Headline NewsNewsRegion

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ

နေပြည်တော် ၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က ရှင်းလင်းတင်ပြခြင်းအား ယနေ့နံနက် ၉ နာရီ ခွဲအချိန်တွင် နိုင်ငံတော်သမ္မတ အိမ်တော်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဉီးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ ဥက္ကဌနှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်ကြသည်။

ပထမဦးစွာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ရှင်းလင်းတင်ပြရာတွင်-
– ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လများ၌ ARSA အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့် ရဲစခန်းများအား စတင်တိုက်ခိုက်မှုနှင့် ပြန်လည်တုံ့ပြန် နှိမ်နင်းမှုကြောင့် ဖြစ်ပွားခဲ့သည်ဆိုသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တာဝန်ခံမှုရှိစေရေး (accountability) အတွက် ယခုလအတွင်းတွင် နိုင်ငံတကာမျက်နှာစာ၌ နည်းလမ်းမျိုးစုံဖြင့် အရှိန်မြှင့် ဆောင်ရွက်လာသည်ကို တွေ့မြင်နေရကြောင်း၊
– ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား ပဋိပက္ခ အခြေအနေများသည် ၂၀၁၂ ခုနှစ်မှ စတင်၍ တစ်ကျော့ပြန် ကြီးထွားလာခဲ့ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန် ကို စတင်ယူချိန်မှစ၍ ရခိုင်ပြည်နယ်အရေးကိစ္စအား အဓိကဦးစားပေး လုပ်ငန်းတစ်ရပ် အနေနှင့် ကိုင်တွယ်ဖြေရှင်းရန် အလေးထားကြိုးပမ်းခဲ့ကြောင်း၊
– ယင်းပဋိပက္ခများအား အလေးပေး ဖြေရှင်းနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်၊ မေလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်သည့် အပြင် ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များ တင်ပြနိုင်ရေး အတွက် နိုင်ငံတကာကလေးစားသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ဆက်လက်ဖွဲ့စည်းခဲ့ကြောင်း၊
– ဖွံ့ဖြိုးမှုနောက်ကျသော ရခိုင်ပြည်နယ်အတွက် စီးပွားရေးနှင့် လူမှုအခွင့်အလမ်းများ တိုးတက်လာစေရန် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အပြုသဘော ဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများအား ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု ခဲ့ကြပြီး၊ အပြုသဘော တုံ့ပြန်ခဲ့ကြကြောင်း၊
– အကျိုးဆက်အားဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၌ ၁၉၉၁ ခုနှစ်မှ စ၍ အီးယူက နှစ်စဉ် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းကို ၂၀၁၆ ခုနှစ်တွင် ဆက်လက်တင်သွင်းခြင်း မရှိတော့ဘဲ ရပ်ဆိုင်းခဲ့သည့် အပြင် အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားသည့် စီးပွားရေး ကန့်သတ်ပိတ်ပင်မှုတွေကို ယင်းနှစ် စက်တင်ဘာလတွင် ဖယ်ရှားပေးခဲ့ကြောင်း၊
– သို့သော် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်တို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများအား ARSA (Arakan Rohingya Salvation Army) အဖွဲ့၏ စတင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း လုံခြုံသည့်နေရာများသို့ နေရပ်စွန့်ခွာသူ အမြောက်အမြား တိမ်းရှောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊
– ယင်းကဲ့သို့ လူသားချင်းစာနာမှု အခြေအနေများကြောင့် နိုင်ငံတကာက ရခိုင်ကိစ္စအပေါ် အထူးအာရုံစိုက်လာကြပြီး၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ ပြန်လည် မြင့်တက်လာခဲ့ကြောင်း၊ ပြည်တွင်းမှ တုံ့ပြန်ဖြေရှင်းမှုနှင့် သဘောထားအမြင်များကို နိုင်ငံတကာဘက်မှ လျစ်လျူရှု၍ ဖိအားပေးမှုများသာ ပိုမိုပြုလုပ်ခဲ့ကြကြောင်း၊
– မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား တတ်နိုင်သမျှ အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်နိုင်ငံ သဘောတူညီချက်(၃)ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊
