Headline NewsNewsRegion

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နန်းယွန်းမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဟုမ္မလင်း ဇန်နဝါရီ ၂၁

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ၊ မြို့မိမြိုဖများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ခန္တီးလေဆိပ်၌ ကြိုဆိုနှုတ် ဆက် ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန္တီးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆို နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နန်းယွန်းမြို့နယ် စုပေါင်းရုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဓိကအရေးကြီးတဲ့ ကိစ္စတစ်ခုက လမ်းပန်း ဆက်သွယ်ရေးပဲ ဖြစ်ပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ သွားနိုင်လာနိုင်မှသာလျှင် ကျွန်မတို့ နိုင်ငံ တစ်နိုင်ငံလုံးဟာ ဖွံ့ဖြိုးတိုးတက်န်ိုင်မှာပါ။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ဒီလိုဝေးလံခေါင်သီတဲ့ဒေသတွေရဲ့ လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထားပါတယ်။ ကျွန်မနားလည်သလောက်က ဒီဒေသကို မိုးတွင်းမှာ လာမယ်ဆိုရင် အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ရာသီစုံလမ်းတွေဟာ အဓိကကျတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒီဒေသတင် မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးမှာ ဖြစ်နေတာကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ဘယ်နေရာသွားသွား လမ်းပန်းဆက်သွယ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့လို မုတ်သုံရာသီကို ရင်ဆိုင်နေရတဲ့ နိုင်ငံအတွက်ဆိုရင် အထူးသဖြင့် မိုးတွင်းမှာ မိုးဒဏ်ခံနိုင်မယ့် လမ်းတွေရှိဖို့ဟာ ကျွန်မတို့ ပြည်သူပြည်သားတွေအတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်ကိုလည်း ကျွန်မတို့အနေနဲ့ ဖြည့်ဆည်းပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

အခု သုံး၊ လေး နှစ်အတွင်းမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးဟာ အင်မတန် တိုးတက်လာတယ်ဆိုပေမယ့်လည်း လိုအပ်တာတွေလည်း အများကြီးရှိပါသေးတယ်။ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ ကျွန်မတို့ ပြည်သူလူထုရဲ့ဘ၀တွေ ပိုပြီးအေးချမ်းအောင်၊ ပိုပြီးသာယာအောင် လုပ်သွားဖို့က အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ ပြည်သူလူထုတွေက အဓိကပါပဲ။ ပြည်သူလူထုတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု မရှိရင်၊ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ဘယ်နိုင်ငံမှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ တိုးတက်မှုကို ရနိုင်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုး တိုးတက်တယ်ဆိုတာကို ကျွန်မတို့က ဘာကိုကြည့်ပြီး တိုင်းတာသလဲဆိုတော့ နိုင်ငံ တစ် နိုင်ငံမှာ အားအနည်းဆုံး၊ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံး ပုဂ္ဂိုလ်တွေရဲ့အဆင့်ကို ကြည့်ပြီး နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာသလား၊ ဆင်း ရဲ သလားဆိုတာကို ဆုံးဖြတ်ရပါတယ်။ နိုင်ငံမှာ အကြွယ်ဝဆုံး၊ အခြေအနေအကောင်းဆုံး၊ အင်အားအများဆုံး၊ အခွင့်အရေးအများဆုံး လူတွေကိုကြည့်ပြီး နိုင်ငံက ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာကို သုံးသပ်လို့ မရပါဘူး။

ကျွန်မတို့ နိုင်ငံရဲ့ ဒေသအခြေအနေတွေနဲ့ ကြည့်လိုက်မယ်ဆိုရင် ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ နန်းယွန်းလို အင်မတန်မှ သွားလာရေးခက်ခဲတဲ့ ‌ဒေသတွေမှာ ပြည်သူတွေရဲ့ ဘ၀တွေဟာ ဘယ်လောက်တိုးတက်သလဲဆိုတာကြည့်ပြီးမှ ကျွန်မတို့နိုင်ငံ ဘယ်လောက် တိုးတက်သလဲဆိုတာကို ကျွန်မတို့ ဆုံးဖြတ်နိုင်မှာပါ။ ဒီလိုနေရာတွေမှာ တိုးတက်ဖို့ အများကြီးလိုသေးတယ်ဆိုတာကို ကျွန်မတို့ရဲ့ ဒေသခံပြည်သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်မ ဒီကိုလာတဲ့ အချိန်တိုအတွင်းမှာ ကျွန်မသတိပြုမိတာက လမ်းမှာ ကျောင်း သားတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒါကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့လက္ခဏာပါ။ ကျောင်းသားကျောင်းသူတွေဆိုတာ ကျွန်မတို့နိုင်ငံ ပညာရေးရဲ့ အနာဂတ်ကို လမ်းညွှန်ပြနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ လိုပါတယ်။ ဒီကျောင်းတွေ ရှိရုံတင်မကဘူး၊ ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေ ရှိဖို့လိုတယ်။ ကျောင်းသူကျောင်းသားတွေ ရှိရုံတင်မကဘူး၊ ဒီကျောင်းသူကျောင်းသားတွေ ကို အဆင့်မြင့်တဲ့ ပညာပေးနိုင်ဖို့ လိုပါတယ်။ အဲဒီတော့ အဆင့်မြင့်တဲ့ပညာဆိုတာ ဘာလဲလို့မေးရင်၊ ကျွန်မ အမြဲပဲ ရိုးရိုးသားသား ရှင်းပြပါတယ်။ ပညာဆိုတာက ကျွန်မတို့ဘဝမှာ တွေ့ကြုံရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားန်ိုင်တဲ့ အရည်အချင်းရှိဖို့အတွက် သင်ပေးတာဖြစ်ပါတယ်။ စာအုပ်ကြီးထဲမှာပဲ စာအုပ်ထဲကနေ အချက်အလက်တွေသိပြီး တကယ့်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုရင် ပညာတတ်လို့ခေါ်ဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။

ဒါကြောင့် ကျွန်မတို့ နိုင်ငံမှာ ပညာတတ်တွေ ပေါများစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ပညာတတ်တွေဆိုတာ တချို့တွေမြင်သလို ဘွဲ့ရထားတဲ့သူတွေကို ဆိုလိုတာမဟုတ်ပါဘူး။ တက္ကသိုလ်က ဘွဲ့ရထားပြီး ကိုယ့်ဘဝကိုကိုယ် မကျောင်းနိုင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါဟာ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေက အဓိကပါ။ ပညာရေးစနစ်ဆိုတာ ပထမဦးဆုံး ကျွန်မတို့ နိုင်ငံတစ်နိုင်ငံရဲ့ လိုအပ်ချက်ကို ကြည့်ရပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လိုအပ်ချက်မတူပါဘူး။ အင်မတန်မှ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ န်ိုင်ငံတွေကိုကြည့်ပြီး အဲဒီနိုင်ငံတွေအတိုင်း ဖြစ်စေချင်တယ်ဆိုရင် ကျွန်မတို့ နိုင်ငံအတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ နောက်တစ်ခုက ကျွန်မ ခဏခဏ ပြည်သူတွေ စိတ်ဓာတ်တက်ကြွအောင်၊ စိတ်အားမငယ်အောင်လို့ သတိပေးပါတယ်။ ကျွန်မတို့ နိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ နိုင်ငံတွေ၊ အခုမှစပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတဲ့ နိုင်ငံတွေ၊ ဒီနိုင်ငံတွေမှာ အားသာချက် တစ်ခုရှိပါတယ်။ ရှေ့ကသွားတဲ့ နိုင်ငံကြီးတွေက ဘာအမှားတွေဖြစ်ခဲ့သလဲ ဆိုတာ လေ့လာလို့ရတယ်။ ဒီမှားယွင်းမှုတွေကို ကျွန်မတို့ ရှောင်ကြဉ်လို့ရတယ်။ ကျွန်မတို့မှာ အဲဒီအခွင့်အရေး ရပါတယ်။ ရှေ့ကတက်သွားတဲ့သူတွေက သူတို့အမှားတွေကို ရှောင်ကြဉ်ပိုင်ခွင့် မရှိခဲ့ဘူး။ ဥပမာ ရေရှည်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ခြင်းဖြင့် ရေရှည်မှာ ဘယ်လိုအကျိုး သက်ရောက်မှုရှိမလဲဆိုတာကို ရှေ့ကသွားတဲ့သူတွေက မသိကြဘူး။ ကျွန်မတို့ ခရီးတစ်ခု သွားသလိုပေါ့။ အရှေ့က ခရီးသွားတဲ့သူတွေက ခလုတ်တိုက်မယ်၊ လမ်းတွေပိတ်နေတာနဲ့ ကြုံတွေ့ရမယ်၊ သဘာ၀ဘေးအန္တရာယ်တွေ စသည်ဖြင့် ကြုံတွေ့ရမယ်။ နောက်ကလာတဲ့ သူတွေက ရှေ့ကသူတွေ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရလဲဆိုတာ တွေ့တဲ့အခါကျတော့ ကျွန်မတို့ကိုယ် ကျွန်မတို့ ကာကွယ်နိုင်တဲ့ နည်းတွေကို စဉ်းစားလို့ ရပါတယ်။

ဒီအတိုင်းပါပဲ ကျွန်မတို့ နန်းယွန်းကို ရဟတ်ယာဉ်နဲ့ လာတဲ့အခါမှာ အောက်ကိုကြည့်လိုက်တဲ့အခါ ရွှေတူးနေတဲ့ နေရာတွေကို တွေ့ရပါတယ်။ ဒီလို ရွှေတူးတဲ့နေရာတွေမှာ တစ်ချို့တွေက ဥပဒေဘောင်အတွင်းက မဟုတ်ဘဲ စည်းကမ်းမဲ့ရွှေတူးတဲ့အခါ သဘာ၀ ပတ်ဝန်း ကျင်ကို ဘယ်လောက်အထိ ထိခိုက်သွားလဲဆိုတာကို ကျွန်မတို့ မျက်ဝါးထင်ထင် မြင်ရပါတယ်။ မြေပြင်ကနေ ကြည့်တာထက် အပေါ်ကနေ ကြည့်လိုက်ရင် ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို အင်မတန်မှ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဒီလိုအပေါ်ကနေ ကြည့်ပိုင်ခွင့်က လူတိုင်းရှိတာမဟုတ်ဘူး။ အဲဒီတော့ ကျွန်မ နည်းနည်းလေး မျှဝေပြီး ပြောပါရစေ။ ကျွန်မတို့ အပေါ်ကနေကြည့်လိုက်လို့ရှိရင် ဒီဒေသဟာ တောတောင်တွေ အင်မတန်မှ ထူထပ်ပါတယ်။ ဟိုးတုန်းက တောတောင်ကြီးတွေဟာ မပျက်မစီး အခုထက်ထိ ရှိနေတာကို ကျွန်မတို့ တွေ့ရပါတယ်။ ဒီဟာက တစ်ဖက်ကနေကြည့်လို့ရှိရင် ဒါအားနည်းချက်လို့ ကျွန်မတို့ မြင်လို့ရပါတယ်။ ကျွန်မတို့ရဲ့ သဘာဝသယံဇာတ ကြွယ်ဝမှုတစ်ခုလို့ မြင်လို့ရပေမယ့် တစ်ဖက်ကနေ ကြည့်လိုက်လို့ရှိရင် ဒီလိုတောတောင်တွေ ထူထပ်တာကြောင့်မို့လို့ ကျွန်မတို့ရဲ့ ပြည်သူလူထုအတွက် သွားရေး၊ လာရေး ခက်ခဲပါတယ်။ အသက်မွေးဝမ်း ကျောင်းဖို့ ခက်ခဲမှုတွေရှိမယ်လို့ ကျွန်မတို့ ခန့် မှန်းလို့ ရပါတယ်။

