Headline NewsNewsRegion

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာဂဒေသ လေရှီးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ကလေး ဇန်နဝါရီ ၂၂

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသား၊တိုင်းရင်းသူများကကြိုဆိုနှုတ်ဆက်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လေရှီးမြို့အားကစားကွင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မ ယခင်နှစ်တုန်းက ဒီကိုလာဖို့ စီစဉ်ခဲ့ပေမယ့်၊ ရာသီဥတုအခြေအနေကြောင့် မရောက်ခဲ့ပါဘူး။ ဒီနှစ်မှာ ဖြစ်အောင်ကိုလာမယ်ဆိုပြီး ရောက်အောင်လာခဲ့တာပါ။ ကျွန်မ ဒီလိုနေရာတွေကိုလာတယ်ဆိုတာက ပြည်သူတွေနဲ့ ထိတွေ့မှုရှိချင်လို့ဖြစ်ပါတယ်။ ဘယ်လောက်ဝေးလံတဲ့ နေရာပဲဖြစ်ဖြစ်၊ ဘယ်လိုခေါင်တဲ့ နေရာပဲဖြစ်ဖြစ် နိုင်ငံရဲ့အစိတ်အပ်ိုင်း အားလုံးဟာ ကျွန်မတို့အတွက် တန်းတူညီတူ တန်ဖိုးရှိပါတယ်။ ဒီကိုရဟတ်ယာဉ်နဲ့ လာတဲ့အခါ အောက်ကိုကြည့်လိုက်တော့ ကျွန်မတို့ရဲ့ ဒေသခံတွေဟာ ဘယ်လောက်ခက်ခက်ခဲခဲနဲ့ ဘဝကို အသက်မွေးဝမ်းကျောင်းပြုနေရသလဲဆိုတာ ကျွန်မတို့ အများကြီးပဲ နား လည်ပါတယ်။ လူ့ဘဝဆိုတာ ဒီလိုပါပဲ။

တောင်စောင်းမှာ အိမ်လေးတွေဆောက်ပြီး ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ဘိုးဘွားဘီဘင် အစဉ်အဆက် နေထိုင်လုပ်ကိုင်ခဲ့ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေကို ကျွန်မ ပိုပြီးကောင်းမွန်စေချင်ပါတယ်။ ပိုပြီးကောင်းမွန်စေချင်တယ်ဆို တာက ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ပြည်သူအားလုံးဟာ ချမ်းချမ်းသာသာနဲ့ တိုးတက်တဲ့ အခြေအနေကို ရောက်စေချင်တယ်။ ဒါမှကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ဟာ ကောင်းမှာပါ။ နိုင်ငံရဲ့တန်ဖိုးဟာ ပြည်သူတွေရဲ့တန်ဖိုးပါပဲ။ ပြည်သူတွေရဲ့တန်ဖိုးဟာ ပြည်သူတွေ ဘယ်လောက် စိတ်လုံခြုံမှုရှိသလဲဆိုတဲ့အပေါ်မှာ တည်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ကလေးတွေကို အထူးအလေးပေးပြီး ဒီလိုအစည်းအဝေးတွေကို တက်စေချင်တယ်။ ငယ်ငယ်ကတည်းက ကလေးတွေဟာ နိုင်ငံရေးကို နားလည်စေချင်တယ်။ ငယ်ငယ်က တည်းက နိုင်ငံရေးဆိုတာ ကိုယ့်ကိစ္စဖြစ်တယ်ဆိုတာ ကလေးတွေအားလုံး ငယ်ငယ်ကတည်းက နှလုံးသွင်းထားစေချင်တယ်။ ကိုယ်တစ်ယောက်တည်းနေလို့ ဘယ်တော့မှမရဘူး။ ဘယ်သူမှ တစ်ယောက်တည်းနေလို့ မရဘူး။ ကျွန်မတို့ လူသားတွေဆိုတာဟာ တစ်ယောက်ကိုတစ်ယောက် မှီတင်းပြီး နေရတဲ့သူတွေပါ။ ဒီလိုတစ်ယောက်ကို တစ်ယောက် မှီတင်းပြီး ရှင်သန်ကြရတဲ့သူတွေမို့လို့ တစ်ယောက်နဲ့ တစ်ယောက်နေတတ်အောင်လည်း ကျွန်မတို့ ကြိုးစားရတယ်။ နေတဲ့အခါမှာ အေးအေးချမ်းချမ်း ဖြစ်အောင်လို့လည်း ကြိုး စားရတယ်။