– ပြန်လည်ရောက်ရှိလာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရေး အတွက်လည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
– အာဆီယံ အနေဖြင့် ရခိုင်ပြည်နယ်တွင် ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး၊ အစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော်ရေးအတွက် ဦးစားပေး စီမံချက်(၇)ခုကို အကောင် အထည်ဖော်ရန်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ ယာယီ အထောက်အကူပြုအဖွဲ့ (Ad hoc support team) တစ်ခုကို ထားရှိပေးရန် ရှိကြောင်း၊ ပြည်တွင်းရှိ နေရပ်စွန့်ခွာသူများ၏ ယာယီစခန်းများအား စနစ်တကျ ပိတ်သိမ်းရေး မဟာဗျူဟာကိုလည်း ၁၉-၁၁-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ် ကြောင်း၊
– တာဝန်ခံမှု (accountability) ရှိစေရေးအတွက် အစိုးရအနေဖြင့် လျစ်လျူရှုထားခြင်း မရှိဘဲ ဒုတိယသမ္မတ(၁) ဦးဆောင်သည့် ရခိုင်ပြည်နယ်‌ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည့်အပြင် သံအမတ်ကြီး Rosario Manalo ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ထောင်ပေးခဲ့ပြီး၊ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်လျက်ရှိကြောင်း၊
– တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံးကို တည်ထောင်ပြီး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း၊ ICOE ၏တွေ့ရှိချက် အစီရင်ခံ စာကို ယခုနှစ်မကုန်မီ တင်သွင်းသွားမည် ဖြစ်ကြောင်း၊ ICOE အချက်အလက်ရှာဖွေရေး အဖွဲ့အနေဖြင့် ကော့ဇ်ဘဇားဘက်သို့ သွား ရောက်ပြီး စုံစမ်းမေးမြန်းခွင့်ရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း၊ ICOE အစီရင်ခံစာအရ သက်သေထင်ရှားသော ချိုးဖောက်မှုများ ရှိသည်ဆိုပါက ဥပဒေကြောင်းအရ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ရပ်တည်ပြောကြားထားကြောင်း၊
– အစိုးရအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း စိစစ်တွေ့ရှိသူ များ အားလုံးကို ပြန်လည်လက်ခံရန် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နှင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တို့တွင် နေရပ်စွန့်ခွာသူများအား ပြန်လည် လွှဲပြောင်းရန် နှစ်ဖက် စီစဉ်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် ပို့ဆောင်ခဲ့ခြင်းမရှိသည့်အတွက် အထမမြောက်ခဲ့ကြောင်း၊
– နေရပ်စွန့်ခွာသူများအတွက် မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ဆောင်ရွက်ထားမှု အစီအစဉ်များကို သိရှိစေနိုင်ရန် ကော့ခ်ဘဇားသို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ နောက်တစ်ကြိမ် အလားတူအဖွဲ့ စေလွှတ်ရန်ကိုလည်း ဘင်္ဂလားဒေ့ရှ် ဘက်သို့ အဆိုပြုထားကြောင်း၊
– သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများအရေးကို ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့်အစား မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးဖိအား ပိုမိုပေးနိုင်ရေးအတွက်သာ OIC နိုင်ငံများ၏အင်အားကိုယူ၍ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာ မျက်နှာစာပေါင်းစုံတွင် ချဉ်းကပ်စည်းရုံးနေသည်ကို တွေ့မြင်ရကြောင်း၊
– မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီ၊ အထူးအစီရင်ခံစာ တင်သွင်းသူ၊ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၊ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးယန္တရား (IIMM)၊ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အထွေထွေ ညီလာခံ တတိယကော်မတီနှင့် လုံခြုံရေးကောင်စီ စသည့် ကုလသမဂ္ဂယန္တရား(၇)ခုဖြင့် မြန်မာနိုင်ငံကို လေ့လာ စောင့်ကြည့်လျက်ရှိကြောင်း၊
