Headline NewsNewsRegion

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

တောင်ကြီး ၁၉ နိုဝင်ဘာ ၂၀၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ တာဝန်ရှိသူများနှင့်အတူယနေ့ မွန်းတည့် ၁၂နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ရှမ်းပြည်နယ် ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများက ဟဲဟိုးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးဝင်းအတွင်း တည်ဆောက်ပြီးစီးသွားသည့် လေးထပ် ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်တို့က လေးထပ် ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လေးထပ် ဆေးကုသဆောင်သစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေး သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖွင့်ပွဲအခမ်း အနားသို့တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခွဲစိတ်ခန်းအတွင်း လိုက်လံကြည့်ရှုပြီး မီးယပ်ဆောင်နှင့် ကလေးကုသဆောင်တို့၌ ဆေးဝါးကုသမှု ခံယူနေကြသည့် လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယခုဖွင့်လှစ်သည့် လေးထပ် ဆေးကုသဆောင်သစ်မှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အလျားပေ၂၀၀၊ အနံ၇၅ပေရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်ကြီး မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ မြို့မိ၊ မြို့ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးပွဲကို ကြွရောက်လာတဲ့ ပရိသတ်တွေအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါ တယ်။ ကျွန်မတို့ နေရာတစ်နေရာကို လာတဲ့အချိန်မှာ ဒေသခံတွေနဲ့ ထိတွေ့ချင်တယ်၊ ဒီအကြောင်းကြောင့်သာ ကျွန်မတို့က ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်တာပါ။ ပြည်သူတွေနဲ့ တွေ့ဆုံပွဲဆိုတော့ ပြည်သူတွေက မိမိတို့ရဲ့ဆန္ဒနဲ့ လာပိုင်ခွင့်ရှိရမယ်၊ စိစစ်ပြီးတော့ သွင်းတဲ့ဟာမျိုးကို ကျွန်မတို့ ဦးတည်တာမဟုတ်ပါဘူး။

နောင်ဆိုရင် ကျွန်မတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်ရင် ပြည်သူတွေ လွတ်လွတ်လပ်လပ် လာပါစေ။ နောက်ပြီးတော့ မြို့မိမြို့ဖတွေအနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ အရေအတွက်ထက် နည်းနေတယ်ဆိုတာ မဖြစ်ပါစေနဲ့။ ကျွန်မ မကြာခင်ကပဲ မြို့မိမြို့ဖတွေနဲ့ ပတ်သက်လို့ တွေ့ဆုံပွဲတစ်ခုမှာ ပြောခဲ့တာ ရှိပါတယ်။ မြို့မိမြို့ဖဆိုတာ ဒေသခံပြည်သူတွေက မိဘသဖွယ် လေးစားအားကိုးတဲ့ ပုဂ္ဂိုလ်တွေကို ဆိုလိုတာပါ။ မိဘသဖွယ် လေးစားအားကိုးတဲ့ ပုဂ္ဂိုလ်တွေဆိုတာ လွယ်လွယ်ကူကူနဲ့ ဒီနေရာကို ရောက်လာတာမဟုတ်ပါဘူး။ အစိုးရကခန့်တာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ ခန့်တာလည်းမဟုတ်ဘူး။ အများပြည်သူကနေပြီးတော့ ကိုယ့်မိဘသဖွယ် အားကိုးသင့်တယ်၊ လေးစားသင့်တယ် ဆိုပြီးတော့ လက်ခံထားတဲ့ သူတွေပါ။၊ ဒီမှာ မြို့မိမြို့ဖ သုံးယောက်ပဲဆိုတော့ တောင်ကြီးမှာ ပြည်သူ အားကိုးတဲ့ လေးစားတဲ့ လူကြီးတွေ နည်းနေသလိုဖြစ်တာ ဘယ်ကောင်းပါ့မလဲ။

ကျွန်မတို့ ဒီလိုတွေ့တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ နီးစပ်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်၊ အဓိကအားဖြင့် နီးစပ်အောင်လုပ်ဖို့ဆိုတဲ့အခါမှာ ကျွန်မတို့က နီးစပ်မှုရအောင်ဆိုပြီးတော့ မေးခွန်းတွေ မေးတဲ့၊ ဖြေတဲ့ အစီအစဉ်ကို အမြဲတမ်းထည့်ပါတယ်။ ဒီလိုမေးခွန်း မေးတဲ့၊ ဖြေတဲ့ အစီအစဉ်တွေ ထည့်တဲ့အခါမှာ မေးတဲ့ပုဂ္ဂိုလ်တွေရော ဖြေတဲ့ပုဂ္ဂိုလ်တွေကရော အများဆုံး မေးနိုင် ဖြေနိုင်အောင် လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခပ်တိုတိုနဲ့ လိုရင်းကို မေးစေချင်ပါတယ်။