တစ်ဖက်ကနေပြီး ဒီလိုတရားမဝင် ရွှေတူးထားလို့ ပတ်ဝန်းကျင်ပျက်စီးနေတာကို ကြည့်လိုက်တဲ့အခါ တရားမဝင်ရွှေတူးတဲ့သူတွေက ဥပဒေကိုချိုးဖောက်လို့ ကျွန်မတို့အနေနဲ့ ဒါကိုဘယ်လိုမှ အားမပေးနိုင်ဘူး။ သို့သော်ငြားလည်း ကျွန်မတို့ရဲ့ ပြည်သူများဟာ ချို့တဲ့လို့ ဒီလိုအလုပ်တွေ လုပ်ရတယ်ဆိုတာကို ကျွန်မတို့ နားလည်ပါတယ်။ ဒါကြောင့်မို့ ဒီလို တရားမဝင်တဲ့ အလုပ်တွေ လုပ်ဖို့မလိုအောင်လို့ ကျွန်မတို့ရဲ့ နိုင်ငံကို ဖန်တီးပေးရပါမယ်။ ဖန်တီးပေးတယ်ဆိုတာ အစိုးရတစ်ခုတည်းက ဖန်တီးလို့ မရပါဘူး။ ဒါကိုကျွန်မ သတိပေးပါရစေ။ အခုနန်းယွန်းလို နေရာမျိုးမှာတောင်မှ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့နဲ့ အင်မတန်မှ ဝေးတဲ့နေရာမှာရှိတဲ့ ပြည်သူပြည်သားတွေတောင်မှ ကျွန်မတို့နိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးတဲ့နေရာမှာ အရေးပါတယ်ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ နိုင်ငံအတွက် အရေးပါပါတယ်။ နိုင်ငံရဲ့အင်အားဆိုတာဟာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းရဲ့ အင်အားနဲ့ စုထားတာပါ။

ကျွန်မတို့ နိုင်ငံမှာ ပြည်သူ သန်းငါးဆယ်ကျော် ရှိပါတယ်။ သန်းငါးဆယ်ကျော်က ဘယ်ကစသလဲ၊ တစ်ယောက်ကပဲ စရတာပဲ။ စပြီးရေရင် တစ်ကပဲ စပြီးရေရတာပဲ။ တစ်က စပြီး မရေဘဲနဲ့ ဘယ်လိုလုပ်မှ ကျွန်မတို့ ဆက်ပြီးသွားလို့မရဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ နန်းယွန်းက ပြည်သူပြည်သားတွေဟာ ကျွန်မတို့နိုင်ငံအတွက် အရေးပါတယ်ဆိုတာကို နှလုံးသွင်းစေချင်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် တန်ဖိုးထားစေချင်တယ်။ ကျွန်မတို့က တန်ဖိုးထားတယ်။ ပြည်သူပြည်သားတွေ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ကျွန်မတို့ တန်ဖိုးထားပါတယ်။ ဒီလို တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တန်ဖိုးထားလို့ ကျွန်မတို့ ကျန်းမာရေးနဲ့ ပညာရေးကို အဓိ က ဦးစားပေးပြီး လုပ်နေတာဖြစ်ပါတယ်။ ကျန်းမာရေးဆိုတာက ရုပ်ပိုင်းဆိုင်ရာ ကျွန်မတို့ ပြည်သူပြည်သားများအားလုံး ကျန်းကျန်း မာမာ ခိုင်ခိုင်ခံ့ခံ့ ရှိအောင်လို့၊ ကျန်းမာရေး မကောင်းလို့ရှိရင် ဘာမှလုပ်လို့ မလွယ်ပါဘူး။ ကိုယ်က အိပ်ယာပေါ်မှာ လဲနေမယ်ဆိုရင် ဘယ်လောက်ပဲ ပညာရှိရှိ၊ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ဒီအရည်အချင်းတွေကို သုံးလို့မရပါဘူး။ အဲဒါက ရုပ်ပ်ိုင်း ဆိုင်ရာပါ။ ရုပ်  ပ်ိုင်း ဆိုင်ရာနဲ့ပတ်သက်ပြီး ကြုံတုန်း ကျွန်မတို့ရဲ့ မိခင်တွေကို သတိပေးချင်ပါတယ်။ ကိုယ့်သားသမီးတွေရဲ့ ရှေ့အနာဂတ်အတွက် ကျန်းမာရေးဆိုတာဟာ မိခင်ဝမ်း ထဲမှာရှိကတည်းက စတယ်ဆိုတာကို သတိပေးချင်ပါတယ်။

ဒါကြောင့်မို့ ကျွန်မတို့ကနေပြီး ကျွန်မတို့ရဲ့ ပြည်သူပြည်သားမိခင်တွေကို ကိုယ်ဝန်ဆောင်ကနေပြီး ကလေးအသက် နှစ်နှစ်ရှိတဲ့အထိ အထူးပံ့ပိုးမှုတွေ လုပ်ပေးနေတာပါ။ ဘာဖြစ်လို့ ကျွန်မဒါက်ိုပြောရလဲဆိုရင် ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ ကလေးရဲ့ ကျန်းမာရေးအတွက် ရုပ်ပိုင်းဆိုင်ရာရော၊ ဦးနှောက်ပ်ိုင်းဆိုင်ရာရော ဖွံ့ဖြိုးရေးအတွက် မိခင်ကို စောင့်ရှောက်ရပါတယ်။ ဒီကလေးကို ဖွားမြင်ပြီးတဲ့အခါမှာလည်း အသက် နှစ်နှစ်အထိ ကျွန်မတို့ စောင့်ရှောက်ဖို့ သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးရဲ့ ပထမဦးဆုံး အသက်နှစ်နှစ်အတွင်းမှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အင်တန်မှ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒီအသက် နှစ်နှစ် အောက်ကလေးတွေဟာ အာဟာရ သိပ်ပြီးချို့တဲ့တယ်ဆိုရင် ဦးနှောက်ဟာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးပါဘူး။ ဒါကြောင့် ကျွန်မတို့က ရုပ် ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးကိုစဉ်းစားပြီး ကျွန်မတို့ ကလေးတွေကို မိခင်ဝမ်းထဲကနေစပြီး အသက် ၂ နှစ်ပြည့်တဲ့အထိ အထူးပံ့ပိုးဖို့၊ ထောက်ပံ့ဖို့၊ ကျန်းမာရေးအရစောင့်ရှောက်ဖို့ ကျွန်မတို့ စီစဉ်ထားပါတယ်။

ကျွန်မတို့ခရီးစဉ်မှာ ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်တိုင် ပါလာပါတယ်။ ဒီလိုနေရာတွေမှာ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲ၊ ကျွန်မတို့ ဘာတွေလုပ်ပေးဖို့လိုသလဲဆိုတာကို ကျွန်မတို့ သိချင်လို့ဖြစ်ပါတယ်။ အဲဒီတော့ ကျန်းမာတဲ့ ကလေးတွေဖြစ်ပြီဆိုရင် ဒီကလေးတွေကို ပညာတတ်အောင်လို့ ကျွန်မတို့ သင်ပေးရပါမယ်။ နိုင်ငံတစ်နိုင်ငံမှာ ပညာရှိများတယ်ဆိုရင် ဒီနိုင်ငံရဲ့ ခံနိုင်ရည်စွမ်းအားဟာ အင်မတန်မှ များပါတယ်။ ကျွန်မ မကြာခဏ ကြုံတဲ့အခါ ပြောရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ် ရေး ပထမဆုံး ရှေ့တန်းဆိုတာ သံတမန်ရေးရာပဲလို့ ကျွန်မ ပြောပါတယ်။ သံတမန်ရေးရာဆိုတာ ဘာလဲဆိုတော့ ကမ္ဘာကြီးနဲ့ ဆက်ဆံတဲ့အခါမှာ ပညာအရည်အချင်းကိုသုံးပြီး ကျွန်မတို့ နိုင်ငံကို ကာကွယ်တာပါ။ ဒါကြောင့် ကျွန်မတို့ ပညာတတ်တွေ အများကြီးလိုတယ်။ အတွေးအခေါ်ရှိတဲ့ သူတွေလိုတယ်။ အတွေးအခေါ်နဲ့အတူတူ တစ်ချိန်တည်းမှာပဲ လုပ်တတ်ကိုင်တတ်တဲ့ လူတွေလည်းလိုပါတယ်။
ဒါကြောင့် ကျွန်မတို့ ပညာရေးဘက်မှာဆိုရင် အသက်မွေးဝမ်းကျောင်းပညာကို အင်မတန်မှ အားပေးပါတယ်။ အဲဒီဟာကလည်း ကျွန်မတို့ နိုင်ငံမှာ ဒီလိုခေတ်မီတဲ့ အတွေးတွေ တွေးနိုင်ဖို့အတွက် အခွင့်အရေး ရဖို့ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင် တော်တော်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများမှာဆိုရင် ပညာရေးစနစ် မမှန်ကန်ခဲ့လို့ အခုပြဿနာတွေ ရှိနေပါတယ်။ မမှန်ကန်ခဲ့တာတစ်ခုက ဘာလဲဆိုတော့ တက္ကသိုလ်ပညာရေးကို ဦးစားပေးပြီး အသက်မွေးဝမ်းကျောင်းပညာရေးကို အရေးမကြီးဘူးဆိုပြီး ဘေးဖယ်ထားတဲ့ နိုင်ငံတွေဟာ အခုမှပြဿနာဖြစ်နေမှန်း သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ် ဘွဲ့ရတွေ၊ အလုပ်လက်မဲ့ ဘွဲ့ရတွေဆိုတာ ကျွန်မတို့န်ိုင်ငံမှာတင်ရှိတာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တော်တော်များများမှာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္က သိုလ် ဘွဲ့တွေနဲ့ အခုခေတ် ကမ္ဘာကြီးရဲ့ လိုအပ်ချက်တွေနဲ့က မကိုက်ညီပါဘူး။ ဒါကြောင့် ဒီကမ္ဘာကြီးမှာ တကယ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံတွေက အသက်မွေးဝမ်းကျောင်းပညာ၊ နည်းပညာဘက်ကို အားပေးတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာလည်းမူအရကို ပညာရေးဘက်မှာ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အားပေးပါတယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံ သားတွေ၊ ပြည်သူပြည်သားတွေက မိဘတွေရော၊ ကျောင်းသူကျောင်းသားတွေရော နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်း ပညာကို စိတ်ဝင်စားကြတယ်။ အားသန်ကြတယ်။ တချို့နိုင်ငံတွေမှာ သူတို့အစဉ်အလာက ဘယ်လိုဖြစ်သွားလဲဆိုတော့ တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်လို့ သတ်မှတ်တဲ့ အစဉ်အလာဖြစ်သွားတယ်။ အဲဒီလို အစဉ်အလာဖြစ်သွားတဲ့အခါ နိုင်ငံဟာ နစ်နာပါတယ်။ အားလုံးက တက္ကသိုလ်ဘွဲ့ရချင်တယ်။ တကယ်နိုင်ငံမှာ လိုအပ်နေတဲ့ နည်းပညာတွေကို သင်ယူချင်တဲ့ စိတ်ကနည်းသွားတယ်။