ကျွန်မတို့ နိုင်ငံရဲ့ အားနည်းချက်တစ်ခုက ဘာလဲဆိုတော့ လွတ်လပ်ရေးရတဲ့ အချိန်ကစပြီး အခုထိ ဒီနိုင်ငံမှာ လုံး၀ငြိမ်းချမ်းရေးရှိတယ်ဆိုတာ တစ်ခါမှ မဖြစ်ခဲ့သေးဘူး။ တစ်နေရာ မဟုတ် တစ်နေရာမှာ ပြည်တွင်းစစ်တွေက ဖြစ်နေတာပဲ။ ဒီဟာတွေ ပပျောက် သွားအောင် ကျွန်မတို့ အစိုးရက အထူးဂရုပြုပြီး ကြိုးစားနေပါတယ်။ ကျွန်မတို့နိုင်ငံ တစ်နေရာမှာ မငြိမ်မသက်ဘူးဆိုရင် တစ်နိုင်ငံလုံးကို ထိခိုက်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို လူ့တစ်ယောက်ရဲ့ အခြေအနေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ပြောပါတယ်။ လူတစ်ယောက်ဟာ လက်ညှိုးလေး နာနေရင်လည်း နာနေတာပါပဲ၊ လက်ညှိုးလေးမို့လို့ မနာဘူးပြောလို့မရပါဘူး။ ရောဂါကြီးကြီးရှိမှလည်း ဝေဒနာ ခံစားရတာ မဟုတ်ပါဘူး။ အင်မတန်မှသေးတဲ့ ဝေဒနာလေးလို့ ပြောရမယ့်၊ လက်ညှိုးလေး နာနေတယ်ဆိုရင် နာနေတဲ့အလျှောက် အနာခံနေရတဲ့လူအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ဒီအတိုင်းပဲ ကျွန်မတို့ နိုင်ငံရဲ့ ပြည်သူပြည်သားတွေဟာ ဘယ်နေရာမှာပဲနေနေ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် နိုင်ငံအတွက် တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ တခြားသူက လည်း ကိုယ့်ကိုယုံကြည်န်ိုင်မှာပါ။ ကျွန်မတို့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားတဲ့အခါမှာ ယုံကြည်မှုတည်ဆောက်ရေးဆိုပြီး ခဏခဏပြောပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့သူတွေက လူအများကို ယုံကြည်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကို အရည်အချင်း ပြည့်စုံစေချင်ပါတယ်။ အရည်အချင်းပြည့်စုံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ တခြားလူတွေနဲ့ ဆက်ဆံရေးဟာ မှန်ကန်နိုင်မယ်။ ကိုယ့်ကိုယ် ကိုယ် မယုံကြည်တဲ့လူတွေ၊ ကိုယ့်အတွက်ကိုယ် စိုးရိမ်နေတဲ့လူတွေက တခြားလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဆက်ဆံရေး မကောင်းကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အတွက်ကိုယ် စိုးရိမ်နေရလို့ပါ။ ဒီလို ကိုယ့်အတွက်ကိုယ် စိုးရိမ်နေရတဲ့ဘဝကနေ လွတ်ကင်းအောင်လို့ ကျွန်မတို့အားလုံး လက် တွဲပြီးဆောင်ရွက်မှ ဖြစ်ပါလိမ့်မယ်။ အဲဒီအထဲမှာ ကလေးတွေလည်းပါပါတယ်။ ဒီမှာထ်ိုင်နေတဲ့ ကလေးတွေအားလုံးက ကျောင်းသွားတဲ့ အရွယ်မရောက်သေးဘူးလို့ ထင်ပါတယ်။ တချို့ကကျောင်း မရောက်သေးတဲ့ အရွယ်ပါ။ ဒါပေမယ့် အများစုက ကျောင်းတက်နေကြပြီ၊ အဲဒီတော့ ကျောင်းသွားတဲ့အခါကျရင် ကျောင်းမှာ ဆရာဆရာမတွေက သင်ပေးလိုက်တဲ့ စာတွေတင် မဟုတ်ဘူး၊ ဘာသင်ယူရလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တည့်အောင်နေဖို့ သင်ယူကြရပါတယ်။ ကျောင်းခန်းထဲသွားတယ်ဆိုရင် ကလေးတစ်ယောက်ထဲက ကိုယ်လုပ်ချင်သလို လုပ်နေလို့ မရပါဘူး။ အားလုံး ထိုင်ပြီး စာရေးဆိုရင် ကိုယ်လည်းထိုင်ပြီး စာရေးရပါတယ်။ သူများတွေထိုင်ပြီး စာရေးနေတဲ့ အချိန်မှာ ကလေးတစ်ယောက်ထဲ ထပြီးဆော့ရင် ဆရာမက စိတ်ဆိုးမှာပါ။

ဒီလိုခွင့်ပြုလို့ မဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်တည်း ဆော့နေရင် ကျန်တဲ့လူတွေကို အနှောင့်အယှက် ဖြစ်ပါတယ်။ ဒီတော့ ငယ်ငယ်ကတည်းက ကျောင်းသွားတယ်ဆိုတာ တခြားလူတွေနဲ့ နေတတ်အောင် သင်ယူတာလည်းဖြစ်တယ်။ အသက်ကြီးလာတဲ့အခါ သုံးလို့ရမယ့် ပညာတွေကို သင်ယူဖို့လည်းဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေက ဒီလိုစိတ်ထားပေးစေချင်ပါတယ်။ ကလေးတွေကို ကျောင်းလွှတ်တယ်ဆိုတာ ပညာသင်ယူဖို့၊ တခြားသူတွေနဲ့ အဆင်ပြေအောင်နေတတ်ဖို့ ဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါ တယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ စိတ်ထားစေချင်ပါတယ်။