တစ်ခါတစ်လေ မေးခွန်းတွေက စာစီစာကုံးကြီးတစ်ခုလို၊ ဖြေတာလည်း ထိုနည်း၎င်းပဲ စာအုပ်တစ်အုပ်လို၊ အဲဒီလိုဆိုရင်တော့ မဖြစ်ပါဘူး။ ကျွန်မတို့ က တိုတိုနဲ့လိုရင်း အများသိချင်တဲ့ကိစ္စတွေကို အများသိနိုင်အောင်လို့ ဒါတွေ ကို စီစဉ်တာဖြစ်ပါတယ်။

တောင်ကြီးကိုလာတိုင်း ကျွန်မ စိတ်ချမ်းသာရတယ်၊ ဂုဏ်ယူရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တောင်ကြီးက ကျွန်မတို့ပြည်ထောင်စုရဲ့ အောင်မြင်မှုတစ်ရပ်လို့ ကျွန်မ ဒီလိုပဲယူဆပါတယ်။ တောင်ကြီးမှာဆိုရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ကိုးကွယ်သူ ဘာသာပေါင်းစုံဟာ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်းနဲ့ နေကြတယ်။ အဲဒီလိုနေနိုင် ခြင်းဟာ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများအကြားမှာ လူမျိုးမရွေး၊ ကိုးကွယ်တဲ့ ဘာသာမရွေး၊ ပြောဆိုတဲ့ ဘာသာစကားမရွေး အားလုံး ညီညီညွတ်ညွတ် နေနိုင်တယ်။ အေးအေးချမ်းချမ်း နေနိုင်တယ်ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ ဒီလိုကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆောင်တဲ့ဒေသတစ်ခုကို လာရတယ်ဆိုတာဟာ ကျွန်မတို့အတွက် အများကြီးအင်အားဖြစ်ပါတယ်။ အင်အားဖြစ်ပြီးတော့ ကျွန်မတို့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ဘယ်လောက် ရှိသလဲဆိုတာကို ကျွန်မတို့ မြင်တွေ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတာဟာ ဆယ်စုနှစ်တွေနဲ့ ချီလာပါပြီ၊ လွတ်လပ်ရေးရတဲ့ အချိန်ကနေစပြီးတော့ အခုထိ ကျွန်မတို့နိုင်ငံအတွင်းမှာ ပြည်တွင်းစစ် မီးငြိမ်းတယ် ရယ်လို့ မရှိသေးပါဘူး။ ပြည်တွင်းစစ်မီး ငြိမ်းအောင်လို့ ကျွန်မတို့ရဲ့မျိုးဆက်မှာ လုပ်သွားချင်ပါတယ်။နောင် မျိုးဆက်တွေ၊ နောင်မျိုးဆက်တွေ အတွက် ဝန်ထုပ် ဝန်ပိုးကြီးတစ်ခုကို ကျွန်မတို့ မချန်ခဲ့ချင်ပါဘူး။

ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ရင် ဖြစ်ပါ့မလား၊ အောင်မြင်ပါ့မလားဆိုပြီး တစ်ချို့က မေးခွန်းထုတ်ပါတယ်။ အရင်တုန်းက ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ အခုလည်း အထစ်အငေါ့တွေ အခက်အခဲတွေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ အောင်မြင်နိုင်ပါ့မလား ဆိုပြီးတော့ မေးခွန်းထုတ်တဲ့သူတွေရှိပါတယ်။ အောင်မြင်နိုင် ပါ့မလားလို့ မေးခွန်းထုတ်တဲ့သူတွေကို ကျွန်မကနေပြီးတော့ တောင်ကြီး လိုနေရာမျိုးကို ကြည့်လိုက်ပါ။ တောင်ကြီးလိုနေရာမျိုးမှာ ကျွန်မတို့ရဲ့ ပြည်သူများဟာ ပြည်ထောင်စု စိတ်ဓာတ် အပြည့် အဝနဲ့ အေးအေးချမ်းချမ်း ညီညီညွတ်ညွတ်နေနိုင်ရင် ကျွန်မတို့ တစ်တိုင်းပြည်လုံးက မနေနိုင်စရာအကြောင်း ဘာရှိသလဲ၊ သို့သော် လည်း ကျွန်မတို့ ကြိုးစားမှဖြစ်မှာပါ။ အလုပ်တစ်ခု အောင်မြင်ဖို့ဆိုတာဟာ ကျွန်မတို့ ထိုင်ပြီး ဆုတောင်း နေရင်းနဲ့တော့ မဖြစ်ပါဘူး။ ကျွန်မတို့ ကြိုးစားယူရမယ်။ ကျွန်မတို့ရဲ့ ဦးတည်ချက် ပန်းတိုင်ကို မရောက်မချင်း ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရပါ့မယ်။