– ပြဿနာများအား ငြိမ်းချမ်းစွာ စေ့စပ်ဖြေရှင်းပေးရမည့် ကုလသမဂ္ဂအနေဖြင့်လည်း ပြဿနာဖြေရှင်းရေးထက် တာဝန်ခံမှု (Accountability) ကိစ္စပေါ်တွင် ငွေကြေး အမြောက်အမြား အကုန်ကျခံပြီး၊ ပိုမိုအလေးထား ဆောင်ရွက်နေခြင်းကို တွေ့ရှိရ ကြောင်း၊
– မြန်မာနိုင်ငံအနေဖြင့် ပြဿနာဖြေရှင်းရေးအတွက် လက်တွေ့ကျပြီး၊ မျှတမှုရှိသော ချဉ်းကပ်မှုမျိုးဖြင့် ကူညီပံ့ပိုးမှုများကို ကြိုဆိုသွားမည်ဖြစ်ကြောင်း၊
– ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လူ့အ ခွင့်အရေးကောင်စီမှ တာဝန်ပေးအပ်မှုမရှိဘဲ ရခိုင်ဒေသအခြေအနေဆိုင်ရာ ‘flash report’ တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း၊
– ယင်းအစီရင်ခံစာကို တရားဝင်ဖြစ်စေရေးအတွက် အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သွားရောက်လေ့လာစေခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကျင်းပသည့် (၃၄)ကြိမ် မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ တင်သွင်းသည့် ၎င်း၏အစီရင်ခံစာတွင် ‘flash report’ ပါ အချက်အလက်များကို ကိုးကားဖော်ပြခဲ့ကြောင်း၊
– ယင်းအစီရင်ခံစာပေါ်အခြေခံ၍ မစ္စတာဒါရူစမန်ဦးဆောင်သည့် အဖွဲ့ဝင်(၃) ဦးပါ မြန်မာ နိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊
– မြန်မာနိုင်ငံအနေဖြင့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ ဖွဲ့စည်းမှု၊ လုပ်ပိုင်ခွင့်နှင့် တရားမျှတစွာ လုပ်ဆောင်နိုင်မှုများအပေါ် ယုံကြည်မှု မရှိသည့်အတွက် ယင်းအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်ကပင် ကန့်ကွက်ခဲ့ကြောင်း၊
– FFM သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး၊ လူအခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများအား ICC သို့ တင်ပြရေးအတွက် တောင်းဆိုခဲ့ကြောင်း၊
– FFM ၏ ထောက်ခံတင်ပြချက်အရ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် လူ့အခွင့်အရေး ကောင်စီက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) တည်ထောင်ရန် ဆုံးဖြတ် ခဲ့ကြောင်း၊ မြန်မာနိုင်ငံအား တရားစွဲဆိုမည်ဆိုပါက လိုအပ်သည့် အချက်အလက်များ ပံ့ပိုးပေးနိုင်ရေးအတွက် IIM ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊
– လူ့အခွင့်အရေး ကောင်စီအနေဖြင့် IIM အား ဖွဲ့စည်းခြင်းသည် ယင်း၏ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်နေသည့်အတွက် OIC နိုင်ငံအချို့ကပင် လက်မခံဘဲ ချွင်းချက်ပြုခြင်း (Reservation) ပြုလုပ်ခဲ့ကြကြောင်း၊
– IIM ၏ အကြီးအကဲအဖြစ် ခန့်အပ်ထားသည့် Mr. Nicholas Koumjian က ယခု လဆန်းပိုင်းတွင် ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ်    ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအား ခုံရုံးတင်ရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) တည်ထောင်ခြင်းကိုလည်း မြန်မာနိုင်ငံမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြောင်း၊
– အလားတူ ကုလသမဂ္ဂ၊ အထွေထွေညီလာခံ၊ တတိယကော်မတီတွင် မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းကို ၂၀၁၇ ခုနှစ်မှစ၍ OIC နှင့် အီးယူတို့ က ပူးတွဲ ပြန်လည်တင်သွင်းခဲ့ပြီး၊ အဆိုပါအဖွဲ့ (၂) ဖွဲ့မှာ စုစုပေါင်း အဖွဲ့ဝင်နိုင်ငံ (၈၅)နိုင်ငံ ပါဝင်သဖြင့် ၎င်းတို့၏ အဆိုမူကြမ်းများကို လွယ်ကူစွာတင်သွင်းနိုင်သည့် အနေအထားတွင် ရှိနေကြောင်း၊
– ယခင်နှစ်များက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ‘The Situation of human rights in Myanmar’ ခေါင်းစဉ်ဖြင့် တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင်မူ ရခိုင်ပြည်နယ်မှ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ ခေါင်းစဉ်     ဖြင့်အမည်ပြောင်း၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း၊
