Headline NewsNewsRegion

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်သည့် ခရီးစဉ် (ဒုတိယနေ့)

၂၅ နို၀င်ဘာ ၂၀၁၉ ရက်၊ ကိုးရီးယားနိုင်ငံ ဘူဆန်မြို့

ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နို၀င်ဘာ လ(၂၅) ရက်၊ ဒေသစံတော်ချိန် ၁၁:၄၅ နာရီအချိန်တွင် BEXCO Exhibition Centre II ၌ ကျင်းပပြုလုပ်သည့် ASEAN-ROK Culture Innovation Summit သို့ တက်ရောက်ပြီး “Growing with Art” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များရှင့်၊

အနုပညာ၊ ယဉ်ကျေးမှုနဲ့ နည်းပညာဆိုင်ရာ နယ်ပယ်များမှ ကိုယ်စားလှယ်များစွာနဲ့ တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။

ယဉ်ကျေးမှုလုပ်ငန်းရဲ့ အောင်မြင်မှုဟာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူပြုလျက်ရှိပါတယ်။၂၀၁၄ ခုနှစ်မှာဆိုရင် ယဉ်ကျေးမှုလုပ်ငန်းများဟာ ကမ္ဘာ့ဝင်ငွေ အမေရိကန် ဒေါ်လာ ၂,၂၅၀ ဘီလီယံနဲ့ အလုပ်အကိုင် ၂၉.၅ သန်းကို ဖန်တီးပေးနိုင်ခဲ့ပြီး၊ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုပို့ကုန်တန်ဖိုးဟာ ၂၀၁၇ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၈.၂ ဘီလီယံ အထိရှိ ခဲ့ပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ ကုန်သွယ်ရေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေပါဝင်လာမှု တိုးတက်လာပေမယ့် အာဆီယံနိုင်ငံများဟာ တန်ဖိုးကွင်းဆက်ရဲ့သုံးစွဲမှုပိုင်းမှာသာရှိနေဆဲဖြစ်တဲ့အတွက် ကမ္ဘာ့ယဉ်ကျေးမှု ကုန်သွယ်ခြင်းကဏ္ဍရဲ့ အောင်မြင်မှုရလဒ်ကို အပြည့်အဝခံစားနိုင်ခြင်း မရှိသေးတာကို တွေ့မြင်ရပါတယ်။

ဒါကြောင့် ဒီနေ့ ကျင်းပတဲ့ ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု ထိပ်သီးအစည်းအဝေးဟာဆိုရင် ယဉ်ကျေးမှုနဲ့ နည်းပညာပိုင်းဆိုင် ရာ ကျွမ်းကျင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အသင့်လျော်ဆုံးသော အစည်းအဝေးတစ်ခုဖြစ်ပါတယ်။

ဒီကနေ့မှာ မိမိအနေနဲ့ အချက်အလက်အချို့ကိုဆွေးနွေးသွားလိုပါတယ်။

ပထမအချက်အနေနဲ့ ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပင်ကိုယ်စွမ်းရည်နဲ့ နည်းပညာတို့ဟာ မောင်းနှင်အားတစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကို ဆွေးနွေးလိုပါတယ်။

ယဉ်ကျေးမှုကဏ္ဍဟာ အခြားလုပ်ငန်များနှင့်မတူ ထူးခြားပါတယ်။ ဒီကဏ္ဍမှာ တီထွင်မှုနဲ့ ဆန်းသစ်မှုဟာ အဓိကကျပြီး ပင်ကိုစွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေက ယဉ်ကျေးမှုလုပ်ငန်းရဲ့ အသက်သွေးကြောပဲဖြစ်ပါတယ်။

ဒီယဉ်ကျေးမှုလုပ်ငန်းမှာ လုပ်ကိုင်ကြသူများအနေနဲ့ အနုပညာဖန်တီးမှု တန်ဖိုးမှာသာမက ပရိသတ်များနဲ့ ထိတွေ့ဆက်ဆံရေးအတွက်နဲ့ လုပ်ငန်းများစီမံခန့်ခွဲနိုင်ရေးတို့မှာလည်း တီထွင်ဆန်းသစ်တဲ့ နည်းလမ်းများ အမြဲမပြတ် ရှာဖွေနေဖို့လိုပါတယ်။

ဒါကြောင့် ယဉ်ကျေးမှုလုပ်ငန်းမှာလိုအပ်တဲ့ ပင်ကိုစွမ်းရည်ဟာ ဖန်တီးမှုဆိုင်ရာ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်မှုအထိသာ ကန့်သတ်မထားပဲ ယဉ်ကျေးမှုလုပ်ငန်းအနေနဲ့ သတင်းအချက်အလက်နည်းပညာ၊ အချင်းချင်း ကွန်ယက်ဖြန့်ကျက် ဆက်သွယ်နိုင်တဲ့ အရည်အသွေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းများလည်း လိုအပ်လျက်ရှိပါတယ်။