ကျွန်မတို့ လူငယ်တွေရော၊ ကျောင်းသူကျောင်းသားတွေရော၊ ကျောင်းသူကျောင်း သားမိဘများကပါ အသက်မွေးဝမ်းကျောင်း ပညာဘက်ကို သွားဖို့အားပေးကြပါ။ တက္ကသိုလ်ပညာဆိုတာလည်း သူ့တန်ဖိုးနဲ့သူ ရှိတယ်။ ဒါပေမယ့် အသက်မွေးဝမ်းကျောင်း ပညာဆိုတာ သူ့တန်ဖိုးနဲ့သူရှိတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့မှာ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်း ပညာကို လိုက်တဲ့ကလေးများဟာ တက္ကသိုလ်ပညာဆည်းပူးသင်ကြားတဲ့ ကလေးများနဲ့ တန်းတူညီတူလည်း ဖြစ်တယ်။ ဘဝမှာလည်း အခွင့်အရေး အတူတူရတယ်။ တချို့ဆိုရင် တက္ကသိုလ်ဘွဲ့ရတာထက် နည်းပညာသင်ယူထားတဲ့ လူတွေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီးဝင်ငွေကောင်းပါတယ်။ အဲဒီတော့ လူမှုရေးအရ တန်းတူညီတူဖြစ်တယ်။ တက္ကသိုလ်ဘွဲ့ရတွေမှ သာတယ်ဆိုတဲ့ကိစ္စဟာ အခုဆိုရင် ဒီလိုဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန်သုံးဖို့ ကျွန်မအနေနဲ့ အားပေးပါရစေ။

ကျွန်မ ဒီကိုလာတဲ့ အဓိက အကြောင်းအရင်းတစ်ခုက ကျွန်မတို့ နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် နေရာတိုင်း၊ နေရာတိုင်းမှာ သူ့ပြဿနာနဲ့သူရှိတယ်။ သူ့အခက်အခဲနဲ့သူ ရှိတယ်။ ဒီလိုအခက်အခဲတွေကို စာရွက်ပေါ်မှာ ကြည့်မယ့်အစား ကိုယ်တိုင်ဆင်းပြီး ကြည့်တာနဲ့ ဘယ်တော့မှမတူပါဘူး။ ကိုယ်တိုင်ဆင်းပြီး လေ့လာမှပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မ ဒီလိုပြည်သူ လူထုတွေနဲ့ တွေ့ဆုံပွဲလုပ်တယ်ဆိုတာ ပြည်သူတွေရဲ့အသံကို တိုက်ရိုက်ကြားချင်လို့ပဲ။ တစ်ဆင့်တင်ပြတာ မဟုတ်ဘဲနဲ့ အစိုးရအဖွဲ့တွေက တစ်ဆင့်တင်ပြတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဆင့်တင်ပြတာ မဟုတ်ဘဲ ပြည်သူများကိုယ်တိုင် ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့အတိုင်း တင်ပြတာကို ကြားချင်လို့ ဒီလိုလူထုတွေ့ဆုံပွဲလုပ်တာပါ။ ဒါပေမယ့်လည်း ဒီလိုလူထုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ လူတိုင်းနဲ့ စကားပြောဖို့ ဆိုတာက လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ကျွန်မတို့က တချို့မေးခွန်းတွေကို ကြိုတင်ပြီး တင်ထားတာတွေရှိပါတယ်။ ကြိုတင်ပြီးတင်ထားတဲ့မေးခွန်းတွေ မဟုတ်ရင် ကျွန်မတို့ အချိန်ပေါ်မှာ မူတည်ပြီး မေးခွင့်ပေးပါတယ်။ ပထမအနေနဲ့ စာရေးပြီးတင်ထားတဲ့ မေးခွန်းတွေကို ဖြေပါ့မယ်။ ဖြေတဲ့အခါ တချို့မေးခွန်းတွေကို ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များက ဖြေပါ့မယ်။ တချို့မေးခွန်းတွေကို တိုင်းအစိုးရအဖွဲ့ဝင်များက ဖြေပါ့မယ်။ အချိန်ပေါ်မှာ မူတည်ပြီး ကျွန်မအနေနဲ့ ပြည်သူလူထုတွေကို မေးပိုင်ခွင့်ပေးပါမယ် ဟု ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် နန်းယွန်းမြို့မှ မြို့မိမြို့ဖ ဦးကျော်သန်းက နန်းယွန်းမြို့မှာ ဟူးကောင်းဘေးမဲ့တောတွင် ပါဝင်နေခြင်းကို ပယ်ဖျက်ပေးရန်နှင့် လိုအပ်သော ဘေးမဲ့တောအား ဒေသခံပြည်သူများဆန္ဒဖြင့် သတ်မှတ်ပေးရန်၊ ပန်ဆောင်မြို့မှ သိက္ခာတော်ရ ဦးယောဆက်က ပန်ဆောင်နယ်စပ်ဈေးအား မြန်မာ-အိန္ဒိယ နှစ်နိုင်ငံညှိနှိုင်း၍ တရားဝင်ဖွင့်လှစ်ပေးရန်နှင့် ပန်ဆောင်မြို့ နောင်ယန်းချောင်း၌ အသေးစားရေအားလျှပ်စစ် စက်ရုံတည်ဆောက်ပေးရန်၊ ပန်ဆောင်မြို့မှ ဦးဇင်းဝမ်းက နန်းယွန်း မြို့တွင် ခုတင်(၅၀)ဆံ့ ဆေးရုံ တည်ဆောက်ပေးရန်နှင့် နန်းယွန်းမြို့နယ်မှ ဟရှိတ်၊ နုတ်ညို၊ ကဲဆန်နုတ်ညို၊ တကား၊ လုံလောင်း၊ ယောင်ကွန် ကျေးရွာများမှ ကျန်းမာရေးဌာနခွဲများအား ကျန်းမာရေးဌာန အဆင့်တိုးမြှင့်ပေးရန်၊ နန်းယွန်းမြို့မှ ဦးယောင်ရန်က နန်းယွန်း အခြေခံပညာအထက်တန်းကျောင်းအတွက် ပေ ၁၂၀ RC နှစ်ထပ်ဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန်၊ နန်းယွန်းမြို့မှ သိက္ခာ တော်ရ ဦးတီးရဲက တကားခွင်ရှိ ကျေးရွာ (၇) ရွာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများ လွတ်လပ်စွာသွားလာခွင့်ပြုရန်၊ နန်းယွန်းမြို့မှ ဒေါ်ကျဖြန်းက နန်းယွန်းမြို့သို့ မြစ်ကြီးနား၊ တနိုင်းမှ ဆန်၊ စက်သုံးဆီ၊ တည်ဆောက်ရေးပစ္စည်းများ လွတ် လပ်စွာ သယ်ယူခွင့်ပြုရန်နှင့် အညိုရောင်နယ်မြေအဖြစ် ကန့်သတ်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုရန်၊ နန်းယွန်းမြို့မှ ဦးယောင်းလန်းက ရှင်ဘွေယန်-နန်းယွန်း- ပန်ဆောင်လမ်းပိုင်းကို အဆင့်မြှင့်တင်ပေးရန်၊ နန်းယွန်းမြို့မှ ဒေါ်ဖုန်လန်က နေ့စဉ်ဝင်ငွေရရှိနိုင်သော အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ ၀ဥ၊ အာလာဂျီ စိုက်ပျိုးရေးစီမံကိန်းများဆောင်ရွက်ပေးရန်၊ နန်းယွန်းမြို့မှ ဦးယောင်ရန်က နန်းယွန်းမြို့ မူလတန်းကျောင်း ၄၃ ကျောင်းအတွက် လိုအပ်နေသည့် ကျောင်းအုပ် ဆရာ၊ ဆရာမများ လိုအပ်နေမှုကို ဒေသခံပညာရေးဝန်ထမ်းများအား တိုးမြှင့်ပေးရေး၊ နန်းယွန်းမြို့မှ ဒေါ်ယမ်နင်က နန်းယွန်းမြို့၊ ဒုံဟီးမြို့၊ ပန်ဆောင်မြို့တို့မှ မြို့တွင်း လမ်းများအား ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ပေးရန်၊ နန်းယွန်းမြို့ မြို့နယ် နာဂရိုးရာ စာပေယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးနောက်တွန်း က မြို့နယ်ခန်းမနှင့် နာဂရိုးရာခန်းမ တည်ဆောက်ပေးရန်တို့နှင့် စပ်လျဉ်းသည့် မေးမြန်းတင်ပြချက်များကို လည်း ကောင်း။ ခန်းမအတွင်းမှ မေးမြန်းတင်ပြလိုသည့် နန်းယွန်းမြို့မှ ဦးစိုးသန်းက နန်းယွန်းမြို့တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နောင်ယန်းအင်း၌ ငါးမျိုးသစ်မွေးမြူနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ခန်းမအပြင်မှ မေးမြန်းတင်ပြလိုသည့် ဦးအေးမင်းစိုးက နာဂဒေသ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းဖွင့် လှစ်ပေးရန်တို့ကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များကိုကြည့်ပါက တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူနှင့်ထိတွေ့ရန် လိုအပ်နေပါကြောင်း၊ တချို့ဒေသ များသို့သွားရောက်ရန် လုံခြုံရေးအရခွင့်ပြုချက် ရယူရန် လိုအပ်သည်ကိုလက်ခံပါကြောင်း၊ သို့သော် လည်း ခွင့်ပြုချက်ရယူနိုင်ရန်အတွက် သက်ဆိုင်ရာနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူ့အသံကို အမြဲနားထောင်စေလိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးဝန် ထမ်းများ၊ ဆရာ၊ဆရာမများအား ဒေသခံများက မိသားစုအသွင်ဖြင့် ဆက်ဆံရန်လိုအပ်ပါကြောင်း၊ မိမိတို့မှာ ပြည်ထောင်စုဖွား တိုင်းရင်း သား များဖြစ်ပါကြောင်း၊ မတူညီသည့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားရမည် ဖြစ်ပါကြောင်း၊ ဒေသခံများအနေ ဖြင့် မိမိဒေသအတွက် ဂုဏ်ယူချင်သည့်စိတ်ဓာတ်ရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် တာဝန်ယူသည့်စိတ်ဖြင့် ရှင်သန်စေလိုပါကြောင်း၊ သို့မှသာတန်ဖိုးရှိမည်ဖြစ်ကြောင်း၊ ဒေသတင်ပြချက်များကို အလေးထားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ယင်း နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် နန်းယွန်းမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ခန္တီးမြို့သို့ ပြန် လည်ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။ န်ိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပင်လည်ဘူးမြို့သို့ရောက်ရှိကြရာ မြို့တွင်းလမ်းမတစ် လျှောက်၌ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်လည်ဘူးမြို့ အားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မ ပင်လယ်ဘူးကိုလာရတဲ့ အဓိကအကြောင်းက ကျွန်မကို ပင်လည်ဘူး ကိုယ် စားလှယ်က သတိပေးပါတယ်။ ကျွန်မ နှစ်ပေါင်းများစွာ ပင်လယ်ဘူးကို လာမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်တဲ့။ အဲဒါအခုထက်ထိ မရောက်သေးဘူးဆိုတော့ ဒီကတိတည်ဖို့အတွက် ကျွန်မ လာခဲ့တာပါ။ ပြည်သူလူထုကို ပေးတဲ့ကတိတွေတည်ဖို့ ကျွန်မ အတွက် အင် မတန်မှ အရေးကြီးပါတယ်။ ဘယ်တော့မှ ကျွန်မ ပေါ့ပေါ့တန်တန်နဲ့ ကတိမပေးပါဘူး။ စကားတစ်ခွန်းပြောရင် ဒါကိုအလေးအနက်ထားရမယ်ဆိုတာကို ကျွန်မ မှတ်ယူထားပါတယ်။ အထူးသဖြင့် ကျွန်မတို့ ပြည်သူလူထုနဲ့ ပတ်သက်ရင် နှစ်သိမ့်တဲ့ သဘောနဲ့၊ ပြဿ နာရှင်းတဲ့ သဘောနဲ့ လုပ်နိုင်တာ၊ မလုပ်နိုင်တာကို မဆင်ခြင်ဘဲနဲ့ ကတိကဝတ်တွေကို လွယ်လွယ်ပေးတဲ့ အလုပ်ကို ကျွန်မ ဘယ် တုန်းကမှ မလုပ်ခဲ့ပါဘူး။ ကျွန်မတို့အဖွဲ့ချုပ်က အဖွဲ့ဝင်တွေကိုလည်း ကျွန်မ အမြဲတမ်း မှာပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝင်တွေကိုလည်း မှာပါတယ်။ မတည်နိုင်တဲ့ ကတိတွေကို ပြည်သူလူထုကို မပေးပါနဲ့၊ မတည်နိုင်တဲ့ ကတိတွေပေးလိုက်ရင် ဒီကတိတွေ မတည်နိုင်တာကြောင့်မို့ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားရင် ပြန်ပြီးတည်ဆောက်ရတာ အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့အတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ချင်တယ်ဆိုတဲ့ လူတိုင်း၊ လူတိုင်းအတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုရဖို့ဆိုတာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