ဒါကြောင့် ကျွန်မပြောနေကြ စကားတစ်ခုကို ထပ်ပြီးတော့ပြောပါရစေ။ လုံ့လ ဆိုတာကတော့ အဆင့်ဆင့်ရှိပါတယ်။ အလုပ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်တဲ့လုံ့လ၊ အလုပ်တစ်ခုကို တကယ်စပြီးတော့ လုပ်တဲ့ လုံ့လ၊ အခက်အခဲကြားမှာ ဆက်ပြီးလုပ်တဲ့ လုံ့လ၊ ရှုံးနိမ့်တဲ့အခါတောင်မှ လက်မမြှောက်ဘဲနဲ့ အားမလျှော့ဘဲနဲ့ ထပ်ပြီးတော့ အစကနေ စရမယ်ဆိုရင်လည်း အစကနေစရဲတဲ့လုံ့လ၊ ပြန်ပြီးတော့ စရဲတဲ့ လုံ့လမျိုး။ ကျွန်မတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး လုံ့လဝီရိယနဲ့ အောင်မြင်တဲ့အထိ လုပ်သွားဖို့ဟာ ကျွန်မတို့ ပြည်သူ ပြည်သားအားလုံး ပြည်ထောင်စုကို တကယ် အလေးထား၊ တန်ဖိုးထားသူများအားလုံးအတွက် သံန္နိဌာန် တစ်ခု ဖြစ်ရပါလိမ့်မယ်၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ပြည်ထောင်စုကို လိုလားမှ ဒီပြည်ထောင်စုကြီးဟာ မြန်မြန်ဆန်ဆန်နဲ့ ပေါ်ထွန်းလာမှာပါ။ လူနည်းစုက လိုလားမှုနဲ့ မပေါ်ထွန်းလာနိုင်ဘူးလားဆိုရင် ပေါ်ထွန်းလာနိုင်ပါတယ်၊ ကမ္ဘာ့သမိုင်းကို ကြည့်လိုက်မယ်ဆိုရင် တစ်ချို့ အင်မတန်မှ ထိရောက်တဲ့၊ အရေးပါတဲ့ လှုပ်ရှားမှုကြီးများကို ဦးဆောင်တဲ့ လူတွေက လူနည်းစုပါ။ ပါဝင်ပြီးတော့ တကယ် လှုပ်ရှားတဲ့သူတွေကလည်း လူနည်းစုပါ။ ဒါပေမယ့် ဒီလိုပုဂ္ဂိုလ်တွေရဲ့ စိတ်အားထက်သန်မှုကြောင့် အောင်မြင်ပါတယ်။ သို့သော်ငြားလည်း ပံ့ပိုးမှုကတော့ ရှိရမယ်၊ ဥပမာဆိုရင် လွတ်လပ်ရေးတိုက်ပွဲတုန်းက တကယ်ထွက်ပြီးတော့ ရှေ့တန်းကနေ လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ ခေါင်းဆောင်ကြီး တွေဟာ လူနည်းစုပါ။

သို့သော်လည်းပဲ ဒီလူနည်းစုရဲ့အလုပ် အောင်မြင်ဖို့အတွက် ပံ့ပိုးနေတာဟာ အများပြည်သူ ဖြစ်ပါတယ်။ ကျွန်မထပ်တလဲလဲ ပြောပါတယ်။ အများပြည်သူရဲ့ ထောက်ခံမှုမရှိဘဲနဲ့ ဘယ်လုပ်ငန်းမှ ရေရှည်အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါဘူး၊ အများပြည်သူရဲ့ ထောက်ခံမှု မရှိဘဲနဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေဆိုတာ ရေတိုမှာတော့ အောင်မြင်ရင် အောင်မြင်မယ်။ ရေတိုမှာတော့ ထိရောက်ရင် ထိရောက်မယ်။ ရေရှည်မှာတော့ မရပ်တည်နိုင်ပါဘူး။ ပြည်သူအများစုကနေ ထောက်ခံမှ ထောက်ခံတယ်ဆိုတာ ဘာကြောင့် ထောက်ခံတာလဲ၊ တကယ်နားလည်မှုနဲ့ ထောက်ခံတာ ဖြစ်ရမယ်။ အခြေအနေတစ်ခုကို နားမလည်လို့၊ အပြောကောင်းတာကို ယုံပြီးတော့ ထောက်ခံတဲ့ ထောက်ခံမှုမျိုးဆိုတာဟာ ဒါက စစ်မှန်တဲ့ ထောက်ခံမှု မဟုတ်ပါဘူး။