အင်တာနက်ရဲ့ ထိုးဖောက်ဝင်ရောက်မှုနဲ့ မိုဘိုင်းဖုန်း အသုံးပြုနိုင်မှု တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုတန်ဖိုးတွေကို ခံစားမှုပုံစံများလဲ ပြောင်းလဲလာတဲ့အတွက် ယဉ်ကျေးမှုလုပ်ငန်း အနေနဲ့လည်း ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှုစွမ်းရည်နဲ့ နည်းပညာပိုင်းတို့မှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်လျက် ရှိပါတယ်။

ဧည့်သည်တော်များရှင့်

ဒုတိယအချက်အနေနဲ့ ငြိမ်းချမ်းမှုမြှင့်တင်ခြင်းနဲ့ ၂၁ ရာစုမှာ ရင်ဆိုင်နေရတဲ့ ကိစ္စရပ်များကို ဖြေရှင်းရေးမှာ ယဉ်ကျေးမှုလုပ်ငန်းများရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ဆွေနွေးလိုပါတယ်။

မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအသီးသီးအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ယဉ်ကျေးမှု လုပ်ငန်းများဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ ယဉ် ကျေးမှုဖလှယ်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မျှမျှတတ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပါတဲ့အနေအထားမှာရှိပြီး၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများအကြား အပြန်အလှန်လေးစားမှုကို ဖြစ်ထွန်းစေကာ ငြိမ်းချမ်းစွာနေထိုင်တဲ့ အလေ့အကျင့်များကို ထွန်းကားစေပါတယ်။

ယနေ့ မိမိတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ နေရာအနှံ့ စိမ့်ဝင်ပျံ့နှံ့နေတဲ့ သဘောသဘာဝ ရှိတဲ့အတွက် လူမှုအဖွဲ့အစည်း တစ်ရပ်လုံး ဘက်စုံမှ ချဉ်းကပ်အဖြေရှာရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အစိုးရအသီးသီး အနေနဲ့လည်း လူမှုအဖွဲ့အစည်းများနဲ့ လုပ်ငန်းများရဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီပံ့ပိုးမှုများ လိုအပ်လျက်ရှိပါတယ်။

မီဒီယာ၊ အနုပညာရှင်များနဲ့ ပြည်သူကို လွှမ်းမိုးနိုင်စွမ်းရှိသူတို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ စွမ်းအားတိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုနဲ့ တီ ထွင်ဆန်းသစ်မှု လုပ်ငန်း နယ်ပယ်များဟာ ငြိမ်းချမ်းရေးမြှင့်တင်ရေးနဲ့ ပြဿနာများဖြေရှင်းရေးမှာ ပိုမို အရေးပါလာပါတယ်။

ရာသီဥတုပြောင်းလဲခြင်းလို ပြသာနာရပ်မျိုးကို ကိုင်တွယ်ရာမှာ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများကလည်း သိသိသာသာ ပါဝင်ကူညီနိုင်ပါတယ်။ ရာသီဉတုပြောင်းလဲမှုရဲ့ တိုးမြင့်လာတဲ့ ခြိမ်းခြောက်မှုတွေကို လူတစ်ဦးတစ်ယောက်စီရဲ့ အမူအကျင့်များပြောင်းလဲခြင်းဖြင့်သာ ပိုမို ထိရောက်စွာ တုန့်ပြန်နိုင်မှာဖြစ်တဲ့အတွက်၊ မှန်ကန်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေကို မိမိတို့အနေနဲ့ ရှာဖွေဖို့ လိုအပ်လျက် ရှိပါတယ်။

ဒါနဲ့စပ်လျဉ်းလို့ မကြာသေးခင်က ဂျာမနီနိုင်ငံမှာ ဂန္ထဝင်သံစုံတီးဝိုင်းတစ်ခုက ရာသီဥတုပြောင်းလဲမှု အကြောင်းကို ဖော်ကျူးရာမှာ Antonio Vivaldi ရဲ့ လေးရာသီ (The Four Seasons) တယောဖျော်ဖြေပွဲက ရာသီဥတုအချက်အလက်များကို အခြေခံတဲ့နည်းစနစ်ကို အသုံးပြုပြီး တင်ဆက်ခဲ့တာဟာဆိုရင် အလွန်ဆန်းသစ်ပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်နိုင်ဖို့ ဒီလို အစီအစဉ်သစ်တွေ များစွာလိုအပ်လျက် ရှိပါတယ်။

