည်း ဒီလိုဆုတွေ သာမက အခြားဆုတွေကိုလည်း နိုင်ငံအတွက် ရအောင် ကြိုးစားကြဖို့ တိုက်တွန်း လိုပါတယ်။ တကယ့် ကျွန်မတို့ အားလုံးရနိုင်တဲ့ အကောင်းဆုံးဆုကတော့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ အဲဒီဟာကိုတော့ ကျွန်မတို့ မျက်ခြေမပြတ်ဖို့က အရေးကြီးပါတယ်။

ယနေ့အခမ်းအနားမှာ မြန်မာနိုင်ငံစွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ အသင်း ကနေ လူငယ်လုပ်ငန်း စတင်ထူထောင်သူ ထူးချွန်ဆု (Young Startup Award) ၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ထူးချွန်ဆု (Young Entrepreneurs Award)၊ လူမှုအကျိုးပြုလုပ်ငန်းရှင် ထူးချွန်ဆု(Social Enterprise Award)၊ အားလုံးပါဝင်အောင် စွမ်းဆောင်နိုင်သည့် စီးပွားရေးထူးချွန်ဆု (Inclusive Business Award)၊ နည်းပညာ တီထွင်ဆန်းသစ် လုပ်ငန်းထူးချွန်ဆု (Technopreneurship Award) စတဲ့ ဆုအမျိုး အစား (၅) ခု ချီးမြှင့်သွားမယ်လို့ သိရှိရပါတယ်။ ပေးတဲ့ဆုအမျိုးအစားတွေဟာ လူငယ် တွေ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပိုမို တိုးတက်ကြိုးစားဆောင်ရွက်အောင် တွန်းအားပေးတဲ့ ဆုတွေ ဖြစ်ပါတယ်။ ဒီဆုတွေကို ရရှိမယ့် လူငယ်တွေအတွက်လဲ ကြိုတင်ပြီး ဂုဏ်ပြုပါတယ်။

ဒါပေမယ့် ကျွန်မ ဆုမရတဲ့ သူတွေကိုလည်း အားပေးချင်ပါတယ်။ ဆုရ တယ်ဆို တာ အောင်မြင်မှုတစ်ခုကို အသိအမှတ်ပြုတာဖြစ်ပါတယ်။ လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့ဘဝမှာ အောင်မြင်မှုရအောင်လို့ ကြိုးစားနိုင်ဖို့ အခွင့်အရေး တွေရှိပါတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ ဘာလဲဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုပါတယ်။ အောင်မြင်မှုဆိုတာ တခြားသူတွေအပေါ်မှာ အောင်မြင် ခြင်းကို ခေါ်ဆိုခြင်း မဟုတ်ပါဘူး။ အဓိက အရေးကြီးဆုံး အောင်မြင်မှုက ကိုယ့် အပေါ်မှာ ကိုယ်အောင် မြင်ခြင်းကို ခေါ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ အားလုံး ဟာ ကိုယ့်ရဲ့ အားနည်းချက် တွေကို ကျော်လွှားနိုင်ဖို့၊ ဒီအားနည်းချက်တွေပေါ်မှာ အောင်မြင်ဖို့ အထူးအလေးထား ပြီး ကြိုးစားဖို့ လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ မှာချင်တာကတော့ လူငယ်လုပ်ငန်းရှင်တွေရဲ့ စွမ်းဆောင်ရည် နဲ့ အနာဂတ်ကို ကျွန်မတို့ အစိုးရက အပြည့်အဝ ယုံကြည်တဲ့အတွက် အစိုးရရဲ့ အစဉ်တစိုက် အားပေးမယ့် နိုင်ငံရေး သန္နိဋ္ဌာန် ( Political Commitment ) အခိုင်အမာ ချမှတ်ထားပြီး ဖြစ်ပါတယ်။

အနာဂတ်မှာ ကြုံတွေရမယ့် စက်မှု 4.0 (Industrial 4.0) အတွက် ကြိုတင် ပြင်ဆင်စရာရှိတာတွေကိုလည်း အာဆီယံနိုင်ငံတွေနဲ့အတူ မူဝါဒ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး၊ ပူးပေါင်းဆောင်ရွက်နေပါတယ်။

နိုင်ငံရဲ့ လူမှုစီးပွားရေး တစ်ခုလုံးကို တိုးတက်အောင် လုပ်ဆောင်သွားမယ့် မဟာဗျူဟာလုပ်ငန်းစဉ်ဖြစ်တဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan ¬ – MSDP)ကိုလည်း ရေးဆွဲချမှတ် အကောင်အထည်ဖော်နေပြီ ဆိုတာကို ကျွန်မ ပြောပြီးသား ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ စတင် ထူထောင်လုပ်ကိုင်တဲ့အဆင့် ကနေ စီးပွားရေးဝန်းကျင် တစ်ခုလုံး လုပ်သာကိုင်သာရှိတဲ့ လွယ်ကူ ချောမွေ့စေမယ့် အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နေပါတယ်။