လူတိုင်း၊လူတိုင်းဟာ ကိုယ့်အသိုင်းအဝိုင်းနဲ့ အဆင်ပြေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကို လူကြီးတွေက သင်ပေးမှ လူငယ်တွေက နားလည်မှာပါ။ လူကြီးတွေက သင်ပေးတယ်ဆိုတာဟာ ပါးစပ်ပြောနဲ့ သင်ပေးလို့ မရပါဘူး။ ကိုယ်တိုင်လုပ်ပြမှ ဖြစ်တာပါ။ ကလေးတွေဟာ လူကြီးတွေကို ကြည့်ပြီး အတုခိုးပါတယ်။ ဥပမာ တချို့ကလေးတွေကို မိဘတွေက သတိပြုမိမှာပါ။ ကိုယ်က သင်မပေးလိုက်ဘဲနဲ့ တတ်သွားပြီဆိုပြီး ပြောကြပါတယ်။ တကယ်က ကိုယ်က မသိမသာ သင်ပေးလိုက်တာကို ကိုယ်မသိလို့ပါ။ ကိုယ်လုပ်နေတာ၊ တခြားလူကြီးတွေ လုပ်နေတာကို ကြည့်ပြီးတတ်သွားကြတာပါ။ ဒီလိုပဲ ဘယ်သူ့ကိုမှ မကြည့်ဘဲနဲ့ တတ်သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် လူကြီးတွေဟာ သတိထားဖို့ လိုပါတယ်။ လူငယ်တွေအတွက် ကောင်းတဲ့နမူနာဖြစ်ဖို့၊ ကောင်းတဲ့ ဥပမာပေးဖို့ အင်မ တန်မှ အရေးကြီးပါတယ်။ ကလေးတွေက တစ်ချိန်လုံးကြည့်နေတယ် ဆိုတာကို လူကြီးတွေက သဘောမပေါက်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အချင်းချင်း ညီညွတ်အောင်နေပါ၊ အဆင်ပြေအောင်နေပါ။ ဒါမှကျွန်မတို့ နောင်လာမယ့် မျိုးဆက်တွေ၊ နိုင်ငံရဲ့ အနာဂတ်ကို ထူထောင်မယ့် မျိုးဆက်တွေဟာ အချင်းချင်း အဆင်ပြေအောင်နေနိုင်မှာ ဖြစ်ပါတယ်။

ကျွန်မ ဒီနေရာကို လာတဲ့အခါမှာ ဒီနိုင်ငံတိုးတက်အောင်လုပ်ဖို့၊ ဘယ်လောက် ကြိုးစားရအုံးမလဲဆိုတာကို ကျွန်မသဘောပေါက်လာတယ်။ တောင်စောင်းတွေမှာ နေနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ပြည်သူပြည်သားတွေဟာ ဖြစ်အောင်နေခဲ့တာ နှစ်တွေရာချီနေပါပြီ။ ဒီလိုနေခဲ့တာတွေကို ပြောင်းလဲဖို့လိုပါတယ်။ ဒီအတိုင်းပဲ ကျွန်မတို့ အမြဲနေသွားလို့ မဖြစ်ဘူး၊ ခေတ်နဲ့အညီ ကျွန်မတို့ ပြည်သူပြည်သားတွေဟာ တိုးတက်ဖို့လိုပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ ရိုးရာဓလေ့ထုံး တမ်းတွေရဲ့ တန်ဖိုးကို မမေ့ကြပါနဲ့။ ဒါတွေက အင်မတန်မှ အရေးကြီးပါတယ်။