ထောက်ခံမှုဆိုတာဟာ အကောင်းအဆိုး၊ အကြောင်းအကျိုး အားလုံးကို ဆင်ခြင်ပြီးမှ ထောက်ခံသင့်တဲ့အရာ ထောက်ခံသင့်တဲ့ကိစ္စ၊ လုပ်ငန်းစဉ်မို့လို့ ထောက်ခံတယ်ဆိုတဲ့စိတ်နဲ့ ထောက်ခံမှ အဓိပ္ပါယ်ရှိမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတော်အစိုးရက ပြည်သူထုကို စည်းရုံးပါတယ်။ ဒါအစိုးရတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ပြည်သူကို စည်းရုံးရမယ်၊ စည်းရုံးတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ၊ စည်းရုံးခြင်း ဆိုတာ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ဝိုင်းဝန်းပါဝင်အောင်လို့ ပါဝင်ချင်တဲ့စိတ်ဓာတ်ဖြစ်အောင်လို့လုပ်ခြင်းဟာ တကယ့်စည်းရုံးမှုပါ။ စည်းရုံးခြင်းဟာ ဦးနှောက်နဲ့ နှလုံးသားနှစ်ခုစလုံးကို ဆွဲဆောင်နိုင်ရပါတယ်။ ဘယ်အရာတွေက ဦးနှောက်ကို ဆွဲဆောင်သလဲ ဘယ်အရာတွေက နှလုံးသားကို ဆွဲဆောင်သလဲဆိုတာ တချို့ကမေးခွန်းထုတ်ရင် ထုတ်လိမ့်မယ်။ ဦးနှောက်ကို ဆွဲဆောင်တယ်ဆိုတာ အတွက်အချက်အရပါ။ ပြည်သူတွေက ဦးနှောက်နဲ့တွက်ပြီးတော့ ဒီလိုလှုပ်ရှားမှု ထဲမှာ ပါဝင်ခြင်းအားဖြင့် ငါတို့အတွက် အကျိုးအမြတ်ရှိနိုင်မယ်။ ငါတို့ နိုင်ငံအတွက် ကောင်းကျိုးဖြစ်နိုင်တယ်။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စဆိုပြီး ဦးနှောက်နဲ့ တွက် ချက်တယ် ဒါကတစ်ပိုင်းပါ။

နောက်တစ်ပိုင်းက နှလုံးသားနဲ့ ယုံကြည်မှုဟာ ဘာပေါ်မှာ အခြေခံသလဲဆိုတော့ တန်ဖိုးထားတဲ့အပေါ် မှာအခြေခံပါတယ်။ တန်ဖိုးထားတဲ့ တစ်ခုကို ယုံကြည်မှ လုပ်ငန်းတစ်ခုကို ယုံကြည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလုပ်တဲ့ ရည်ရွယ်ချက်ဟာ ဘယ်လိုတန်ဖိုးထားမှုတွေ၊ ဘယ်လိုအတွေးအခေါ် တွေနဲ့လုပ်သလဲ။ အဲဒါကို ယုံကြည်နိုင်မှ နှလုံးသားကိုပါ စည်းရုံးနိုင်မှာဖြစ်ပါတယ်။ နှစ်ခုစလုံးကို စည်းရုံးနိုင်မှ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ စည်းရုံးရေးဖြစ်မှာပါ။ နှစ်ခုစလုံးကို စည်းရုံးနိုင်မှ ကျွန်မတို့နိုင်ငံဟာ သွားသင့်သွားထိုက်တဲ့လမ်းပေါ်မှာ အားလုံး ညီညီညွှတ်ညွတ်နဲ့ လျှောက်သွားနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဘယ်ကစရမလဲလို့ တချို့ကမေးပါတယ်။ နှလုံးသားက စရမလား၊ ဦးနှောက်ကစရမလား၊ ခွဲလို့မရပါဘူး။ တစ်ပြိုင်နက်ထဲ လုပ်သွားရမှာဖြစ်ပါတယ်။ စက်ဘီးစီးသလိုပေါ့။ စက်ဘီးစီးတယ်ဆိုတာ့ ဘီးတစ်လုံး နဲ့စီးလို့မရပါဘူး။ ဘီးနှစ်လုံးနဲ့စီးမှ ချောချောမွေ့မွေ့နဲ့ ကိုယ်ရည်ရွယ်တဲ့ ပန်းတိုင်ကို အရောက်သွားနိုင်မှာဖြစ်ပါတယ်။ နှစ်ခုစလုံးကို ရယူဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျွန်မတို့ဟာ ပြည်သူနဲ့ဆွေးနွေးတယ်၊ တိုင်ပင်တယ်၊ ညှိနှိုင်းတယ်၊ ပြည်သူနဲ့နီးကပ်အောင်နေတယ်ဆိုတာ ဒီဘီးနှစ်ဘီးစလုံးလည်နေအောင်လို့ဖြစ်ပါတယ်။