– ယင်းအဆိုအပေါ် မြန်မာနိုင်ငံ အနေဖြင့် ကန့်ကွက်မဲပေးခဲ့ကြောင်း၊ (သို့သော် ဆုံးဖြတ်ချက် တွင် မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုရေးအတွက် တောင်းဆိုသည့် စာသားကို အဖွဲ့ဝင် နိုင်ငံအချို့က လိုလားကြသော်လည်း နိုင်ငံအများစုက လက်မခံသည့် အတွက် မပါဝင်ခဲ့ကြောင်း၊
– အဆိုပါ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ တာဝန်ပေးထားသည့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးနှင့်မူ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ အထူးကိုယ်စားလှယ်၏ နဝမအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ယခုလအတွင်း စီစဉ်ပေးခဲ့ကြောင်း၊
– ကုလသမဂ္ဂယန္တရားများအရ မြန်မာနိုင်ငံကို အရေးယူနိုင်မည့် အခြေအနေ မရှိသေးသည့်အတွက် OIC နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုလမ်းကြောင်းမှ မြန်မာနိုင်ငံအား အရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းကို ကြိုးပမ်းလာကြခြင်းဖြစ်‌ကြောင်း၊
– ယခု နိုဝင်ဘာလအတွင်း (လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ တာဝန်ခံမှုရှိစေရေး (Accountability) အတွက်) အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှု၊ လူ့အခွင့်အရေးအဖွဲ့များက Universal Jurisdiction ‘ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့်’ မူဖြင့် အာဂျင်တီးနား ဖက်ဒရယ် တရားရုံး၌ တရားစွဲဆိုမှုနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး ICC က မြန်မာနိုင်ငံအပေါ် တရားဝင် စုံစမ်းစစ်ဆေးခွင့်ပြုကြောင်း အမိန့်ချမှတ်မှုများ တစ်ဆက်တည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသည့် လွတ်လပ်သော စုံစမ်းစစ် ဆေးရေး ယန္တရား (IIM) ကလည်း သက်သေအချက်အလက်များ ရှာဖွေစုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊
– ICC နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် Rome Statute ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် အတွက် မြန်မာနိုင်ငံအပေါ် စီရင်ခွင့်အာဏာ မရှိကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် တရားဝင် ထိတွေ့ ဆက်သွယ်ဖြေရှင်းမည်မဟုတ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ သဘော ထား ရပ်တည်ချက်များအား သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစည်းအဝေးများ၌ ထုတ်ဖော်ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊
– အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအား ICC တွင် အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် လွှဲပြောင်းပေးမှသာ ဖြစ်နိုင်ကြောင်း၊
– မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း အဖွဲ့ဝင်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူများအစုလိုက်အပြုံလိုက်မောင်း ထုတ်မှု ဖြစ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို အကြောင်းပြ၍ ICC တရားရုံး Prosecutor တစ်ဦး၏ လျှောက်ထားချက်အရ စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊
– “Universal Jurisdiction”မူအရ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော် ခေါင်းဆောင်များအား လူသားမျိုးနွယ်များအပေါ် ကျူးလွန်မှုနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုတို့ကို ကာကွယ် တားဆီး အပြစ်ပေးအရေးယူခြင်း မပြုလုပ်ခဲ့သည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက အာဂျင်တီးနား ဖက်ဒရယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကိစ္စမျိုးဖြစ်ပါက မည်သည့်နိုင်ငံက မဆို အရေးယူခွင့်ရှိရမည်ဆိုသည့် “Universal Jurisdiction” မူဖြင့် မဟုတ်မမှန် စွပ်စွဲထားသည့် ကိစ္စဖြစ်ကြောင်း၊
– ယင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းခြင်းပြုမည် မဟုတ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အခြေအနေများမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ကြောင်းနှင့် ပကတိဖြစ်ရပ်မှန်များကို သံတမန် လမ်းကြောင်းအရ နိုင်ငံ တကာကို ဆက်လက်ရှင်းလင်း ပြောကြားမှုများ ပြုလုပ်သွားမည်သာ ဖြစ်ကြောင်း၊
– နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ICJ ၌ တရားစွဲဆိုကြောင်းကို  ICJ မှ မြန်မာနိုင်ငံအစိုးရဘက်သို့ တရားဝင် အသိပေး အကြောင်းကြားလာကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အရေးကိစ္စများ တွင် မြန်မာနိုင်ငံသည် Genocide ကွန်ဗင်းရှင်းဟု ခေါ်ဆိုသည့် ကုလသမဂ္ဂ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုကို တားဆီးရေးနှင့် အရေးယူအပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းအား လိုက်နာမှုမရှိဟူသည့် စွပ်စွဲချက်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး၊ အပြီးသတ်စီရင်ချက် မချမှတ်မီ “Provisional Measures” ဟု ခေါ်သည့် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ဆောင်ရွက်ရေး အတွက် အမိန့်ချမှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊
– ICJ ရှေ့မှောက် ရင်ဆိုင်ရသည့်အမှုတစ်ခုအနေဖြင့် ဖြေရှင်းရသော အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်လေ့ရှိရာ၊ ယခုဖြစ်ပေါ်နေသည့် အခြေအနေကို ပိုမို ဆိုးရွား မလာစေရန် ကာကွယ်တားဆီးရေးအတွက် အဆိုပါ Provisional Measures ကို ရက်တို အတွင်း ချမှတ်ရန်တောင်းဆိုလာခြင်း ဖြစ်ကြောင်း၊
– ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့မှ နှုတ်ဖြင့် လျှောက်လဲချက် တင်သွင်းရန် အပြည်ပြည်ဆိုင်ရာတရားရုံးက အချိန်ဇယားသတ်မှတ်ခဲ့ကြောင်း၊
– ကုလသမဂ္ဂပဋိဉာဉ်အရ အပြည်ပြည်ဆိုင်ရာတရားရုံးသည် ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာ အဓိကအစိတ်အပိုင်းဖြစ်ပြီး၊ ကုလ သမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အလိုအလျောက်အဖွဲ့ဝင်များ ဖြစ်ကြကြောင်း၊ ICJ အနေဖြင့် အဖွဲ့ဝင် နိုင်ငံများအကြားဥပဒေအရ အငြင်းပွားမှုရှိပါက ဖြေရှင်းဆုံးဖြတ်ပေးသည့် တရားရုံး ဖြစ်ကြောင်း၊
– မြန်မာနိုင်ငံသည် Genocide ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်လည်း ဖြစ်ကြောင်း၊ ယင်းကွန်ဗင်းရှင်း ၏ အခန်း (၉) အရ ကွန်ဗင်းရှင်းကို လိုက်နာခြင်းနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများပေါ်ပေါက်ခဲ့ပါက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ တင်သွင်းနိုင်သည်ဟု ဖော်ပြထားကြောင်း၊
– ထို့ပြင် ICJ ၏ စာချုပ်၊ အပိုဒ် ၅၃(၁)အရ တစ်ဖက်အမှုသည်နိုင်ငံသည် တရားရုံး၌ သွားရောက် အမှုရင်ဆိုင်ခြင်း မရှိလျှင် သို့မဟုတ် အမှုကို ကာကွယ်ချေပခြင်း မရှိလျှင် အခြားတစ်ဖက်အမှုသည်နိုင်ငံက အမှုကို ယင်းအား အနိုင်ပေးဆုံးဖြတ်ရန် တရားရုံးသို့ တောင်းဆိုနိုင်မည် ဖြစ်ကြောင်း၊
– ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံအား တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ ဂမ်ဘီယာ နိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်ခဲ့ခြင်း မရှိသော်လည်း အစ္စလာမ်ဘာသာဝင်များအရေး နှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် OIC အတွင်း တက်ကြွစွာပါဝင်ခဲ့သည်ကို တွေ့ရှိ ရကြောင်း၊
– ရခိုင်အရေးကိစ္စကို ဖြေရှင်းရေးအတွက် OIC က ယမန်နှစ် မေလအတွင်း ဒါကာမြို့တွင် ကျင်းပခဲ့သည့် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် ဝန်ကြီးအဆင့် ad hoc ကော်မတီတစ်ရပ်ကို ဂမ်ဘီယာနိုင်ငံက ဦးဆောင်ခဲ့ကြောင်း၊
– ဂမ်ဘီယာနိုင်ငံက OIC ကိုယ်စား မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုရန် တိုက်တွန်းခဲ့ကြောင်း၊ မေလကုန်တွင် ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် OIC ထိပ်သီးညီလာခံတွင် အတည်ပြုခဲ့သည့် အပြီးသတ်ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း၊
– ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၃-၁-၂၀၁၁ ရက်နေ့တွင် သံတမန် ဆက်ဆံမှု တည်ထောင်ထားသည်မှအပ နှစ်နိုင်ငံဆက်သွယ်မှု မရှိသလောက် နည်းပါးသည့် နိုင်ငံဖြစ်ကြောင်း၊
– မြန်မာနိုင်ငံအနေဖြင့် ယင်းအမှုအား ရင်ဆိုင်ဖြေရှင်းသွားရန် ကျွမ်းကျင်သည့်ရှေ့နေများ ဥပဒေအကြံပေးများ ငှားရမ်းထားပြီးဖြစ် ကြောင်း၊
– ICC သည် နိုင်ငံတကာပြစ်မှုကျူးလွန်သူကို ပစ်မှတ်ထား၍ ICJ သည် လူမျိုးသုဉ်း သတ်ဖြတ်မှုကို ကာကွယ်တားဆီးမှုနှင့် အရေးယူဆောင်ရွက်မှုမရှိခြင်းတို့အတွက် နိုင်ငံတော် (State) ကို အရေးယူမှု ပြုလုပ်လာနိုင်ကြောင်း၊
– သို့ဖြစ်ရာ ICJ တွင် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် စနစ်တကျ ပြင်ဆင်၍ ဖြစ်ရပ်မှန်များ တင်ပြနိုင်ရေးနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် လက်ရှိ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို အစိုးရအဖွဲ့ဝင်များ သာမက အများ ပြည်သူသိရှိ နားလည်စေရန် ရှင်းလင်းပြောကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေက ရှင်းလင်းတင်ပြရာတွင်-
– ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ် စား မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် တရားစွဲဆိုမှုတစ်ခုတင်သွင်းခဲ့ကြောင်း၊
– ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များမှာ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုအပေါ်တွင် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်း၊ ထိုလူမျိုးစု၏ တရားဝင် ရပိုင်ခွင့်များကို ပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ၎င်းတို့အား ဆန့်ကျင်သည့် အမုန်းတရားများကို ဝါဒဖြန့်ခဲ့ခြင်း၊ ထိုလူမျိုးစုများကို အစုအဖွဲ့တစ်ခုအဖြစ် ပစ်မှတ်ထား၍ အစုလိုက်၊ အပြုံလိုက် လူမျိုးတုံးသတ်ဖြတ် မှုများ ကျူးလွန်နေခြင်း၊ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်း၊ ထိုလူမျိုးစုအား လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း စသည်တို့ဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များမှာ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့်ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း ၁၉၄၈) ၏ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့အရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်ဟူ၍ ဖြစ်ကြောင်း၊
– ဂမ်ဘီယာနိုင်ငံ၏ လျောက်ထားချက်များမှာ မြန်မာနိုင်ငံသည် ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း ၊ ပုဒ်မ (၃)၊ အပိုဒ်ခွဲ(ခ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန်ရန် လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဃ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င)အား ချိုးဖောက်၍ လူမျိုးတုံးသတ်ဖြတ်မှုအား ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ(၁)အရ လူမျိုးတုံးသတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၁)၊ ပုဒ်မ(၄)နှင့် ပုဒ်မ(၆)တို့အရ လူမျိုးတုံး သတ်ဖြတ်မှု အား အပြစ်ပေးရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၅)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ (သို့မဟုတ်) ပုဒ်မ(၃)တွင် ပြဌာန်းထားသော ပြစ်မှုများကို ကျူးလွန်သူများအား ထိရောက်သည့် ပြစ် ဒဏ်ချမှတ်နိုင်ရန် လိုအပ်သော ပြဌာန်းထားမှုမရှိခြင်းတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားကြောင်း၊