ကျွန်မ ဒီမှာ ဘာကိုသတိထားမိလဲဆိုတော့ ကျွန်မတို့ ငယ်ငယ်တုန်းက အိမ်မှာ နာဂလှံ ၂ ချောင်းရှိပါတယ်။ နာဂလှံ ၂ ချောင်းကို ကြက် ခြေခတ်လုပ်ပြီး အိမ်နံရံမှာ ချိတ်ထားပါတယ်။ ကျွန်မ ငယ်ငယ်တုန်းက ဒါနာဂလှံတွေ၊ နာဂတွေဆိုတာ ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ ဖြစ်တယ်။ ဒီတိုင်းရင်းသားတွေက ကျွန်မမိဘတွေအပေါ်မှာ မေတ္တာအလျှောက် ပေးထားတဲ့ လက်ဆောင်တွေဖြစ်တယ်ဆိုတာ ငယ်ငယ် ထဲက သိခဲ့ရပါတယ်။ ဒါကြောင့် နာဂများဟာ ကျွန်မတို့ နယ်က ဆွေမျိုးသားချင်းတွေလို ခံစားရပါတယ်။ မိဘတွေ အချင်းချင်း ချစ်ချစ်ခင်ခင်ရှိရင် သားသမီးတွေ အချင်းချင်းလည်း ချစ်ချစ်ခင်ခင် ရှိလာပါတယ်။ ကျွန်မတို့ တိုင်းရင်းသားများဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီမြို့သေးသေးလေးမှာတောင် မတူတဲ့ ဘာသာတွေရှိကြတယ်။ အချင်း ချင်း ညီညီညွတ်ညွတ်နဲ့ အေးအေးဆေးဆေး နေနိုင်တာဟာ နိုင်ငံရဲ့ အင်အား ဖြစ်ပါတယ်။ ဒီလေရှီးမြို့လေးမှာနေတဲ့ ကျွန်မတို့ ပြည်သူတွေဟာ မြို့သေးပေမယ့် နှလုံးသားကြီးတယ်၊ သဘောထားကြီးတယ်။ သဘောထားကြီးလို့ ကိုယ်နဲ့ မတူညီတဲ့ ဘာသာကို ကိုးကွယ်နေတဲ့သူတွေနဲ့ အေးအေးချမ်းချမ်း နေနိုင်တာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မတို့ တစ်နိုင်ငံလုံး နားလည်အောင်လုပ်ရမယ်။ ကျွန်မတို့ နိုင်ငံမှာ ဒီလိုသဘောထားမကြီးတဲ့ နေရာတွေလည်း ရှိပါတယ်။ တစ်ခါ တစ်လေဆိုရင် လူမျိုးအရ၊ ကိုးကွယ်တဲ့ ဘာသာအရ၊ ပြောတဲ့ဘာသာစကားအရ၊ တစ်ယောက်နဲ့ တစ်ယောက် မတည့်ဘဲနဲ့ နေကြရပါတယ်။ မတူလို့ မတည့်စရာ အကြောင်း ဘာမှမရှိပါဘူး။ မတူပေမယ့်လည်း တည့်အောင်နေနိုင်တယ်။ မတူကွဲပြားမှုကနေ ညီညွတ်မှု ထူထောင်နိုင်တယ်ဆိုတာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ထပ်တ လဲလဲပြောနေတာပါ။ တချို့ တွေဆိုရင် ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို နားမလည်ကြပါဘူး။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို နားမလည်ဘဲနဲ့ ကိုယ့်ရဲ့အသိုင်း အဝိုင်းလေး တစ်ခုအတွက် စဉ်းစားကြပါတယ်။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းလေးတစ်ခုအတွက် စဉ်းစားရင် ကိုယ့်ကမ႓ာကြီးက ဘယ်လောက်ကျဉ်းသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ လေရှီးမှာ မွေးဖွားပြီး အသက် ကြီးတဲ့အထိ နေသွားတဲ့ ကျွန်မတို့ ပြည်သူတွေဟာ လေရှီးအပြင် ဒီကမ႓ာကြီးက ဘာမှအရေးမကြီးဘူးဆိုတဲ့ စိတ်တွေထားမယ်ဆိုရင် ဘယ်ကောင်းမလဲ။ ကိုယ်ရဲ့ အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်လေးတစ်ခုအတွက်ပဲ စဉ်းစားတယ် ဆိုတာဟာ ကိုယ့်အတွက်လည်း မကောင်းဘူး၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ လေရှီးမှာနေတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ၊ ကလေးတွေကို ကမ႓ာကြီး ကိုလှည့်ပြီး ကြည့်ချင်တဲ့ စိတ်ဓာတ်တွေရှိစေချင်ပါတယ်။ ကမ႓ာကြီးကို လှည့်ပြီးကြည့်ဖို့ ဆိုတာ ထွက်ပြီးသွားဖို့ မလိုဘူး။ တကယ်ပဲ သဘောထားကြီးကြီးနဲ့ လေ့လာချင်တဲ့စိတ်နဲ့ ကမ႓ာကြီးကို သုံးသပ်လို့ရပါတယ်။

ါပေမယ့် ကျွန်မတို့ ပြည်သူပြည်သားတွေ သွားချင်လာချင်တဲ့အခါ သွားနိုင်လာနိုင်တဲ့ အခြေအနေရှိအောင် ကျွန်မတို့က လုပ်ပေးချင်ပါတယ်။ ကိုယ်က ဒီကမ႓ာကြီးကို သိချင်တဲ့အခါမှာ အခြေအနေမပေးလို့ သိခွင့်မရဘူးဆိုရင် အင်မတန် ဝမ်းနည်းစရာကောင်းပါတယ် ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အခြေအနေတိုးတက်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ဒီလိုကြိုးစားတဲ့အခါမှာ ပြည်သူတွေကလည်း ဝိုင်းဝန်းပြီးကူညီပါ။ ကိုယ့်အတွက်ကို တာဝန်ယူတဲ့အခါ ကိုယ်ကပတ်ဝန်းကျင်နဲ့ ဆက်စပ်မှုရှိနေတဲ့အတွက် ကိုယ့်ပတ်ဝန်းကျင် အတွက်လည်း တာဝန်ယူရပါတယ်။ ဒီလို စိတ်တွေထားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ အင်မတန်မှ တိုးတက်တဲ့ နိုင်ငံဖြစ်မှာပါ။ ဒါအပြင် နိုင်ငံဟာ မြန်မြန်ဆန်ဆန် တိုးတက်နိုင်တဲ့ အခြေအနေမှာရှိမှာပါ။