မေးခွန်းတွေထဲမှာဆိုရင် အများအားဖြင့်ကတော့ ဦးနှောက်နဲ့ဆိုင်တဲ့မေးခွန်းတွေပါ။ ဘာဖြစ်လို့ ဒီကိစ္စက ကြန့်ကြာနေသလဲ။ ဒီလိုလုပ်စရာရှိတဲ့ ကိစ္စတွေကို ဘယ်တော့လုပ်ပေးမလဲ။ ဘယ်လိုပုံစံနဲ့လုပ်ပေးမလဲဆိုတာ အဲဒါတွေကတော့ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ဆိုင်တယ်လို့ ပြောလို့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာဟာ ဘယ်နိုင်ငံမှာ မဆို၊ ဘယ်အသိုင်းအဝိုင်းမှာမဆို လိုအပ်ပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်ရေး ကို လိုချင်တာလည်းမမှားပါဘူး။ အများပြည်သူကလည်း ဖွံ့ဖြိုးတိုးတက်စေချင်တာ အင်မတန်မှ မှန်ကန်တဲ့ကိစ္စဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ဖို့က စိတ်ဓာတ်က အင်မတန်လိုပါတယ်။ ဒီခန်းမထဲမှာဆိုရင် ဒုတိယကမ္ဘာ့စစ်ကိုမီခဲ့တဲ့ပုဂ္ဂိုလ်များ အင်မတန်မှ နည်းသွားပါပြီ။ ကျွန်မဆိုရင် ဒုတိယကမ္ဘာ့စစ်ပြီးတဲ့နှစ်မှာ မွေးတာပါ။ ကျွန်မတို့က ဒုတိယကမ္ဘာ့စစ်ကြီးကို မမီလိုက်ဘူး။ ဒါပေမယ့် ကျွန်မတို့ဟာ ဒုတိယကမ္ဘာ့စစ် အဖြစ်အပျက်တွေနဲ့ယဉ်ပါးနေတယ်။ ကျွန်မတို့ကြီးလာတဲ့အချိန်မှာ လူကြီးတွေက စစ်ကာလ အကြောင်းကို ပြောလို့မပြီးသေးဘူး။ ဒုတိယကမ္ဘာ့စစ်အတွင်း မှာ အင်မတန်မှ အထိနာခဲ့တဲ့ နိုင်ငံတွေကြားထဲမှာ စစ်ပြီးကာလမှာ တိုးတက်ပုံခြင်း မတူဘူး။ တိုးတက်တဲ့နှုန်းကမတူဘူး။ တိုးတက်တဲ့နှုန်းများ နိုင်ငံတွေကြည့်လိုက်ရင် အဓိကအားဖြင့် ပြည်သူ၊ပြည်သားတွေရဲ့စိတ်ဓာတ်ပဲ။ ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ လုံ့လဝီရိယကြီးမားမှု၊ အပင်ပန်းခံနိုင်စွမ်းမြင့်မားမှု ဒါတွေပေါ်မှာ အခြေခံပြီးတော့ တချို့နိုင်ငံတွေက မြန်မြန်နဲ့ထိထိရောက်ရောက် နလန်ထူလာပါတယ်။