ဒါ့ကြောင့် လူငယ်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ တီထွင်ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ဒါနဲ့ ကျွန်မ ဦးဆက်အောင် ကို စမေးပါ တယ်၊ ဒီခေတ်မှာရော အမျိုးသမီးတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ရှိလဲလို့ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ပထမဆုံးဦးဆုံး အခမ်းအနားမှာတုန်းက အမျိုးသမီး ရာခိုင်နှုန်းက ၄၉ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒုတိယနှစ်ကျ တော့ ၅၀ ကျော်လာ ပြီ အခုလည်း ဆက်ပြီးတက်နေတယ်တဲ့၊ သူက အဲဒီလိုပြော တော့ ၆၀ ရာခိုင်နှုန်း နီးလာပြီလား မသိဘူး။ ကျွန်မ အမျိုးသားတွေအတွက် နည်းနည်းတော့ စိတ်ပူသွား တယ်။ ကျွန်မအနေနဲ့ အားလုံးကို တန်းတူညီတူ တိုးတက်စေချင်ပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေ ရှေ့ကနေပြီးတော့ လက်တွဲသွားဖို့ ဖြစ်ပါတယ်။ လက်တွဲခြင်း ဆိုတာ ရှေ့ကနေ ဦးဆောင်ခြင်းထက် နောက်ကလိုက်ခြင်းက ပိုပြီးအရေးကြီးပါတယ်။ တစ်ဦးနဲ့ တစ်ဦး လက်တွဲပြီးသွားရင် အလိုလို အင်အားတွေက ပြည့်လာတယ်၊ မိတ်ဆွေ နှစ်ဦး လက်တွဲ သွားခြင်းဟာ တစ်ယောက်က အရှေ့မှာနေပြီး၊ တစ်ယောက် က နောက်က လိုက်တာနဲ့ ဘယ်လိုမှ မတူပါဘူး။ ချစ်ခြင်းမုန်းခြင်းကလည်း မတူပါဘူး။ ကျွန်မတို့ရဲ့ လူငယ်များ၊ အမျိုး သမီးများ၊ အမျိုးသားများအနေနဲ့ အားလုံးအတူတူ လက်တွဲပြီး ဟန်ချက်ညီညီနဲ့ ရှေ့ကိုတက်လှမ်းစေချင်ပါတယ်။

လက်ရှိနဲ့ အနာဂတ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကိုအခွင့်အလမ်းအဖြစ် အသုံးချပြီးတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနဲ့အတူ လက်တွဲဆောင်ရွက် နိုင်တဲ့အင်အားတစ်ရပ်အဖြစ် ကြိုးပမ်းလုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်”ဟု ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်ခန်းမတွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)မှ လူငယ်များနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ အစိုးရနှင့်စွန့်ဦးတီထွင် လူငယ် လုပ်ငန်းရှင်များအကြား အမှန်တကယ် ချမှတ်ရမည့် မူဝါဒများအား ရှင်းလင်း တင်ပြခြင်း၊ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များကို နိုင်ငံတကာမှ စီးပွား ရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံတွင် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့၏ အတွေ့အကြုံများ၊ မြန်မာ နိုင်ငံ၏စီးပွားရေးမူဝါဒနှင့် Entrepreneurship Policy များကို ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာစွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်ပမှ Investor များ၊ Customer များ ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် အောင်မြင်နေသော စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များကို ဂုဏ်ပြုခြင်း အစီအစဉ်များ ဆောင်ရွက်ကြသည်။

ယနေ့အခမ်းအနားတွင် လုပ်ငန်းစတင်သူများ၏ပြခန်းများ၊ 4th Myanmar Entrepreneurship Summit Award ဆုရရှိထားသူတို့၏ ပြခန်းများ၊ အသေးစား အလတ်စားလုပ်ငန်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ညီနောင်အသင်းများ၏ ပြခန်း များကို စုံလင်စွာပြသထားသည်။

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် ဂေဟစနစ်တစ်ခု ပေါ်ပေါက်လာစေရန်၊ ပြည်တွင်းသာမက အာဆီယံ ဒေသများအပြင် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ကွန်ယက်နှင့် ချိတ်ဆက်ပြီး ပြည်တွင်းမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် တာဝန်သိတက်သော စီးပွား ရေးလုပ်ငန်းများပေါ်ပေါက်လာစေရန်၊ အလုံးစုံပါဝင်နိုင်သော စီးပွားရေးလုပ်ငန်း များ (Inclusive Business)များနှင့် ပြည်သူ့အကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေ ရန်အတွက်ရည်ရွယ်၍ Myanmar Entrepreneurship Summit 2019 အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button
Close