မနေ့က ဟုမ္မလင်း၊ ပင်လယ်ဘူးနဲ့ နန်းယွန်းကိုလည်း ရောက်ခဲ့ပါတယ်။ အခု လေရှီးကို ရောက်နေပြီ၊ ဒီအချိန်အတိုလေးအတွင်းမှာ ကျွန်မ ဘာကိုသတိပြုမိသလဲဆိုတော့ ဒီဘက်က တိုင်းရင်းသားတွေဟာ တခြားတိုင်းရင်းသားတွေနဲ့ မတူတဲ့ကိစ္စက ဒီဘက်က လူငယ်လေးတွေက ပိုပြီးတက်ကြွမှုရှိတယ်လို့ မြင်ရပါတယ်။ တစ်နေရာနဲ့ တစ်နေရာ အဲဒီလိုမတူညီတာက စိတ်ဝင်စားစရာကောင်းတဲ့အပြင် သင်ယူစရာတွေလည်း အများကြီးပါ။ ကျွန်မ စဉ်းစားတယ်၊ ဘာဖြစ်လို့ ဒီဘက်ပိုင်းက လူငယ်တွေဟာ အခြားဒေသ ထက်စာရင် ပိုပြီးတတ်ကြွနေသလိုပဲ အထူးသဖြင့် ယောင်္ကျားလေးတွေ ဖြစ်ပါတယ်။ အခြား ဒေသတွေမှာ ယောင်္ကျားလေးတွေက နည်းနည်းရှက်ပြီး မိန်းကလေးတွေက ပိုပြီးရဲပါတယ်။ ဒီဘက်မှာ ယောင်္ကျားလေးတွေက ပွင့်ပွင့်လင်းလင်းနဲ့ တက်တက်ကြွကြွရှိတယ်။ ဒါလူမှုရေး စနစ်ကြောင့် ဖြစ်မယ်၊ ဒီကလေးတွေကို ပြုစုပျိုးထောင်တဲ့အထဲမှာ ကောင်းတဲ့အရာတွေ ရှိလို့ ကလေးတွေက ဒီလိုဖြစ်တာပဲလို့ ကျွန်မ သုံး သပ်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်းဟာ ဒေသတိုင်းဒေသတိုင်းမှာ ကိုယ့်အတွက်ကို ဂုဏ်ယူစရာတွေရှိပါတယ်။ ကိုယ်မသိပေမယ့် ကိုယ့်ရဲ့ ပတ် ဝန်းကျင်မှာ ကောင်းနေတဲ့အရာတွေ ရှိတယ်။ တန်ဖိုးထားစရာတွေ ရှိတယ်။ လေးစားစရာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ဂုဏ်ယူပါလို့ ပြည်သူတွေကို ထပ်တလဲလဲ သတိပေးပါတယ်။ အားမငယ်ပါနဲ့ ဒီလိုမြို့လေးမှာ နေရလို့၊ ဒီလိုတောင် စောင်း တွေမှာ မွေးဖွားကြီးပြင်းလာရလို့ အားငယ်တဲ့စိတ်မရှိပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းမှာ တခြားသူနဲ့ မတူတဲ့ တန် ဖိုးရှိတယ်။ လူတိုင်းလူတိုင်းမှာ တန်ဖိုးရှိပါတယ်။ လူတိုင်းလူတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကမ္ဘာကြီးမှာ နေသွားတဲ့လူတွေ ဘယ်တစ်ယောက်နဲ့မှ မတူဘူး။ ကိုယ့်လိုလူဆိုတာ တစ်ယောက်ပဲရှိတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။ အကောင်း ဆုံးဖြစ်အောင်လို့ ပြုစုပျိုးထောင်ပါ။ ကျွန်မတို့ အစိုးရအဖွဲ့အနေနဲ့ ဒီလ်ိုအကောင်းဆုံး ဖြစ်အောင်လို့ ပြုစုပျိုးထောင်တဲ့နေရာမှာ ဝိုင်းပြီးကူညီပေးချင်ပါတယ်။

ကျန်းမာရေးနဲ့ ပညာရေးဘက်က ကူညီပေးချင်တယ်။ အဲဒါက တစ်ဦးချင်း၊ တစ်ဦးချင်း ပြည့်ဝတဲ့ အရည်အချင်းရှိလာဖို့။ ဖွံ့ဖြိုးတိုး တက်မှုရှိအောင်လို့ လုပ်ပေးချင်တယ်။ ဒါ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် အဲဒီလိုဝိုင်းပြီးလုပ်တဲ့နေရာမှာ ပြည်သူတွေ ပါ ဝင်ကြပါလို့ ကျွန်မအနေနဲ့ ထပ်တလဲလဲ မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတွေ မပါဝင်ဘဲနဲ့ ဒီနိုင်ငံဟာ မတိုးတက်နိုင်ပါဘူး။ ဘယ်နိုင်ငံမှ မတိုးတက်နိုင်ပါဘူး။ အင်မတန်မှ တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် ဘာတွေ့ရလဲဆိုတော့ သူတို့ရဲ့ပြည်သူတွေက အင်မတန်မှ ဝီရိယရှိတယ်၊ ဇွဲရှိတယ်၊ ကြိုးစားတယ်ဆိုတာကို တွေ့ရပါတယ်။ သူတို့က ပိုပြီးတော်လို့ မဟုတ်ပါဘူး။ မွေးရာပါ ဦးနှောက် ပိုပြီး ကောင်းလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝီရိယကောင်းလို့၊ ဇွဲကောင်းလို့၊ အလုပ်လုပ်နိုင်တဲ့ အင်အားရှိလို့ တိုးတက်တာပါ။ ဝီရိယ၊ ဇွဲ တို့ဆိုတာ ကိုယ့်ဟာကိုယ် ဖြစ်အောင်လဲ လုပ်လို့ ရပါတယ်။ ကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ ဘယ်လိုအကူအညီ ပေးနိုင်မလဲဆိုတာကို အမြဲလေ့လာပါတယ်။ ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်ဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ဘာရှိလဲ၊ ဒေသရဲ့ လိုအပ်ချက်တွေက ဘာရှိလဲ ဒီဟာတွေကို ကျွန်မတို့အနေနဲ့ ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာသိချင်လို့၊ ဒီလို တွေ့ဆုံပွဲတွေ လုပ်တာဖြစ်ပါတယ်။