ကျွန်မတို့နိုင်ငံ ရှေ့ကိုဆက်ပြီးတော့ တိုးတက်ဖို့ ရှေ့မှာဆက်ပြီးတော့ အောင်မြင်ဖို့ဆိုရင် နိုင်ငံသူနိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ စိတ်ဓာတ်မှန်ကန်ဖို့ လိုပါတယ်။ စိတ်ဓာတ်ချည်းပဲမကဘဲ တကယ့်ထိရောက်တဲ့အလုပ်နဲ့ ပံ့ပိုးပေးဖို့လိုပါတယ်။ မျှော်လင့်ချက်ဆိုတာ အလုပ်နဲ့ မပံ့ပိုးပေးရင် အိမ်မက်တစ်ခုလိုပဲ ပျောက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်တကယ်မျှော်လင့်တဲ့ ကိစ္စကို ဖြစ်စေချင်ရင် အလုပ်လုပ်ရမယ်။ တခြားလူ လုပ်တာကို မစောင့်ပါနဲ့။ တခြားလူကို အားမကိုးပါနဲ့ ကိုယ့်ဘာကိုယ် လုပ်မှဖြစ်မှာပါ။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးစနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံဟာ အခက်အခဲတွေ အများကြီးရင်ဆိုင်ရတယ်။ ဒီလိုအခက်အခဲတွေအများကြီး ရင်ဆိုင်ရတဲ့ ကြားထဲကနေ အခုဒီနှစ်အတွင်းမှာဆိုရင် သိသိသာသာတိုးတက် မှုတွေအများကြီးတွေ့ ရတယ်။ ဒီတိုးတက်မှုတွေရဲ့အကြောင်းရင်းက ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကလေးလူငယ်တွေ အားလုံးက ဒီနိုင်ငံကိုတိုးတက်စေချင်တဲ့ စိတ်ဓာတ်တစ်ခုရှိလို့ပါ။ သို့သော်လည်း အားလုံးက ဒီစိတ်ဓာတ်နဲ့ကိုက်ညီအောင်လို့ အလုပ်လုပ်ခဲ့ကြသလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ အဲဒီလိုလုပ်ဖို့တော့ လိုပါသေးတယ်။ ပိုပြီးတော့ လုပ်တဲ့သူရှိတယ်။ သိပ်ပြီး မလုပ်တဲ့သူရှိတယ်။ သူများလုပ်တာကိုပဲ ကြည့်နေတဲ့သူရှိတယ်။ အလုပ်တစ်ခု လုပ်ရင် ငါ့တာဝန်လို့ စိတ်ထဲမှာမထားဘဲ သူ့တာဝန်လို့ စိတ်ထဲမှာထားတဲ့ သူရှိတယ်။ ဖြစ်မြောက်ဖို့ လိုတဲ့အလုပ်တစ်ခုဆိုရင် ဖြစ်မြောက်နိုင်ဖို့ ငါ့တာဝန်လို့ စိတ်ထဲမှာ နှလုံးသွင်းဖို့လိုပါတယ်။

ဥပမာဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုရင် ဘယ်သူ့တာဝန်လဲ၊ နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ ငါ့တာဝန်ဆိုတဲ့ စိတ်ဓာတ် ရှိရမယ်။ ဒီနိုင်ငံငြိမ်းချမ်းမှ ဒီနိုင်ငံတိုးတက်မယ်။ ဒီနိုင်ငံတိုးတက်မှ ဒီနိုင်ငံထဲက နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်းစီ ရေရှည်မှာတိုးတက်မှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံက အင်မတန်မှ ဆင်းရဲနေပြီးတော့ ကိုယ်တစ်ယောက်ထဲ ချမ်းသာတာ ဂုဏ်ယူစရာ အကြောင်းမဟုတ်ပါဘူး။ တကယ်တော့ ရှက်စရာတောင် ဖြစ်ပါသေးတယ်။ အေးအတူပူအမျှ ဆိုတာဒါပဲ ဖြစ်ပါတယ်။ အေးချမ်းသာယာမှုတိုးတက်မှုရဲ့ အသီးအပွင့်တွေကို အားလုံး အတူတူစားကြမယ်။ အားလုံးအတူတူ မျှဝေကြမယ်။ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အတူ တူရင်ဆိုင်ရမယ်။ အတူတူ ကျော်လွှားရမယ်။ အဲဒီလို စိတ်ဓာတ်တွေနဲ့သွားမှ ဒီနိုင်ငံဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုဖြစ်လာနိုင်ပါမယ်။ အဲဒီဟာ ဖြစ်နိုင်ချေရှိတယ်လို့ ယုံကြည်ရခြင်း အကြောင်းအရင်းတစ်ခုက တောင်ကြီး လိုဒေသတစ်ခုဖြစ်ပါ တယ်။