အစွန်းရောက်မှု တိုက်ဖျက်ရေးဟာလည်း ယဉ်ကျေးမှုနယ်ပယ်မှာ ပြည်သူကို လွှမ်းမိုးနိုင်စွမ်းရှိသူများ အနေနဲ့ ပါဝင်အကူအညီပေးနိုင်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးမှု ကွဲပြားခြားနားမှုကို ပဋိပက္ခများ၊ အစွန်းရောက်မှုများ ဖြစ်ပွားစေတဲ့ အကြောင်းရင်းခံတစ်ခုအနေနဲ့ ရှုမြင်လေ့ ရှိတတ်ကြပေမယ့် တစ်ခါတစ်ရံမှာ ပဋိပက္ခအတွက် အကြောင်းပြချက် သက်သက်သာဖြစ်တတ်ပါတယ်။

ပဋိပက္ခများ ဖြစ်ပွားရတဲ့ အကြောင်းရင်းခံများကို နက်နက်နဲနဲ ရှာဖွေရန်လိုအပ်တဲ့အပြင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို အသိ အမှတ်ပြု လေးစားတန်ဖိုးထားတတ်ဖို့အတွက် မိမိတို့အနေနဲ့ ယဉ်ကျေးမှု ဆိုင်ရာအသိပညာနဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုအကြား ဆက်ဆံရေး စွမ်းရည်တို့ကို အသုံးချရမှာ ဖြစ်ပါတယ်။ သို့မှသာ အားလုံးရဲ့ စိတ်နဲ့နှလုံးများဟာ စုစည်း ပေါင်းစပ်လာကြမှာ ဖြစ်ပါတယ်။

ယဉ်ကျေးမှုလုပ်ငန်းဟာ မညီမျှမှုတွေကို လျှော့ချရာမှာလည်း များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ယဉ်ကျေးမှုကဏ္ဍဟာ လူငယ်လူရွယ်တွေကို အလုပ်အကိုင်ရရှိစေပြီး၊ အမျိုးသမီးများကို ဦးစားပေးတဲ့အပြင်၊ ယဉ်ကျေးမှုလုပ်ငန်းကို အသေးစားစီးပွားရေးလုပ်ငန်းများနဲ့ တစ်ဦးချင်းစီက ဆောင်ရွက်တာဖြစ်တဲ့အတွက် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများဟာ နုပျိုလန်း ဆန်းတယ်၊ အားလုံး ပါဝင်တယ်၊ စီးပွားရေးစွမ်းဆောင်မှုရှိတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

ဒါကြောင့်၊ တီထွင်ဆန်းသစ်မှုလုပ်ငန်းက လူငယ်များ၊ အမျိုးသမီးများ၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးရုံသာမက လူမှုရေး မညီမျှမှု နဲ့ နိုင်ငံနဲ့ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို ကျဉ်း မြောင်းစေဖို့အတွက် အလားအလာများစွာ ရှိတာကြောင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းကဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ အင်အားကြီးအရာတစ်ခု ဖြစ်ပါတယ်။

ဧည့်သည်တော်များရှင့်

တတိယအချက်အနေနဲ့ ယဉ်ကျေးမှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကို အလေးထား ပြောကြားလိုပါတယ်။

ယဉ်ကျေးမှုကဏ္ဍမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဉီးဆောင်နေတဲ့ ကိုရီးယား သမ္မတနိုင်ငံဟာ အာဆီယံရဲ့ တန်ဖိုးရှိတဲ့မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် နှစ်ဖက်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ခိုင်မာစေဖို့ အခွင့်အလမ်းများစွာ ရှိနေပါ တယ်။

မိမိတို့ဒေသမှာရှိတဲ့ စုံလင်ပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေဟာ အနုပညာ တန်ဖိုးတွေကို ပူးတွဲဖန်တီးဖို့၊ ပူးတွဲထုတ်လုပ်ဖို့နဲ့ ပူးတွဲ ဖြန့်ဝေဖို့အတွက် အခွင့်အလမ်းများ ဖြစ်ပါတယ်။

ဒီလို ပူးတွဲဖန်တီးထုတ်လုပ်ခြင်းဟာ စရိတ်မျှဝေကျခံဖို့အတွက်သာမက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား လုပ်ငန်းများအတွက် ပိုမိုကြီးမားတဲ့ ဈေးကွက်နဲ့ ပိုမိုကွဲပြားတဲ့ အကြောင်းအရာတွေကို ရရှိဖို့အတွက် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးလျက် ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့အကြား အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ စတင်နေရာကို တွေ့မြင်ရတဲ့အတွက် မိမိအနေနဲ့ များစွာအားရကျေနပ်မိပါတယ်။