ကျွန်မ ခန်းမထဲမှာ မလုပ်ချင်ဘူးဆိုတာက ခန်းမထဲမှာဆိုရင် လူနည်းနည်းလေးပဲ ဝင်လို့ရတယ်။ အများအားဖြင့် ကလေးတွေကို အပြင်မှာထားခဲ့တယ်။ ကလေးတွေကို အပြင်မှာ ထားခဲ့တဲ့အခါ ဝင်ချင်ကြလို့ ဟိုအော်ဒီအော်နဲ့ ဆူညံကြတာပါ။ အားလုံးအတူတူ စုလိုက်တာက အကောင်းဆုံးပါပဲ။ ဒီလိုစုပြီး အခွင့်အရေးရှိတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ မေးချင်တာတွေရှိရင် မေးဖို့ ကျွန်မတို့ စီစဉ်ထားပါတယ်ဟု ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် လေရှီးမြို့နယ်မှ ဦးစစ်ကျော်က လေရှီးမြို့၌ အသက်မွေးဝမ်းကျောင်း ပညာ သင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ရေး၊ လေရှီးမြို့ နန်ဝယ်ချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ် ပေးနိုင်ရေး၊ လေရှီးမြို့ ကျေးလက် ကျန်း မာရေးဌာနခွဲများတွင် သားဖွားဆရာမ ခန့်ထားပေးန်ိုင်ရေးနှင့် အရည်အချင်းနှင့် ကိုက်ညီသည့် ဒေသခံများအား ဦးစားပေးသင်တန်း ဝင်ခွင့်ပြုရေး၊ ထမံသီ-လေရှီးဆက်သွယ်ထားသည့်လမ်းမကြီး၏ ပျက်စီးနေသည့် နေရာ ၁ မိုင်အား လမ်းလွှဲ ဖောက်လုပ်ပေးရေးနှင့် ရာသီမရွေးသွားလာနိုင်ရန် မတ်စောက်နေသည့်နေရာများ ပြုပြင်ပေးနိုင်ရေးနှင့် လေရှီးအခြေခံပညာမူလတန်း ကျောင်း(ခွဲ)သို့ သွား ရောက်သည့် လမ်းအား ပြုပြင်ပေးနိုင်ရေး၊ လေရှီးမြို့ ပြည်သူ များအတွက် သောက်သုံးရေ လုံလောက်မှုရှိစေရန် မတူဂီချောင်းမှ ရေ ပိုက်လိုင်းအား အသစ်လဲလှယ်ပေး နိုင်ပေးရေး၊ ဆမ္ပရာမြို့မှ မြို့မမြို့ဖ ဦးသီးယိုင်းပေါ့က ဆမ္ပရာမြို့ သာယာကျေးရွာနှင့် ချယ်ရာကျေးရွာတို့တွင် MPTဆက်သွယ်ရေးတိုင်များ စိုက်ထူပေးရေးနှင့် လေရှီး-ဆမ္ပရာလမ်းပေါ်ရှိကျေးရွာများ ရွာဝင်ရွာထွက်လမ်းများ အား ကွန်ကရစ်ခင်းပေးရေး၊ မြို့မိမြို့ဖ ဦးမောင်သန်းက လစ်လပ်နေသည့် ဆရာဝန်များအား အမြန်ဆုံးခန့် ထားပေးရေးနှင့် မြို့နယ်ခန်းမ တည်ဆောက်ပေးရေးတို့နှင့် စပ်လျဉ်းသည့်မေးမြန်း တင်ပြချက်များကိုလည်းကောင်း။ ထပ်မံမေးမြန်းတင်ပြလိုသူ ၁၄ ဦးအနက် မဲပေါက်သူ ၃ဦးဖြစ်သည့် လေရှီးမြို့ နယ်မှ ဦးကီရှိးမှူးက နာဂဒေသဖွံ့ဖြိုးရေးအတွက် အထူးဒေသအဖြစ် သတ်မှတ်ဆောင်ရွက်ပေးရေးနှင့် ခန္တီးနှင့် ဟုမ္မလင်းမြို့တို့ကို နာဂဒေသထဲသို့ ပြန်လည် ထည့်သွင်းသတ်မှတ်ပေးရေး၊ ဒိန်းဂလိန်းကျေးရွာမှ ဦးပါဆယ်ကံ က အခြေခံပညာနှင့် တက္ကသိုလ်ဝင်တန်းပညာမပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရေး၊ လေရှီးမြို့နယ်မှ ဦးကျော်ဝင်းဌေးက နာဂဒေသပတ်ဝန်းကျင်ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ တံတားများ အရည်အသွေး ပြည့်မှီမှုရှိ၊ မရှိစစ်ဆေးသွားရေးနှင့် ဒေသခံများဝန်ထမ်းခန့်အပ်ရာတွင် နီးစပ်သူများခန့်အပ်နေမှုကို စိစစ်ဆောင်ရွက်ပေးရေး မေးခွန်းများကို လည်းကောင်း မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ ဦးကိုလေးဝင်းတို့က ချက်ချင်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ကြသည်။