ပြည်သူရဲ့ ယုံကြည်မှု မရှိဘဲနဲ့ ဘယ်အစိုးရအဖွဲ့မှ၊ ဘယ်န်ိုင်ငံရေး အဖွဲ့အစည်းမှ နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ တချို့က ပြည်သူတွေကို လျော့ပြီးတွက်တယ်။ ပြောရမယ်ဆိုရင် ပြည်သူတွေကို အထင်သေးတယ်။ တောင်းတာကိုပေးမယ်လို့ ပြောရင် ငါတို့ကို ထောက်ခံမှာပဲဆိုပြီး ထင်တဲ့လူတွေရှိပါတယ်။ ကျွန်မက ကျွန်မတို့ရဲ့ ပြည်သူလူထုကို ဒီလိုအထင်မသေးပါဘူး။ ကျွန်မ တန်ဖိုးထားတယ်၊ လေးစားတယ်၊ မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်မ ယူဆပါတယ်။ ကိစ္စတစ်ခုကို ဖြစ်မြောက်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ကျွန်မတို့ လုပ်ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူစိတ်ချမ်းသာမှ ကျွန်မတို့ နိုင်ငံက စိတ်ချမ်းသာမှာပါ။ ဒါပေမယ့် ကိုယ်မလုပ်ပေးနိုင်တဲ့ကိစ္စကို ချွေးသိပ်တဲ့သဘောနဲ့ လုပ်ပေးမယ်၊ အဲဒီလိုပြောလိုက်ရင် ပြည်သူက ကျေနပ်သွားမှာပဲဆိုပြီး ဒီလိုစော်ကားချင်တဲ့ စိတ်ဓာတ်မရှိပါဘူး။ ပြည်သူကို မလေးစားတာက စော်ကားရာရောက်ပါတယ်။

ကျွန်မက ပင်လည်ဘူးကို လာတယ်ဆိုတာကလည်း ပင်လည်ဘူးရဲ့ မြို့သူမြို့သားတွေ၊ ပင်လယ်ဘူးမှာရှိတဲ့ ကျွန်မတို့ ပြည်သူများကို လေးစားသောအားဖြင့် လာတာပါ။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်က ကျွန်မတို့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေနဲ့ တရင်းတနှီး ထိတွေ့မှုကို လိုချင်ပါတယ်။ သို့သော်လည်း လက်တွေ့ကျကျတော့ ဒါမဖြစ်နိုင်ပါဘူး။ ပြည်သူသန်းငါးဆယ်ကျော်နဲ့ အားလုံးတရင်းတနှီးရှိဖို့ ဆိုတာက လက်တွေ့ကျကျ ဖြစ်နိုင်တဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားပါတယ်။ မနက်ကဆိုရင် ကျွန်မတို့ရောက်ခဲ့တဲ့ နန်းယွန်းဒေသဟာ အင်မတန်မှ ဝေးလံခေါင်သီတဲ့ ဒေသပါ။ ပင်လည်ဘူးက ဒီလောက် မဝေးပါဘူး။ ဒီလောက်လည်း ခေါင်တာမဟုတ်ဘူး။ သို့သော်ငြားလည်း ကျွန်မတို့ နေပြည်တော်ဘက်၊ မန္တလေးဘက်၊ ရန်ကုန်ဘက် မြို့ကြီးတွေဘက်ကနေ ဒီကိုရောက်တယ်ဆိုတာ ခဲယဉ်းပါတယ်။ ရောက်ဖို့ ခဲယဉ်းပါတယ်။ ခဲယဉ်းလို့ကို ကျွန်မတို့က အသေအချာ ဂရု စိုက်ပြီး ရောက်အောင် လာခဲ့တာပါ။

ကျွန်မတို့က ပြည်သူပြည်သားတွေနဲ့ တွေ့တဲ့အခါ ကျွန်မတို့ ပြည်သူတွေရဲ့ အဓိကပြဿနာတွေ ဘာရှိသလဲဆိုတာကို သိချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့အနေနဲ့ ကြိုးစားပြီး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကြိုးစားပြီး ဖြေရှင်းပေးတယ်ဆိုပေမယ့်လည်း အားလုံးကို ချက်ချင်းဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ကျွန်မတို့ အားလုံးအတူ ဖြေရှင်းချင်တယ်ဆိုရင် အားလုံးအတူ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သားတွေကို အမြဲသတိပေးပါတယ်။ ကိုယ်က အဓိကပါ။ တစ်ဦးချင်း၊ တစ်ဦးချင်း လုပ်ဆောင်မှု၊ စွမ်းဆောင်မှုဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါဟာ အသက်အရွယ်နဲ့လည်း မဆိုင်ပါဘူး။ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ နိုင်ငံ့ရဲ့အကျိုးကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကလေးတွေ၊ ကျောင်းသူကျောင်းသားတွေကအစ လူကြီးမိဘတွေဟာ နိုင်ငံ့အကျိုးကို ဘယ်လိုထမ်းဆောင်နိုင်မလဲဆိုတာကို စဉ်းစားကြစေချင်ပါတယ်။

ပထမဦးဆုံးက ညီညွတ်မှုနဲ့ ထမ်းဆောင်စေချင်ပါတယ်။ ကျွန်မတို့အားလုံး ညီညွတ်မှ တိုးတက်နိုင်မှာပါ။ အားလုံးညီညွတ်ဖို့ဆိုတာ စိတ်ရင်းစေတနာမှန်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ စိတ်ရင်းစေတနာထားပြီး ငါတို့ အတူလက်တွဲပြီး ငါတို့ နိုင်ငံကြီးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ် အပြည့်အဝရှိရင်၊ ကျွန်မတို့ နိုင်ငံဟာ မြန်မြန်ဆန်ဆန် တိုးတက်လာမှာပါ။ အခုပင်လည်ဘူးလို ဝေးလံခေါင်သီတဲ့ နေရာတွေမှာဆိုရင် တိုးတက်မှုဟာ ရှိသင့်သလောက် မရှိပါဘူး။ တိုး တက်မှုကို ကျွန်မတို့ ဘယ်လိုတိုင်းတာသလဲဆိုတော့ ကျွန်မတို့အနေနဲ့ ပြည်သူပြည်သားတွေ စိတ်လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတာနဲ့ ပထမ တိုင်းတာရပါတယ်။ စိတ်လုံခြုံမှု ရှိဖို့ ကိုယ်ရဲ့လုံခြုံမှုလည်းရှိရပါမယ်။ စိတ်လုံခြုံမှုရှိဖို့ဆိုတာ ကိုယ်က ကိုယ့်အိမ်ထဲမှာလည်း လုံခြုံတယ်၊ ကိုယ့်အိမ်ပြင်ပ ထွက်သွားတဲ့အခါမှာလည်း လုံခြုံတယ်ဆိုတဲ့ လုံခြုံမှုရှိရပါမယ်။

နောက်တစ်ခုက လုံခြုံမှုဆိုတာ မနက်မိုးလင်းတာနဲ့ ကိုယ့်ရဲ့ဘဝအတွက် ပူပန်သော ကမဖြစ်ရတဲ့ အနေအထားမှာ ရှိရမယ်။ မနက်ကျရင် ၀ဝလင်လင်စားရမယ်၊ နေစရာရှိတယ်၊ ဝတ်စရာရှိတယ်၊ စားစရာရှိတယ်၊ သားသမီးရှိတဲ့ မိသားစုတွေဟာ သားသမီးကို ပညာသင်ပေးနိုင်မယ် အဲဒီလို စိတ်လုံခြုံမှုတွေရှိဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။ နောက်တစ်ခုက အလုပ်နဲ့ပတ်သက်လို့ လုံခြုံမှု။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေထဲမှာဆိုရင် အလုပ်လက်မဲ့တွေက အင်မတန်မှ များပါတယ်။ ကျွန်မ ပင်လယ်ဘူးကို လာတဲ့လမ်းမှာ ကျောင်း သူကျောင်းသားတွေ အများကြီး တွေ့ရပါတယ်။ လမ်းမှာ ကျောင်းသူကျောင်းသားတွေ တွေ့ရတယ်ဆိုရင် အမြဲတမ်း စိတ်ချမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ ကလေးတွေက ပညာသင်ချင်တဲ့ စိတ်ရှိတယ်။ မိဘတွေကလည်း ကလေးတွေကို ပညာသင်ပေးချင်တဲ့ ဆန္ဒရှိတာပြ လို့ပဲ။ နိုင်ငံ့အတွက် ပညာဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ကလေးတွေ သေသေချာချာ မှတ်ထားစေချင်တယ်။ လူကြီးတွေအနေနဲ့လည်း မှတ်သားစေချင်တယ်။ ပညာဆိုတာ ကျွန်မတို့ နိုင်ငံအတွက် အနာဂတ်ပဲ။ ပညာရှိတွေမွေးထုတ်နိုင်မှ ဒီနိုင်ငံရဲ့ အနာဂတ်အတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပညာရှိဆိုတာ တက္ကသိုလ်ဘွဲ့ရတွေကို ပြောတာမဟုတ်ဘူးဆိုတာကို သဘောပေါက်စေချင်တယ်။ ပညာရှိဆိုတာဟာ ကိုယ့်ဘဝမှာ ရင်ဆိုင်ရမယ့် ပြသနာတွေကို ဖြေရှင်းတတ်တဲ့သူတွေကို ပညာရှိလို့ ဒီလိုပဲ သတ်မှတ်ပါတယ်။