– ထို့ပြင် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)အနေဖြင့် ကြားဖြတ်စီမံ ဆောင်ရွက်ရန် တောင်းဆိုထားသောအချက်များမှာ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် ချမှတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု ဥပဒေအား လိုက်နာအကောင် အထည်ဖော်ရန် မြန်မာနိုင်ငံမှ လိုအပ်သည့် ဆောင်ရွက်ရမည့်ကိစ္စအားလုံးကို အမြန်ဆုံး ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ တပ်မတော်၊ တပ်မတော်အား အထောက်အကူပြုသည့် လက်နက်ကိုင်အဖွဲ့အစည်း၊ ပြည်သူ့စစ် (သို့မဟုတ်) အမြဲတမ်းမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများသာမက အခြားသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံစည်ခြင်းများ မပြုလုပ်ရန်၊ လျှောက်ထားချက်တွင် ဖော်ပြထားသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သော သက်သေများအား မြန်မာနိုင်ငံအနေဖြင့် ဖျက်ဆီးခြင်းမပြုရန်၊ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့ အနေဖြင့် မည်သည့်လက်တုံ့ပြန်ဆောင်ရွက်ချက်မျှ မပြုလုပ်ရန်နှင့် လျှောက်ထားချက်တွင် ပါရှိသော လက်ရှိအငြင်းပွားမှုအား ပိုမိုဆိုးရွားစေမည့် မည်သည့်ဆောင်ရွက်ချက်ကိုမှ မပြုလုပ်ရန်၊ မြန်မာနှင့် ဂမ်ဘီယာနှစ်နိုင်ငံမှ ကြားဖြတ်စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှု အစီရင်ခံစာအား ကြားဖြတ်စီမံဆောင်ရွက်ချက်များ စတင်ချမှတ်သည့်နေ့မှစ၍ (၄)လထက် နောက်မကျစေဘဲ တရားရုံးသို့ တင်ပြရန် စသည်တို့ဖြစ်ကြောင်း၊
– အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ရန် လိုအပ်သည့် အကြောင်းပြချက်များအဖြစ် ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုဝင်များအား သတ်ဖြတ်ခြင်း၊ အဆိုပါလူမျိုးစု၏ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုခြင်းနှင့် အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံများဖြင့် ထိခိုက်စေခြင်း၊ ထိုလူမျိုးစုဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အခြားသော ရက်စက်သည့် ပြုမူဆက်ဆံခြင်းများ ခံစားရစေခြင်း၊ ထိုလူမျိုးစုအား တစ်ခုလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ် ၍ အစားအစာ၊ နေအိမ်နှင့် အခြားမရှိမဖြစ်လိုအပ်သော အရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ ဖြတ်တောက်ခြင်းများကို မြန်မာ နိုင်ငံက ဆောင်ရွက်ခဲ့သည်ဟု တင်သွင်းထားကြောင်း၊
– ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့်ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ယင်းကွန်ဗင်းရှင်းကို ၁၉၅၆ ခုနှစ် မတ်လ ၁၄ ရက်တွင် Ratification အသက်ဝင်ခဲ့ပြီး ယင်းနေ့တွင်ပင် ခြွင်းချက်ကြေညာခြင်း(Reservation/Declaration) (၂)ခု ပြုလုပ်ခဲ့ကြောင်း၊
– ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကြားနာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ၁၁ ရက်တွင် မြန်မာနိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ၁၂ ရက်တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့က ဒုတိယအကြိမ် ပြန်လည်ထွက်ဆိုခြင်း ပြုလုပ်မည်ဖြစ်ကြောင်း၊
– အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်း ကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများ ငှားရမ်းထားပြီးဖြစ်ကြောင်းဖြင့် ရှင်းလင်းတင်ပြပါသည်။
သာမန်အားဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရင်ဆိုင်ဖြေရှင်းကြရာ၌ သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကို ကိုယ်စား လှယ်အဖြစ် ခန့်အပ်ဆောင်ရွက်လေ့ မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ တရားရေးဝန်ကြီးနှင့်ရှေ့နေချုပ်ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခံရခြင်းနှင့်ပတ်သက်သည့် အရေးကိစ္စအားလုံးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကို ပူးတွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့ကို စနစ်တကျ ပြင်ဆင်စုဖွဲ့၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင် သွားရောက်ရန် ရှိကြောင်းသတင်းရရှိသည်။

 

Show More

Related Articles

Back to top button
Close