တင်ပြမေးမြန်းချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးလက်နေပြည်သူများအတွက် သောက်သုံးရေရရှိရေးကို အလေးထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လေရှီးမြို့နယ်ခန်းမကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နာဂဒေသ သာမကအခြား ဒေသများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် လည်း ခက်ခဲဒေသများကို အထူးဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရကဆောင်ရွက်ပေးသည့် ကျန်း မာရေးဝန်ဆောင်မှုများကို အသုံးပြုရန်လိုကြောင်း၊ ကျန်းမာရေးပညာပေးမှုကို လေ့လာကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်အောင် ဆောင်ရွက်နေပါကြောင်း၊ ပညာသင်ယူမှုမပြီးမြောက်သည့် လူငယ်များအတွက်အလေး ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်လက်မဲ့လူငယ်များအား စာရင်းကောက်ယူပြီး စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
ဒေသခံများ ဝန်ထမ်းခန့်ထားရေး အပိုင်းကို ပြန်လည် စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နာဂဒေသသို့ လာရောက် တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများကို ဒေသခံပြည်သူများက စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ တာဝန်ထမ်းဆောင်နိုင်အောင် ကူညီပေးကြစေလိုကြောင်း၊ ပြည်သူများတွင် အခွင့်အရေး ရှိသကဲ့သို့ တာဝန်လည်းရှိပါကြောင်း၊ ထို့အတူအစိုးရတွင်လည်း လုပ်ပိုင်ခွင့်ရှိသကဲ့သို့ တာ ဝန်လည်းရှိပါကြောင်း၊ လမ်း၊ တံတားများ တည်ဆောက်ပေးရန်ကိစ္စကို တစ်နိုင်ငံလုံးတောင်းဆိုနေကြပါကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တစ်ချိန်တည်း ဆောင်ရွက်ပေးနိုင်ရန်မှာ မလွယ်ကူပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိနိုင်ငံ၊ မိမိဒေသတိုးတက်ရေးအတွက် မိမိတွင် တာဝန်ရှိသည်ဆိုသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီကြစေလိုကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကိုရုပ်သိမ်းလိုက်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် လေရှီးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြပြီး ဗန်းမောက်မြို့ ဇလုံတောင်သို့ ရောက်ရှိကာ ဆရာတော်၊ သံဃာတော်များအားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဇလုံတောင်စေတီတော်အား ဖူးမြော် ကြည်ညိုပြီးပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဇလုံတောင်မှ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး ဗန်းမောက်မြို့သို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗန်းမောက်မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီခန်းမထဲကို ကျွန်မအနေနဲ့ နောက်ကျပြီး ရောက်တာကို တောင်းပန်ပါတယ်။ နောက်ကျရတဲ့ အကြောင်းရင်းက ကျွန်မကို လမ်းမှာပြည်သူတွေက လာနှုတ်ဆက်တဲ့အခါ ပြန်ပြီးနှုတ်ဆက်တော့ အချိန်ယူရပါတယ်။ အဲဒါကို တချို့က ကျွန်မကို ပြည်သူတွေ လက်ကမ်းလို့ရှိရင် လိုက်ပြီးမနှုတ်ဆက်ပါနဲ့လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မရဲ့အမြင်မှာ လက်ကမ်းလာရင် လက်ဆွဲပြီး ပြန်နှုတ်ဆက်ချင်ပါတယ်။ ဒါက ပြည်ထောင်စုစိတ်ဓာတ်လို့ ကျွန်မက သတ်မှတ်ပါတယ်။ ကိုယ့်ကိုယ် စေတနာ၊ မေတ္တာနဲ့ကမ်းတဲ့လက်ကို ကျွန်မက ဆွဲကိုင်မှ ညီညွတ်မှုနဲ့ တိုးတက်မှု ရနိုင်မှာပါ။ ဒါကြောင့် အချိန်တွေကြာရင် နားလည်ပေးစေချင်ပါတယ်။ ကျွန်မအနေနဲ့ ဖြစ်နိုင်ရင် သန်းငါးဆယ်ကျော် ပြည်သူလူထုကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တွေ့ပြီးနှုတ်ဆက်ချင်ပါတယ်။ တကယ်တော့ ဒါက လက်တွေ့ ကျကျ မဖြစ်နိုင်ပါဘူး။

ရွာတစ်ရွာနဲ့ တစ်ရွာ ဖောက်ထားတဲ့ လမ်းအမျိုးမျိုး၊ တံတားအမျိုးမျိုးကို ကျွန်မတို့ ပြည်သူတွေက တောင်းကြပါတယ်။ အရှေ့အနောက်တောင်မြောက် ဘာမှမကွာခြားပါဘူး။ နောက်တစ်ခုက လျှပ်စစ်မီးကို တောင်းကြပါတယ်။ ပြည်သူများက လျှပ်စစ်မီးရှိမှ အဆင်ပြေမယ်ဆိုပြီး တောင်းကြတာပါ။ ဒီကိုမရောက်ခင် ကျွန်မတို့ ဇလုံတောင်မှာဝင်ပြီး ဘုရားဝင်ဖူးတော့ ဆရာတော်ကြီးက လျှပ် စစ်မီးလိုချင်တယ်လို့ မိန့်ပါတယ်။ ဆရာတော်ကြီး လျှပ်စစ်မီးလိုချင်တဲ့ အကြောင်းက သက်ကြီးရွယ်အိုဘုရားဖူးတွေ ဓာတ်လှေကားနဲ့တက်ပြီး ဘုရားဖူးနိုင်အောင်ဆိုပြီး လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်ပြီးမိန့်ပါတယ်။ ဒီတော့ ကျွန်မတို့ကလည်း ကြိုးစားရမှာပါ။ နောက် ပြီး သောက်သုံးရေကို တချို့ရွာတွေက ကျွန်မတို့ကို တောင်းကြပါတယ်။ ဒါလည်း အင်မတန်မှ အရေးကြီးတယ်ဆိုတာ အားလုံးအသိပါ။ အဓိက ရေမရှိဘဲနဲ့ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒါတွေကို ကျွန်မ ဦးစားပေးပြီး လုပ်ပါမယ်။ နောက် ကျန်းမာရေးနဲ့ ပညာရေးဆိုရင် ကျန်းမာရေးကို ပိုပြီးတောင်းတာကို ကျွန်မ သတိပြုမိပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ပိုပြီးတောင်းတာကို သတိ ပြုမိတာက ဆရာဝန်၊ သူနာပြု ဆရာမတွေ လုံလုံလောက်လောက် မရှိဘူး။ အထူးကုတွေ မရှိဘူး။ ဘယ်ဆေးရုံမှာဆိုရင် ဝန်ထမ်းတွေ ရှိသင့်သလောက် မရှိဘူး။ ဝန်ထမ်းတွေလည်း မလာကြဘူးဆိုပြီး အဲဒီလို တောင်းတာတွေ ရှိပါတယ်။