တက္ကသိုလ်ကဘွဲ့တွေ ဘယ်လောက်များများပဲရရ ကိုယ်ရင်ဆိုင်ရတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ မတတ်ဘူးဆိုရင်၊ ဖြေရှင်းနိုင်တဲ့ အစွမ်းမရှိဘူးဆိုရင် ဒါတကယ့် ပညာရှိ မဟုတ်ပါဘူး။ ဒါသင်ထားတာတွေပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူပြည်သား တွေကို ပညာရှိဖြစ်စေချင်ပါတယ်။ ကိုယ့်ဘဝကို ကိုယ်ဘယ်လို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ရင်ဆိုင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာတတ်တဲ့ ပြည်သူတွေ ဖြစ်စေချင်တယ်။

နိုင်ငံတစ်နိုင်ငံဟာ ခေတ်ပေါင်းများစွာ ကျော်လွှားရပါတယ်။ ဒီနိုင်ငံဟာ ကမ္ဘာကြီးတည်သရွေ့တည်ရှိနေမှာပဲ။ ကမ္ဘာကြီး တည်သရွေ့ တည်ရှိနေတဲ့အချိန်မှာ ကျွန်မတို့ ဘယ်လောက် ပြဿနာတွေ ရင်ဆိုင်ရမယ်ဆိုတာ ဘယ်သူမှ ပြောလို့မရဘူး။ ဒီကမ္ဘာကြီးမှာဆိုရင် အချမ်းသာဆုံး နိုင်ငံကြီးတောင်မှ ပြဿနာတွေ မကင်းပါဘူး။ တစ်ခုပြီး တစ်ခု ဖြစ်နေတာပဲ။ အဲဒီတော့ ကျွန်မတို့လို ဖွံ့ဖြိုးစ နိုင်ငံတစ်ခုမှာ ကိုယ့်ပြဿနာတွေနဲ့ ကိုယ်ရှိတယ်။ ဒါကြောင့် ကျွန်မတို့ အားငယ်စရာ မလိုပါဘူး။ ကျွန်မ ကမ္ဘာတစ်ဝန်းကို ရောက်ဖူးပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး၊ အချမ်းသာဆုံးဆိုတဲ့ မြို့ကြီးတွေကိုလည်း ရောက်ဖူးပါတယ်။ သို့သော်ငြားလည်း ဒီမြို့ကြီးတွေမှာ၊ ဒီနိုင်ငံကြီးတွေမှာရှိတဲ့ ပြည်သူပြည်သားတွေမှာ မရှိတဲ့အရည်အချင်းတွေ ကျွန်မတို့ ပြည်သူတွေမှာ ရှိတယ်။ ဒီလိုကောင်းတဲ့ အရည်အချင်းတွေကို ထိန်းသိမ်းထားရမယ်။ သူတို့ သာတာတွေလည်း ရှိတယ်။ ကျွန်မတို့ သာတာတွေလည်း ရှိတယ်။ ကိုယ်သာတဲ့ အချက်တွေကို ကိုယ်ထိန်းသိမ်းထားရမယ်။

ဥပမာဆိုရင် ကမ္ဘာတစ်ဝန်းမှာ စစ်တမ်းကောက်လိုက်တဲ့အခါ သူတို့ ဘာတွေ့သလဲဆိုတော့ ဒီမြန်မာနိုင်ငံက ပြည်သူလူထုတွေလောက် ရက်ရောတာ၊ ပေးကမ်းဝေမျှတဲ့ လူမျိုးမရှိဘူးဆိုပြီး သူတို့ သတ်မှတ်ပါတယ်။ ဒါတောင်မှ ကျွန်မတို့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါတယ်လို့ ပြောရမှာပဲ။ ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါတယ်ဆိုပေမယ့်၊ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ကမ္ဘာပေါ်မှာ အရက်ရောဆုံး၊ ပေးကမ်းလှူဒါန်းမှုမှာ စိတ်ပါဝင်စားဆုံး၊ အင်အားအများဆုံး ပြည်သူတွေ ဆိုပြီး သူတို့သတ်မှတ်ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ မေတ္တာ၊ စေတနာရဲ့ အကျိုးပေးလို့ ထင်မိပါတယ်။ အဲဒီတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မျှတချင်တဲ့စိတ်၊ နောက်ဆုံးမှာ မျှဝေချင်တဲ့စိတ်ပါ။ မျှဝေချင်တဲ့စိတ်လောက် ကျွန်မတို့ လူ့အသိုင်းအဝန်းမှာ အရေးကြီးတဲ့ စိတ်ဓာတ်မရှိဘူး။ ကိုယ့်မှာ ကောင်းတာတွေကို မျှဝေရမယ်။ အဲဒီလိုဆိုရင် ကိုယ်က စိတ်ဆင်းရဲမှုရှိရင်လည်း ကိုယ့်ရဲ့ စိတ်ဆင်းရဲမှုတွေကို မျှဝေပေးမယ့် လူတွေပေါ်လာမှာပါ။ ကမ္ဘာကြီးမှာ၊ လောကမှာ အပေးအယူက အမြဲရှိပါတယ်။ ဒီအတိုင်း ကျွန်မတို့ အချင်းချင်း ကြားမှာ မေတ္တာတွေ မျှဝေမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ ဖွံ့ဖြိုးမယ်၊ တိုးတက်မယ်၊ ပြဿနာတွေကို ကြံ့ကြံ့ခံနိုင်မယ်။

ကျွန်မ နိုင်ငံရေးလုပ်တဲ့ သက်တမ်းတစ်လျှောက်မှာ တချို့ကမေးပါတယ်။ အခက် အခဲတွေရှိရင် ဘယ်လိုရင်ဆိုင်သလဲ၊ ဒီအခက်အခဲတွေကြောင့် စိုးရိမ်ကြောင့်ကျမှုတွေ မပိုသွားအောင် ဘယ်လိုလုပ်သလဲ၊ တကယ်တော့ အကောင်းဆုံးက ကိုယ့်အပေါ်မှာ မေတ္တာထားမယ့် ရဲဘော်ရဲဘက်များ၊ မိတ်ဆွေများရှိခြင်းပါ။ ကိုယ်နဲ့အတူ ခံမယ်ဆိုတဲ့ ရဲဘော်ရဲဘက်တွေ၊ မိတ်ဆွေတွေ ရှိတယ်ဆိုရင် ဘယ်ပြဿ နာကိုမဆို ကျွန်မတို့ ရင်ဆိုင်ဖို့ဟာ ခက်ခဲတယ်လို့ မရှိတော့ပါဘူး။ ကျွန်မ အမြဲ ဥပမာပေးပါတယ်။ တစ်ယောက်တည်း တောနက်ကြီးထဲမှာ လျှောက်သွားရရင် စိုးရိမ်စိတ်ရှိတယ်။ ကိုယ်နဲ့ နောက်တစ်ယောက်ပါတယ်ဆိုရင် ဒီစိုးရိမ်စိတ်က နည်းနည်းကျသွားတယ်။ ဒါဟာ ဓမ္မတာပဲ။ ညမှောင်မှောင်ကြီးထဲမှာ၊ လူခေါင်တဲ့လမ်းမှာ ကိုယ်တစ်ယောက်တည်း လျှောက်ရတာနဲ့၊ ကိုယ့်မိတ်ဆွေတစ်ယောက်နဲ့အတူ လျှောက်ရတာနဲ့မတူပါဘူး။ သူစိမ်းတစ်ယောက်နဲ့ လျှောက်ရတယ်ဆိုရင်တောင် နောက်တစ်ယောက် ရှိနေတယ်ဆိုရင် ကိုယ့်မှာ အင်အားပြည့်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မိတ်ဆွေ၊ ကိုယ့်လက်တွဲပြီး ကိုယ်ခလုတ်တိုက်ရင် ဖေးမပေးမယ့် မိတ်ဆွေတစ်ယောက် ပါတယ်ဆိုရင် ဘယ်လိုပဲ လမ်းကမှောင်နေပါစေ၊ ဘယ်လိုပဲလမ်းက ခက်ခဲနေပါစေ ဆက်ပြီးလျှောက်ဖို့ဟာ ပိုပြီး လွယ်လာပါတယ်။
အထူးသဖြင့် ကလေးတွေ၊ လူငယ်တွေဟာ ငယ်ငယ်ကတည်းက ဒီလို စိတ်တွေကို မွေးကြပါ။ အချင်းချင်း စာနာတဲ့ စိတ်၊ အချင်းချင်း ကူညီချင်တဲ့စိတ်၊ အချင်းချင်းမေတ္တာနဲ့ ကိုယ့်ရဲ့အကောင်းတွေ၊ ကိုယ့်မှာရှိတဲ့ ကောင်းရာရာတွေကို မျှဝေပြီး ပေးချင်တဲ့စိတ်၊ အဲဒီလိုစိတ်တွေကို ကျွန်မတို့ရဲ့ လူငယ်တွေက မွေးကြမယ်ဆိုရင် ကျွန်မတို့ နိုင်ငံတည်သရွေ့ အမြဲတိုးတက်ပြီး သာယာသွားမယ့် နိုင်ငံတစ်ခုဖြစ်လာမှာပါ။ အချင်းချင်းအပေါ်မှာ စေတနာ မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ စိတ်ဓာတ်က မကောင်းဘူးဆိုရင် ဘယ် လောက်ပဲ ဒီနိုင်ငံကြီး ချမ်းသာပါစေ ကျွန်မတို့ရဲ့ ပြည်သူတွေ ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွန်မ နည်းနည်းပြောချင်ပါတယ်။ နိုင်ငံရေးဆိုတာ တချို့ တွေက ဘာထင်သလဲဆိုတော့ နိုင်ငံရေးဆိုတာ နိုင်ငံရေး ပါတီတစ်ခုထဲမှာဝင်ပြီး လုပ်မှ နိုင်ငံရေးလို့ ထင်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတိုင်း၊ လူတိုင်းနဲ့ဆိုင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ့ရဲ့အရေးပါ။ ကိုယ့်နိုင်ငံရဲ့အရေးဆိုတာ ဒီနိုင်ငံမှာနေတဲ့ လူတိုင်းနဲ့ ဆိုင်တယ်။ ဒီနိုင်ငံမှာ မနေတော့တဲ့ လူတွေနဲ့တောင် ဆိုင်တယ်။ ကိုယ်မှာ မေတ္တာရှိသေးတယ်၊ သံယောဇဉ်ရှိသေးတယ်ဆိုရင် ဒီနိုင်ငံမှာ ဘာဖြစ်နေသလဲ ဆိုတာကို ပြင်ပကနေ လေ့လာပြီး အတူတူ ခံစားမယ်၊ အတူတူ စံစားမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိ တတ်ပါတယ်။ ကျွန်မ အရင်လက နိုင်ငံခြားမှာသွားပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါ နိုင်ငံခြားမှာနေတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ တော်တော်များက ရောက်လာတယ်။ ရောက်လာပြီး ကျွန်မတို့ကို အားပေးချင်လို့၊ ပံ့ပိုးချင်လို့၊ ကျွန်မတို့ဘက်ကနေ ရပ်တည်ပေးချင်လို့ပါ။ ဒီပြည်သူတွေ တော်တော်များများဟာ တကယ်တော့ ကျွန်မတို့ နိုင်ငံသားတွေ မဟုတ်တော့ပါဘူး။ နိုင်ငံခြားမှာနေပြီး တခြားနိုင်ငံသား ခံယူထားတဲ့ သူတွေ ဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ စိတ်တွေ၊ သူတို့ရဲ့ နှလုံးသားတွေ၊ သူတို့ရဲ့ သံယောဇဉ်တွေဟာ ကျွန်မတို့နဲ့ပဲ ရှိပါတယ်။ အရေး ကြီးပြီဆိုတော့ တစ်ခါတည်း သွေးနီးတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရောက်လာကြပါတယ်။ အဲဒီလိုဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းပါတယ်။ ဒီဝန်းရံကြတဲ့သူတွေက သူဌေးသူကြွယ်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ချွေးနဲစာလေးနဲ့ အကုန်အကျခံပြီး စရိတ်စကခံပြီး ရောက်အောင်လာပြီး ကျွန်မတို့ကို အားပေးတာ၊ ဝန်းရံတာ ဖြစ်ပါတယ်။ ဒါကျွန်မတို့ နိုင်ငံအပေါ်မှာ မေတ္တာထားတယ်၊ စေတနာထားတယ်၊ သံယောဇဉ် မပျက်ဘူးဆိုတာ ပြတာပါ။ ကျွန်မတို့ ဒီလိုစိတ်ဓာတ်တွေနဲ့သာ ဆက်သွားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ကမ္ဘာကနေပြီး အသိအမှတ်ပြုရတဲ့၊ လေးစားရတဲ့၊ ကြည်ညိုရတဲ့ န်ိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာဖို့ လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကြိုးစားရမယ်။