တောင်ကြီးလို တိုင်းရင်းသားပေါင်း မြောက်များစွာ၊ ပြောတဲ့ဘာသာ စကားများစွာ၊ ကိုးကွယ်တဲ့ ဘာသာတွေအမျိုးမျိုးမှာ အားလုံးက အတူတစ်ကွ အေးအေးချမ်းချမ်း နေနိုင်တဲ့နေရာမျိုးတွေ ကျွန်မတို့နိုင်ငံမှာရှိတယ်။ ဒီလိုနေရာမျိုးတွေရှိနေတာ တစ်တိုင်းပြည်လုံး ဘာလို့ ဒီလိုမဖြစ်နိုင်ရမှာလဲလို့ စဉ်းစားလိုက်ရင် နိုင်ငံရဲ့ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အလားအလာဟာ ကောင်းတယ်လို့ ကျွန်မတို့ပြောရပါလိမ့်မယ်။ သို့သော်လည်း ကြိုးစားမှ အောင်မြင်မှာဖြစ်ပါတယ်။ ကြိုးစားမှ မြန်မြန်ဆန်ဆန်ပြီးမှာပါ။ ကျွန်မတို့ မျက်စိမှိတ်မသွားခင်မှာ ဒီငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ အမြစ်တွယ်တာကို လိုချင်ပါတယ်။ ထိုနည်း၎င်းပဲ ပြည်သူ၊ ပြည်သားများဟာ ဒီလို စိတ်ထားရပါမယ်။ ငါတို့သက်တမ်းမှာ ငါတို့နိုင်ငံငြိမ်းချမ်းရမယ်။ ငါတို့သက်တမ်း အတွင်းမှာ ငါတို့ရဲ့ ကြိုးစားမှုတွေကြောင့် နိုင်ငံဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ တည်ငြိမ်ရမယ်၊ ညီညွတ်ရမယ်။ ဒီလိုစိတ်ထားတွေနဲ့ဆက်လက်ပြီး ဆောင်ရွက်စေချင်ပါတယ်ဟု ပြောကြားသည်။

ယင်းနောက် ကြိုတင်မေးမြန်းထားသည့် ဟိုပုံးမြို့နယ် မြောက်ဘက်ခြမ်း ဒေသ ကျေးရွာအုပ်စုများ လျှပ်စစ်မီးလင်းရေး၊ တောင်ရိုးလူမျိုး တိုင်းရင်းသားရေးရာ ဝန်ကြီး (၁)နေရာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီပါက ဆောင်ရွက်ပေးနိုင် ရေး၊ ရပ်စောက်မြို့ကန်တော်မင်ဒေသမှ သိမ်းဆည်းမြေများအား ထပ်မံ စွန့်လွတ်ပေးရေး၊ ရပ်စောက်မြို့ ယာဉ်ရပ်နားစခန်းဆောင်ရွက်ပေးရေးနှင့် မြို့မြေတိုးချဲ့ပေးရေး၊ ကျွဲ၊ နွားများ တရားဝင်သယ်ယူနိုင်ရေးအတွက် အမိန့်ထုတ်ပြန်ပေးရေး၊ အင်းလေးကန် ရေရှည်တည် တံ့ရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရေး၊ တောင်ကြီးမြို့ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အဆင့် Master Plan ရေးဆွဲ ဆောင်ရွက်ပေးရေး၊ တောင်ကြီးမြို့ မြို့ရှောင်လမ်းအမြန် ဖောက်လုပ်ပေးရေးနှင့် နိုင်ငံတော်အဆင့် ကူညီဆောင်ရွက်ပေးရေး၊ ညောင်ရွှေ-လွိုင်ကော်ဆက်သွယ်ထားသည့် တုံဟုံး-စကား-လွိုင်ကော်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများရှိ မြေသားလမ်းများအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ပေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဟိုပုံး ဒေသမြောက်ခြမ်းဒေသများ လျှပ်စစ်မီးလင်းရေးအတွက် ၂၀၁၄-၂၀၂၅ခုနှစ်တွင် ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်ရိုးတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ခန့်အပ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်ညီညွတ်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့ ရေစီးရေလာကောင်းမွန်စေရေးအတွက် စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင်ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ရပ်စောက်မြို့ ကန်တော်မင်ဒေသမှ သိမ်းဆည်း မြေများအနက် စွန့်လွှတ်ပြီး မြေများအား လယ်ယာမြေဥပဒေ နှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်စောက်မြို့ မြို့မြေတိုးချဲ့ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အမည်ဖြင့် မြေလွှဲရရှိရေး ဆောင်ရွက်ရန် အကောင် အထည်ဖော်နိုင်ရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ကျွဲ၊ နွားများ တရာမဝင် သယ်ဆောင်ခြင်းနှင့်ပတ်သက်၍ တရားမဝင် တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ တားဆီးကာ ကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ကြီးမြို့ မြို့ရှောင်လမ်းအမြန် ဖောက်လုပ်ပေးရေး ၊ ညောင်ရွှေ- လွိုင်ကော် ဆက်သွယ်ထားသည့် တုံဟုံး- စကား-လွိုင်ကော် လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေးနှင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများ ရှိမြေသားလမ်းများအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ပေးရေးတို့ အတွက် ဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေတင်ပြ တောင်းခံပြီးဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ အင်းလေးကန်ရေရှည် တည်တံ့ရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်းကြသည်။