ကိုရီးယားနိုင်ငံရဲ့ JBJ Entertainment ၊ SBS Medianet တို့နဲ့ မြန်မာနိုင်ငံရဲ့ BIG5 Film Production ၊ Fortune TV တို့အကြား ပူးတွဲထုတ်လုပ်ထားတဲ့ “A Winter once upon a time” ၊ “A Flower above the Clouds” နဲ့ “My Music Teacher Mingalabar” အမည်ရှိ ရုပ်ရှင်များဟာ အနာဂတ်မှာ ရုပ်ရှင်ထုတ်လုပ်မှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင် သွားနိုင်ဖို့ အပြုသဘောဆောင်တဲ့ ခြေ လှမ်းများဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ ၎င်းရဲ့ရွှေခေတ်ကာလမှာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ လာမယ်နှစ်မှာဆိုရင် မြန်မာရုပ်ရှင်ဟာ နှစ် ၁၀၀ ပြည့်မြောက်မှာ ဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်လုပ်ငန်းအနေဲ့ တောက်ပတဲ့ အနာဂတ်ကို ဖန် တီးရာမှာ ဒေသတွင်းနိုင်ငံများနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အတိတ်ရဲ့ အောင်မြင်မှုများအပေါ် တည်ဆောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီလအစောပိုင်းက ဘူဆန်မြို့မှာ ကျင်းပခဲ့တဲ့ ASEAN Cinema Week 2019 နဲ့ ASEAN-ROK Film Organization ထူထောင်ဖို့ ကြိုးပမ်းမှုများဟာလည်း ရုပ်ရှင်ကဏ္ဍမှာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာကောင်းများ ဖြစ်ပါ တယ်။

ဧည့်သည်တော်များရှင့်

ဂီတကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မဲ့ အလားအလာဟာလည်း အားရစရာကောင်း ပါတယ်။ ဂီတဟာ ကွဲပြားခြားနားတဲ့ လူပုဂ္ဂိုလ်များနဲ့ ယဉ်ကျေးမှုများအကြား မှာရှိတဲ့ အတားအဆီးများကို ကျော်လွန်နိုင်ဖို့အတွက် အင်အားကြီးမားတဲ့ တန်ဆာပလာတစ်ခု ဖြစ်ပါတယ်။

မြန်မာ၊ ထိုင်းနဲ့ ကိုရီးယားသမ္မတနိုင်ငံတွေက အဆိုတော်များနဲ့ ဖွဲ့စည်းထားတဲ့ ကိုရီးယားမိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ “Rose Quartz” ဟာဆိုရင်လည်း ဂီတနဲ့ ပေါင်းစည်းထားတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

K-Pop နဲ့အလားတူ ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသားလေးများရဲ့ ဂီတအဖွဲ့ဖြစ်တဲ့ Project K ဆိုရင် လူငယ်များအကြားမှာသာ လူကြိုက်များ ထင်ရှားရုံသာမက၊ ဒီအဖွဲ့ကို နှစ်ခြိုက်သူများအထဲမှာ မိမိလည်း တစ်ဉီး အပါအဝင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မကြာသေးမီက “Gongs and Skins” အမည်ရှိ နိုင်ငံတကာ သံစုံတူရိယာတီးဝိုင်း အစီအစဉ်တစ်ရပ်ကို လက်ခံကျင်းပခဲ့ပါတယ်။ အဲဒီ တီးဝိုင်းမှာ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးစုံအပြင် အာရှ၊ အာဖရိကနဲ့ ဥရောပတိုက်တို့မှ တူရိယာ ပညာရှင်များပါဝင်ပြီး၊ ဒေသအတွင်းမှာရှိတဲ့ စုံလင်တဲ့ ယဉ်ကျေးမှုများအကြား ငြိမ်းချမ်းသော ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခဲ့ပါတယ်။

အာဆီယံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့အကြား တိုးတက်လာတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များအပြင် ယဉ်ကျေးမှုဖလှယ်ခြင်းက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေးကို သိသိသာသာ အထောက်အကူပြုတာကို အသိအမှတ်ပြုလျက် ဒေသတွင်းရှိ ပြည်သူများအကြားတွင်သာမက၊ တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို တိုးမြှင့်နိုင်ဖို့အတွက် ယဉ်ကျေးမှုကဏ္ဍမှာ ပါဝင်သူများအားလုံး ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်သွားရန် တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

ပျော်ရွှင်ဖွယ်ကောင်းပြီး၊ ရလဒ်ကောင်းများပေးမယ့် ထိပ်သီးအစည်းအဝေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

ကျေးဇူးတင်ပါတယ်။

Show More

Related Articles

Back to top button
Close