အခုပင်လည်ဘူးမြို့က ပြည်သူပြည်သားတွေလည်း ကြိုးစားရမယ်။ ငါတို့မြို့လေးက အရေးပါတဲ့မြို့ မဟုတ်ဘူးဆိုတဲ့စိတ် ဘယ်တော့မှမထားပါနဲ့။ မြို့တိုင်း၊ မြို့တိုင်းဟာ ရွာတိုင်း၊ ရွာတိုင်းဒီလိုပဲ ဒီနိုင်ငံမှာ အရေးကြီးပါတယ်။ ရွာတိုင်း၊ မြို့တိုင်းမှာရှိတဲ့ ပြည်သူတွေ တစ်ဦးချင်း၊ တစ်ဦးချင်းကလည်း အရေးကြီးပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားသောအားဖြင့် လမ်းမှန်ကိုလျှောက်ပါ။ သိပ်ပြီးတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုဆိုရင် ဘယ်သူကမှ ဖုန်ထဲ၊ သဲထဲမှာ ပစ်ထားမှာ မဟုတ်ပါဘူး။ တန်ဖိုးမရှိတဲ့ ကျောက်ခဲလေးတစ်လုံးဆိုရင် ဖုန်ထဲ၊ သဲထဲ ပစ်ချလိုက်လို့ ရတယ်။ တန်ဖိုးရှိတဲ့ စိန်တုံးကို ဘယ်သူကမှ ဖုန်ထဲ၊ သဲထဲမှာ ပစ်ချထားမှာ မဟုတ်ပါဘူး။

ဒီလိုပဲ ကိုယ့်ကိုယ်ကို တန်ဖိုးထားရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်နေရမယ်။ ပထမဦးဆုံး ကိုယ်ကျင့်သီလကို ထိန်းရမယ်။ ကိုယ့်ကျင့်သီလကို ထိန်းခြင်းဖြင့် ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် လုပ်ထားရမယ်။ အဲဒီလို လုပ်တဲ့အခါမှာ တစ်ခါတစ်လေ ကျွန်မတို့ မှားတာတွေ ရှိပါတယ်။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တာ၊ ကိုယ်ထင်သလို၊ ကိုယ်မျှော်မှန်းသလို မတိုးတက်တာ၊ မအောင်မြင်နိုင်တာ၊ အဲဒီလိုဖြစ်တဲ့အခါကျရင် စိတ်ဓာတ်မကျပါနဲ့။ လူတိုင်းလူတိုင်း ဆက်လက်ပြီး မျှော်လင့်ချက်နဲ့ ကြိုးစားနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ အဓိကဟာ ကြိုးစားခြင်းပါပဲ။ ဝီရိယစိုက်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒီတစ်ခါ မအောင်မြင်ရင် နောက်တစ်ခါ အောင်မြင်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီး လုပ်စေချင်ပါတယ်။

ဒီလိုလုပ်မှသာလျှင် ကျွန်မတို့ရဲ့နိုင်ငံဟာ တိုးတက်နိုင်မှာပါ။ ကျွန်မတို့ နိုင်ငံကို တိုးတက်စေချင်တယ်ဆိုပြီး အတန်တန်ပြောနေရတဲ့ အကြောင်းရင်းက ကျွန်မတို့နိုင်ငံဟာ တိုးတက်ဖို့လိုလို့ပါ။ ဒီလိုဒေသတွေကို လာလို့ရှိရင်၊ နန်းယွန်းလိုဒေသတွေကို သွားလို့ ရှိရင် ပိုပြီးဒါဟာထင်ရှားပါတယ်။ ကျွန်မတို့နိုင်ငံမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ ဒေသတွေ အများကြီးရှိပါတယ်။ တိုးတက်ဖို့လိုအပ်နေတဲ့ ပြည်သူတွေ အများကြီးရှိ ပါတယ်။ အဲဒါကြောင့် ကျွန်မတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် ကူညီကြပါ။ အစိုးရတစ်ခုတည်း ဘယ်တော့မှ လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ တချို့တွေက အမျိုးမျိုးကတိတွေ ပေးကြပါ တယ်။ အကောင်းအဆုံး ဖြစ်အောင် လုပ်မယ်၊ အားလုံး ပြဿနာတွေ ပြေလည်သွားအောင်လုပ်မယ်၊ ပြဿနာတွေ ပျောက်ကင်းသွားအောင် လုပ်မယ်ဆိုပြီး ပြောပါတယ်။ ဒါတကယ်တော့ မလုပ်နိုင်ပါဘူး။

ပြည်သူလူထုပါမှ တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ထစ်ချင်း၊ တစ်ထစ်ချင်း ကျွန်မတို့ နိုင်ငံတိုးတက်အောင်လို့ လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်ဆိုရင် ကျွန်မတို့အတွက် ဘာအားတက်ရသလဲဆိုတော့ ပြည်သူတွေမှာ စည်းလုံးညီညွတ်တဲ့ အင်အားတစ်ခုရှိတယ်။ စည်းလုံးပြီး ဒီလိုအခမ်းအနားတစ်ခုမှာ စုရုံးပြီးတက်သလို၊ စည်းလုံးပြီး ကျွန်မတို့နိုင်ငံရင်ဆိုင်ရမယ့် ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်လာလို့ ကျွန်မတို့ အင်မတန်မှ ဝမ်း သာအားရ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီလိုလာတဲ့အခါမှာ ပြည်သူတွေရဲ့အသံကို နားထောင်ချင်တယ်ဆိုပြီး ကျွန်မတို့ အမြဲတမ်းမေးခွန်းတွေ မေးဖို့အားပေးပါတယ်။ ပင်လည်ဘူးမှာ ကျွန်မတို့ လာတာ နောက်ကျတဲ့အတွက် တင်ထားတဲ့မေးခွန်းတွေ အားလုံးကို ဖတ်ပြပြီး ဒီမှာအကုန်ဖြေဖို့ အချိန်မရှိပါဘူး။ ဒါပေမယ့် မေးထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အဖြေတွေပေးပါမယ်။ နောက်ထပ်မေးချင်တာတွေရှိရင်လည်း ကျွန်မတို့ဆီကို စာရေးပြီး မေးလို့ရပါတယ်။ ဒီမှာ တိုင်စာဌာန ဖွင့်ထားပါတယ်။

ကျွန်မ ဘယ်သွားသွား တိုင်စာဌာန ဖွင့်ပါတယ်။ ပြည်သူလူထုက တိုင်ဖို့ရယ်လို့ မဟုတ်ပါဘူး။ တိုင်ချင်ရင်လည်း တိုင်လို့ရပါတယ်။ မေးချင်တာရှိရင်လည်း မေးဖို့၊ ပြောချင်တာရှိရင်လည်း ပြောဖို့၊ ဘာလို့လဲဆိုရင် တိုင်စာဌာနကို ပေးလိုက်တဲ့ စာတွေအားလုံးက ကျွန်မတို့ ရုံးကို ရောက်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် တိုင်စာဌာနကို စာရေးတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့စာကို ဖတ်မယ့်သူရှိတယ်၊ သေသေချာချာလေ့လာပြီး အဖြေပေးစရာရှိတာ ပေးမယ့်သူရှိတယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှလဲ ဆက်ပြီးလက်တွဲနိုင်မှာပါ။