ထို့နောက် ခန်းမအတွင်းမှ ဒေသခံ(၅)ဦးက ရွှေညောင်မြို့ ရေစီးရေလာကောင်းမွန်ရေး၊ ရပ်စောက်မြို့နယ် ပါမဲကျေးရွာအပါအဝင် ကျေးရွာ(၃)ရွာ လျှပ်စစ်မီးရရှိရေး၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး၊ နိုင်ငံတော်အနေဖြင့်ရှမ်းပြည်နယ် အတွင်းရှိကျေးရွာများ၌ ကျောင်းများ၊ အားကစားကွင်းများတည်ဆောက်ရန် ခွင့်ပြုပေးရေး၊ ရပ်စောက်မြို့နယ်အတွင်းမှ ထွက်ရှိသည့်ပြောင်းများအတွက် ဈေးကွက်ရှာဖွေပေးရေး၊ ခန်းမအပြင်မှ ဒေသခံ(၅)ဦးက အေးသာယာမြို့၌ စက်ရုံအလုပ်ရုံများတည်ဆောက်ပေးရန်နှင့် အလုပ်အကိုင် ဖန်တီးပေးရေး၊ နမ့်စန်မြို့နေပြည်သူများထံမှ သိမ်းဆည်မြေများအား ပြန်လည် စွန့်လွတ်ပေးနိုင်ရေးအတွက် သီးခြားစုံစမ်းရေးအဖွဲ့ဖြင့် ဆောင်ရွက်ပေးရေး၊ အေးသာယာမြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ နစ်နာခဲ့မှုအားဖြေရှင်းပေးရေး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် သွေးလှူဒါန်းမှုများအဆင်ပြေချောမွေ့စေရေး၊ ပြည်တွင်းစစ် အမြန်ချုပ်ငြိမ်းရေးအတွက် ပညာရေးကဏ္ဍမှာ အရေးကြီးသည့်အတွက် ပညာရေးဘတ်ဂျက် ပိုမိုခွင့်ပြုပေးရေး မေးခွန်းများနှင့်စပ်လျဉ်း၍တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေညောင်မြို့ရေစီးရေလာ ကောင်းမွန်ရေးအတွက် တိုင်းတာရေးလုပ်ငန်းများစတင် ဆောင်ရွက်နေပြီဖြစ်ရာ တိုင်းတာခြင်း လုပ်ငန်းပြီးစီးပါကဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်စောက်မြို့နယ်အတွင်းမှ ကျေးရွာများမီးလင်း ရေးအတွက် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းမြေကိစ္စကို လည်း ပြည်နယ်အစိုးရအနေဖြင့် အမြန်စုံစမ်းစစ်ဆေးပြီး ပြည်ထောင်စုအစိုးရသို့ အစီအရင်ခံစာတင်ပြသွားရန်လိုကြောင်း၊ အစိုးရအနေဖြင့် ပညာရေးကဏ္ဍကိုတစ်နိုင်ငံ လုံးအတိုင်း အတာဖြင့်ဆောင်ရွက်နေရသည့်အတွက် ဒေသအားလုံး မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးနေပါကြောင်း၊ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြောင်းဈေးကွက်ပိုမိုရရှိရေးအတွက် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဈေးကွက်ပိုမိုကောင်းမွန်လာနိုင်သည်ဟုသိရပါကြောင်း၊ အေးသာယာမြို့မှ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် ကြိုးစားပေးသွားမည်ဖြစ်ကြောင်း၊ နမ့်စန်မြို့နေ ပြည်သူများထံမှ သိမ်းဆည်မြေများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ စုံစမ်းရေးအဖွဲ့ စေလွှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြန်လည် ရှင်း လင်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး တိုင်းရင်းသား၊ တိုင်းရင်းသူကလေးငယ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်ကြီးမြို့ စူဠာမုနိစေတီ တော်သို့ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာစေတီတော်အတွက် အလှူငွေ များပေးအပ်လှူဒါန်းသည်။

Show More

Related Articles

Back to top button
Close