ဒီမှာပြောနေတုန်း အရှေ့မှာ ကလေးတွေက များနေတဲ့အခါကျတော့ ကလေးတွေကို ဦးတည်ပြီး ပြောချင်တဲ့စိတ်က ဖြစ်လာတယ်။ လူကြီးတွေက နောက်မှာဆိုတော့ နောက်ကစောင့်ကြပါ။ ကလေးတွေကို ပညာရှိတွေဖြစ်အောင် လုပ်ကြပါ။ တစ်ယောက်တည်း အတွက် မဟုတ်ဘူး။ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရပ်ရွာအတွက်၊ ကိုယ့်နိုင်ငံအတွက်။ နောက်တစ်ခုက ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ ကလေးတွေက ကျန်းမာရေးကို ဂရုစိုက်နိုင်ဖို့ဆိုတာ မိဘတွေရဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။ ပထမဦးဆုံး ကလေးတွေ အဟာရပြည့်၀အောင် စားဖို့လိုပါတယ်။ ဒါကလည်း မိဘက ဘယ်လောက်အထိ တတ်နိုင်သလဲအပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် မိဘတွေကလည်း ကလေးတွေကို ကျွေးတဲ့အခါမှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကျွေးပါ။ အာဟာရ မရှိတဲ့ သရေစာတွေ ကျွေးမယ့်အစား၊ ဥပမာ – ဖီးကြမ်းငှက်ပျောသီးဆိုရင် အင်မတန်မှ အာဟာရရှိပါတယ်။ ပဲဆိုရင်လည်း အာဟာရရှိပါတယ်။ အာဟာရရှိတဲ့ အစားအစာတွေကို ကျွေးပါလို့ ပြောချင်ပါတယ်။

ကလေးတွေ ငယ်ငယ်ကတည်းက အစားအစာ စားသောက်တဲ့နေရာမှာ ကောင်းတဲ့ အလေ့အကျင့်တွေရှိစေချင်ပါတယ်။ တစ်ခု သတိ ပေးမယ်။ ကွမ်းယာရောင်းတဲ့သူတွေက စိတ်မဆိုးကြပါနဲ့၊ ကွမ်းမစားကြပါနဲ့လို့ တိုက်တွန်းချင်တယ်။ ဒါက ပထမပါ။ ဒါကလည်း ကွမ်း ယာရောင်းတဲ့ ပြည်သူပြည်သားတွေရဲ့ အနေအထားကို မသိလို့ပြောတာမဟုတ်ပါ ဘူး။ ဒါကို ဘယ်လိုလုပ်ပေးရမလဲဆိုတာ ကျွန်မတို့ အမြဲစဉ်းစားပါတယ်။ ဒါကိုသာ မစဉ်းစားရင် ကွမ်းယာရောင်းခွင့် ဘယ်ပေးမလဲ။ ဒါပေမယ့် ကွမ်းယာရောင်းခွင့်မပေးရင်လည်း ကွမ်း ယာ ရောင်းတဲ့သူတွေ ကွမ်းစိုက်တဲ့သူတွေအတွက် ဒါဟာ အခက်အခဲဖြစ်မယ်ဆိုတာသိလို့၊ ဒီလိုတော့လည်း မလုပ်ပါဘူး။ ကွမ်းစားခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်ပါတယ်။ အလှပျက်လိမ့်မယ်။ အဲဒါကို ရှောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းတယ်။ ကွမ်းတံတွေး ထွေးတယ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကို ညစ်နွမ်းစေတယ်။ အဲဒါတွေလည်း မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။

နောက်တစ်ဆင့် ပြောရမယ်ဆိုရင် အရက်သေစာသောက်စားခြင်းကို ရှောင်ကြပါ။ အထူးသဖြင့် ယောင်္ကျားလေးတွေပါ။ ယောင်္ကျား လေးတွေ နည်းနည်းလေးကြီးလာပြီဆိုရင် အရက်သောက်ချင်ကြတယ်။ အရက်က သောက်ချင်စရာအကြောင်းကို မရှိဘူး။ အရက် သောက်တယ်ဆိုတာ ပိုက်ဆံလည်းကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်။ ထိုနည်း၎င်းပဲ ဆေးလိပ်သောက်တယ်ဆိုတာ ပိုက်ဆံလည်းကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်။ ကျွန်မ အမြဲပြောပါတယ်။ ဆေးလိပ်သောက်တယ်ဆိုတာ ကိုယ့်ပိုက်ဆံကိုယ် မီးရှို့ရသလိုပဲ။ ကိုယ့်ပိုက်ဆံကို မီးရှို့လိုက်တာကမှ ပိုကောင်းပါတယ်။ ပိုက်ဆံမီးရှို့တာက ပိုက်ဆံကုန်ပေမယ့် ကျန်းမာရေး မထိခိုက်ဘူး။ ဆေးလိပ်ဝယ်ပြီး သောက်ရင် ပိုက်ဆံလည်းကုန်ပါတယ်။ ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

နောက်တစ်ခုက မူးယစ်ဆေးဝါးပါ။ အထူးသဖြင့် ကျွန်မတို့ လူငယ်တွေအတွက် အရေးကြီးပါတယ်။ မူးယစ်ဆေးဝါးက တစ်ခါစွဲရင် ဖြတ်လို့ရရင်တောင်မှ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒီတော့ ကျွန်မတို့ လူငယ်များဟာ အခြေခံကျတဲ့ ကျန်းမာရေးကောင်းဖို့ အလေ့အကျင့်တွေကို မွေးမြူရမှာပါ။ ဂိမ်းကစားတာတွေလည်း တတ်နိုင်သမျှထိန်းပါလို့ တိုက်တွန်းချင်ပါတယ်။ ဂိမ်းကစားတာက နောက်တော့စွဲသွားရော၊ စွဲသွားတော့ ဒါကလည်း လောင်းကစားကို စွဲသလိုပဲ။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လူငယ်တွေ ဂိမ်းကစားတာများလို့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ကို ဖြတ်ယူရပါတယ်။ ကိစ္စတစ်ခုကို ဒီလောက်တောင်စွဲသွားပြီဆိုရင် ဒါဟာရောဂါပါပဲ။ ကလေးတွေအနေနဲ့ ဂိမ်းကစားတာကို တော်ရုံတန်ရုံဆော့ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေ ပညာလည်းရမယ်၊ ကျန်း မာရေးလည်း ကောင်းမယ်ဆိုရင် စိတ်ချလက်ချနဲ့ ဒီနိုင်ငံကြီးကို အနာဂါတ်မျိုးဆက်တွေရဲ့ လက်ထဲမှာထားပစ်ခဲ့နိုင်မယ်။ အနာဂါတ်မျိုးဆက်တွေရဲ့ လက်ထဲမှာ နိုင်ငံတစ်နိုင်ငံကို စိတ်ချလက်ချထားခဲ့နိုင်တယ်ဆိုတဲ့ ဆုနဲ့ တူညီတဲ့ဆု ဘာဆုမှ မရှိပါဘူး။

ကျွန်မတို့ နိုင်ငံကို စိတ်ချလက်ချနဲ့ နောင်မျိုးဆက်တွေလက်ထဲအပ်ပြီး ဒီလောကကြီးကနေ ထွက်သွားနိုင်တယ်ဆိုရင် ဘယ်လောက်ထိ စိတ်အေးချမ်းနိုင်မလဲ။ နောင်မျိုးဆက်တွေကလည်း ဒီလိုပဲ စိတ်အေးလက်အေးနဲ့ ဆက်ပြီး ဒီဘဝကို ဖြတ်သန်းသွားနိုင်မှာပါ။ ဒါကြောင့် လူငယ်များ ကျန်းမာရေးကို ဂရုစိုက်ပါ။ တတ်နိုင်သမျှ ကိုယ့်ရဲ့ စွမ်းနိုင်သမျှ ပညာတွေကို တိုးတက်အောင်လို့ လုပ်ပါ။ အရေး ကြီးဆုံးက အချင်းချင်း ကူညီပါ။ အချင်းချင်း ချစ်ခင်ပါ။ လူကြီးများကလည်း ထိုနည်းလည်းကောင်းပဲ အချင်းချင်း ချစ်ခင်ခြင်း၊ ကူညီခြင်းဖြင့် ကျွန်မတို့ရဲ့ လူငယ်တွေကို ကောင်းတဲ့ ဥပမာတွေ၊ ကောင်းတဲ့ နမူနာတွေပြပါလို ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မ အခုလို ခရီးသွားတဲ့အခါ လိုအပ်ချက်တွေက တစ်နေရာနဲ့ တစ်နေရာက အများကြီး တူညီနေတာကို တွေ့ရပါတယ်။ ဥပမာ – လမ်း၊ လျှပ်စစ်ဓာတ်အား၊ ကျန်းမာရေးပံ့ပိုးမှု၊ ပညာရေးပံ့ပိုးမှု၊ တခါတလေ ယဉ်ကျေးမှုနဲ့ပတ်သက်လို့ အကူအညီလေးတွေ လိုတာ၊ ဒါတွေက ကျွန်မတို့ ထပ်တလဲလဲ တွေ့နေရတဲ့ ကိစ္စပါ။ ဒါတွေကို ကျွန်မတို့ အမြန်ဆုံးဖြေရှင်းပေးပါမယ်။ အတတ်နိုင်ဆုံး လုပ်ပေးပါမယ်။
နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တိုင်တာတွေလည်း တွေ့ရပါတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားလုပ်တယ်၊ ကူညီမစမှုမှာ အားနည်းတယ်ဆိုပြီး တိုင်တာတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။ ဒီအတွက် ကျွန်မတို့ တာဝန်ယူပါတယ်။ ဒါဟာ အစိုးရရဲ့ တာဝန်ပါ။ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူများဟာ ပြည်သူထူထုအပေါ်မှာ မေတ္တာ၊ စေတနာထားပြီး တာဝန်ကျေအောင်လုပ်ဖို့ကို ကျွန်မ ထပ်တလဲလဲ ပြောနေတဲ့ကိစ္စ ဖြစ်ပါတယ်။

ပင်လည်ဘူးဘက်မှာ တိုင်းရင်းသား အချင်းချင်းကြားမှာ အေးအေးချမ်းချမ်းနဲ့ နေတာတွေ့ရတဲ့အတွက် ကျွန်မ သိပ်ဝမ်းသာပါတယ်။ အင်မတန်မှ အားတက်စရာပါ။ ကျွန်မတို့ နိုင်ငံရဲ့ တချို့နေရာတွေမှာ အားလုံးသိကြတဲ့အတိုင်း ငြိမ်းချမ်းရေးဆိုတာ မရသေးဘူး။ ပြည် တွင်းငြိမ်းချမ်းရေး မရသေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတယ်။ လက်နက်ကိုင်ပြီး တိုက်ခိုက်ကြပါတယ်။ ကျွန်မ တစ်ခု သတိပေးချင်ပါတယ်။ တကယ်ကိုယ့်မှာ အရည်အချင်းရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို လက်နက်မကိုင်ဘဲနဲ့ ရောက်အောင်သွားနိုင်ရမယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို လက်နက်မပါဘဲ ရောက်အောင်မသွားနိုင်လို့ရှိရင် ကိုယ့်မှာ အရည်အချင်း တစ်ခုခုလိုနေလို့ပါ။ ဒါကြောင့် ကိုယ်တစ်ခုခု လိုချင်တယ်ဆိုရင် ဒီဟာကို ပညာရှိတစ်ယောက်ရဲ့ နည်းလမ်းနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ အကြမ်းဖက်ဖို့ မလိုအောင်လုပ်ရပါမယ်။ လက်နက်ကိုင်တယ်ဆိုတာ အကြမ်းဖက်မှု တစ်ခုပါပဲ။ အကြမ်းဖက်ဖို့ မလိုတဲ့နည်းတွေနဲ့ ကိုယ့်ပန်းတိုင်ကို ရောက်နိုင်အောင် ကြိုးစားနိုင်တဲ့ သတ္တိတွေ၊ အစွမ်းအစတွေကို ကျွန်မတို့ ပြည်သူလူထုတွေမှာ ရှိစေချင်ပါတယ်။ ကြိုးစားကြပါ၊ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။

ကျွန်မ ကမ႓ာ႔နိုင်ငံ အများကြီးကို ရောက်ဖူးပါတယ်။ အချမ်းသာဆုံးဆိုတဲ့ မြို့ကြီးတွေကို ရောက်ဖူးပါတယ်။ အဲဒီကိုရောက်လို့ ကျွန်မ တစ်ခါမှ အားမငယ်ခဲ့ဘူး။ ငါတို့နိုင်ငံက ဆင်းရဲလို့၊ ဖွံ့ဖြိုးမှုနည်းလို့ ရှက်စရာလို့ စိတ်ထဲမှာ မရှိခဲ့ဘူး။ ဒို့နိုင်ငံက အများကြီးလုပ်ဖို့ လိုသေးတယ်ဆိုတဲ့ အတွေးဝင်လာပါတယ်။ ဒါက ခဏခဏ ဝင်လာပါတယ်။ ကျွန်မတို့တွေ တိုးတက်ဖို့ လိုသေးတယ်။ တိုးတက်ဖို့ လိုသလို တိုးတက်အောင်လည်း လုပ်နိုင်မယ် ဆိုတာကို ကျွန်မ အဓိက ယုံကြည်ပါတယ်။ ဒါကြောင့် အားမငယ်ကြပါနဲ့၊ ငါတို့တွေဟာ ပင်လည်ဘူးဆိုတဲ့ မြို့လေးက ပြည်သူတွေဆိုပြီး အားငယ်တဲ့စိတ်တွေ လုံးဝမရှိပါနဲ့။ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ကျွန်မတို့ နိုင်ငံအတွက် တန်ဖိုးရှိပါတယ်။ တစ်ဦးချင်း၊ တစ်ဦးချင်းဟာ ကျွန်မတို့ နိုင်ငံအတွက် မျှော်လင့်ချက်တွေပါ။
ဘယ်သူက ဘယ်လိုအချိန်မှာ ဒီနိုင်ငံကို ဘယ်လိုပံ့ပိုးမလဲဆိုတာ ဘယ်သူမှသိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည့်ပါ။ ကျွန်မတို့ တန်ဖိုးထားသလို ကိုယ့်ကို ကိုယ်တန်ဖိုးထားပါ။ ကျွန်မတို့ရဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျွန်မ သတိပေးချင်တာက ပြည်သူတွေနဲ့ ထိတွေ့မှုက အင်မတန်မှ အရေးကြီးပါတယ်။ ဒါက ကျွန်မ ထပ်တလဲလဲ ပြောနေတဲ့ကိစ္စပါ။ ပြည်သူတွေနဲ့ ထိတွေ့မှုရှိဖို့လိုပါတယ်။ မြို့တင်မကဘူး၊ ရွာတွေအထိ ဆင်းရပါမယ်၊ ပြည်သူတွေရဲ့အသံကို နားထောင်ရမယ်၊ ပြည်သူတွေရဲ့ လိုအပ်ချက်က ဘာတွေလဲဆိုတာ ကြည့်ပြီး ကိုယ့်အစွမ်းရှိသမျှ ဒါတွေကို ဖြည့်ဆည်းပေးရပါမယ်။ ဒီလိုလုပ်မှသာလျှင် ပြည်သူတွေက အုပ်ချုပ်ရေးယန္တရားအပေါ်မှာ ယုံကြည်မှုနဲ့ လေးစားမှုရှိမှာပါ။ အဲဒီတော့ ဆက်ပြီး ကျွန်မတို့အနေနဲ့ ကြိုးစားရသလို ပြည်သူတွေအနေနဲ့လည်း ကြိုးစားကြပါ ဟု ပြောကြားခဲ့သည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦးက ကျေးလက်လမ်းများ ကောင်းမွန်အောင်ဆောင် ရွက်ပေးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အမှိုက်သိမ်းရန် အချိန်မှန်လာရောက် သိမ်းဆည်းပေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြမေးမြန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်လမ်းများ ကောင်းမွန်စေရေးအတွက် မြို့နယ်တစ်ခုအလိုက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စကို ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်း ဝန်ထမ်းများအနေဖြင့် ပြည်သူအပေါ်တာဝန်အရမဟုတ်ဘဲ စေတနာထား လုပ်ဆောင်ပေးရန် လိုကြောင်းပြောကြားသည်။

တွေ့ဆုံပွဲတွင် ကြိုတင်တင်ပြမေးမြန်းထားသည့် ပင်လည်ဘူးမြို့နယ် ချောင်းကွေ့ ရွာမှ ဦးသိန်းလွင်က ငါးကြေးအင်း- ချောင်းကွေ့ကျေးရွာချင်းဆက် လမ်းအားမြေသား လမ်းဖောက်လုပ်ပေးရေး၊ ချင်းကုန်းကျေးရွာမှ ဦးတင်လှိုင်က ချင်းကုန်းရွာအခြေခံပညာ အလယ် တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရေး၊ မြို့မရပ်ကွက်မှ ဦးမောင်ကိုက မြို့မ(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရေးနှင့် ဖွံ့ဖြိုးရေးသိပ္ပံကျောင်းခွင့်ပြုပေးရေး၊ မိုးကောင်းရပ်ကွက်မှ ဦးမောင်ရွှေက မြို့မ(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ် တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရေး၊ ကဘာကျေးရွာမှ ဦးအောင်ဒွေးက ကဘာကျေးရွာကျန်းမာရေးဌာနခွဲ တစ်ခုခွင့်ပြုပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်က တောင်မော်ကျေးရွာ၌ ကျန်းမာရေးဌာနခွဲတစ်ခု ခွင့်ပြုပေးရေး၊ တုံးမွန်းကျေးရွာမှ ဦးမြင့်ဇော်က တုံမွန်းကျေးရွာတွင် (၁၆)ခုတင်ဆံ့ ဆေးရုံတည်ဆောက်ပေးရေး၊ မိုးကောင်း ကျေးရွာမှ ဦးမောင်ဝင်းက ပင်လည်ဘူးမြို့တွင် မူးယစ်ဖြတ်စခန်းတည်ထောင်ပေးရေးနှင့် ပင်လယ်ဘူးမြို့နယ် မြောက်ပိုင်း (၁၆)အုပ်စုတွင် နယ်မြေရဲကင်းချ ထားပေးရေး၊ မြို့မရပ်ကွက်မှ ဦးတင်ဦးက ဝန်ထမ်းများအတွက် ဒေသစရိတ် ခွင့်ပြုပေးရေး၊ မြို့မရပ်ကွက်မှ ဦးချစ်ဦးက ကောလင်း-ပင်လည်ဘူး ကားလမ်းအား အဆင့်မြှင့်တင်ပေးရေး၊ မြို့မကျေးရွာမှ ဦးချစ်ဝင်းက ဝါးယောချောင်းတံတားအား အသစ်တည်ဆောက်ပေးရေး၊ ကဘာကျေးရွာမှ ဦးစင်းမောင်က မကျီးပင်- ကဘာကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းဆောင်ရွက်ပေးရေး၊ ဂွေးချိုကျေးရွာမှ ဦးသိန်းဇော်က ဂွေးချိုကျေးရွာချင်းဆက်လမ်းအား ပြုပြင်ပေးရေးနှင့် မြေကုလား-သာယာကုန်းကျေးရွာအထွက် တံတားနှစ်စင်းအား ပြုပြင်ပေးရေး၊ နွယ်လိမ် ကျေးရွာမှ ဦးမြင့်ရွှေက နွယ်လိမ်ကျေးရွာအဝင် မူးမြစ်ကူးဘေလီတံတား တစ်စင်းဆောင်ရွက်ပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်ကတောင်မော်-မြောက်မော် ကျေးရွာကြားရှိ မြောက်မော်ချောင်းတံတားဆောက်လုပ်ပေးရေး၊ တုံမွန်းကျေးရွာမှ ဦးဝင်းမြင့်ဇော်က ထမံမောက်ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးရေး၊ သင်ပေါင်းကျင်းကျေးရွာမှ ဦးစိုးလွင်က သင်ပေါင်းကျင်း- မိချောင်းအင်းမူးမြစ်ကူးတံတား ဆောင်ရွက်ပေးရေး၊ သိမ်ဇင်ကျေးရွာမှ ဦးဘိုးချင်းက ပေကုန်း- သိမ်ဇင်ကျေးရွာ မြေသားလမ်းအား ကတ္တရာလမ်းအဆင့်တိုးမြှင့်ပေးရေးနှင့် အဂ္ဂရွာချောင်းကူးတံတား၊ မှန်ကင်း ချောင်းကူး တံတား၊ ရေရှင်ငယ်ချောင်းကူ တံတားတို့အား သံကူကွန်ကရစ် တံတားဆောက်လုပ်ပေးရေး၊ မော်လင်ကျေးရွာမှ ဦးအောင်ဖြူက မော်လင်- တောင်ခြေရင်းကျေး ရွာချင်း ဆက်လမ်းအား ကျောက်ချောလမ်းဆောင်ရွက်ပေးရေး၊ ကိုးယောက်ကျေးရွာမှ ဦးထွန်းဝေက ကိုးယောက်ကျေးရွာ၏ တောင်ဘက်မူးမြစ် ကမ်းပါးရေတိုက်စားနေသည့် ၂ ဖာလုံအား ကမ်းထိန်းနံရံဆောင်ရွက်ပေးရေး၊ မြို့မရပ်ကွက်မှ ဦးချစ်ဦးက မူးမြစ်ကမ်းပါး ထိန်းနံရံဆောင်ရွက်ပေးရေး၊ စေတီဦးကျေးရွာမှ ဦးမြင့်ရွှေက စေတီဦးကျေးရွာ ကိုယ်ထူကိုယ်ထကျောင်းဆောက်လုပ်နေသဖြင့် ပံ့ပိုးကူညီပေးရေး၊ မြို့မရပ်ကွက်မှ ဦးတင်ဦးက ပင်လည်ဘူးမြို့တွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရေး၊ ကဘာကျေးရွာမှ ဦးအောင်ခွေးက ကဘာကျေးရွာတွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု စိုက်ထူပေးရေးတို့နှင့် စပ်လျဉ်းသည့် တင်ပြမေးမြန်းချက်များအပေါ် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က သက်ဆိုင်ရာကဏ္ဍအလိုက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကိစ္စတစ်ခုချင်းအလိုက် တွေ့ဆုံရှင်းလင်းဆွေးနွေးရန် လမ်းညွှန်မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ယင်း နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ပင်လည်ဘူးမြို့မှ ရဟတ် ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ဟုမ္မလင်းမြို့သို့ ပြန်လည်ရောက်ရှိကြသည်။

Show More

Related Articles

Back to top button
Close