ဒါပေမယ့် ကျွန်မ စိတ်ဝင်စားတာက ဒီဘက်ပိုင်းမှာ ပညာရေးနဲ့ ပတ်သက်လို့ တောင်းတာ နည်းပါတယ်။ အသက်မွေးဝမ်းကျောင်းပညာသင်တန်းတွေကို တောင်းတာရှိပါတယ်။ ဒါပေမယ့် ကျောင်းတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုတွေရဲ့ တင်ပြချက်တွေ၊ တောင်း ဆိုချက်တွေက နည်းနည်း နည်းပါတယ်။ အဲဒါကြောင့် ကျွန်မ အံ့အားသင့်ပါတယ်။

ကျွန်မစပြီး နိုင်ငံရေး လုပ်ကတည်းက တိုင်းပြည်ကိုလှည့်ပြီး ပြည်သူလူထုတွေနဲ့ တွေ့တဲ့အခါမှာ ကျန်းမာရေးနဲ့ ပညာရေးကို အလေး ထားပြီး တောင်းတာကို အဲဒီတုံးကတည်းက တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပညာရေးဘက်ကို တောင်းတာ နည်းလာတော့ ကျွန်မက စဉ်းစားရပါတယ်။ ပညာရေးဘက်မှာ အားကောင်းလာလို့လား၊ ပြည်သူတွေအနေ နဲ့ ပညာရေးကို အရင်လောက် စိတ်မပါလို့လား၊ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အခုဒီက ကလေးတွေ သာမက မိဘတွေရော ပညာရေးကို စိတ်ပါတယ်ဆိုရင် ပညာရေးဘက်က ကျန်းမာရေးနဲ့စာရင် ပြဿနာနည်းလို့များလားလို့ ကျွန်မ စဉ်းစားမိပါတယ်။ ဒါက ကျန်းမာရေးဝန်ကြီးက သေသေချာချာ စဉ်းစားရမယ့် ကိစ္စပါ။

ပညာရေးဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ပဲဆိုတာ အမြဲတမ်းပြောပါတယ်။ ဒီကိုလာရင်း လမ်းမှာ ကျောင်းသူကျောင်းသားတွေ အများကြီးတွေ့ရတဲ့အခါ တဖက်မှာ ကျွန်မတို့ နိုင်ငံရဲ့တာဝန်ဟာ အင်မတန်ကြီးပါလားလို့ ခံစားမိပါတယ်။ ဒီကျောင်းသူကျောင်းသား တွေ အဆင့်အမြင့်ဆုံး ပညာတတ်အောင်၊ သူတို့ရဲ့ဘဝလမ်းကြောင်းအတွက် တကယ်ကို တန်ဖိုးရှိမယ့်၊ သုံးလို့ရမယ့်ပညာ တတ်အောင်သင် ပေးဖို့ အင်မတန်မှကြီးတဲ့ တာဝန်လို့ ကျွန်မ စဉ်းစားမိပါတယ်။ တဖက်က ကျောင်းသူကျောင်းသားတွေ များလေလေ ကျွန်မတို့ အနာ ဂတ်အတွက် အင်အားတွေ များလေလေလို့ စဉ်းစားမိပါတယ်။ ဘဝဆိုတာ ဘယ်တော့မဆို ဟိုဘက်ဒီဘက် ခေါင်းနဲ့ပန်းလို ရှိနေတာပါ။ တစ်ဖက်က သူ့ရဲ့အကျိုးဆိုရင်၊ တစ်ဖက်မှ သူ့ရဲ့တာဝန်တွေက ဒီအကျိုးကိုခံစားရဖို့ အားထုတ်ရမယ့်ကိစ္စတွေ ရှိနေပါသေးတယ်။ ပြည်သူတွေ သဲသဲလှုပ်နေတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ်လဲ ကူညီဖို့လိုပါလိမ့်မယ်။

ပြည်သူတွေကလည်း ကူညီပါ။ ဥပမာ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလိုတယ်လို့ ပြောတဲ့အခါမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလို ခက်ခဲတဲ့နေရာတွေမှာ ပိုပြီးကျန်းမာရေး ဝန်ထမ်းတွေ သွားနိုင်အောင်၊ ပိုပြီးဆရာဝန်တွေ ရှိလာအောင် ဘယ်လိုအစီအစဉ်တွေ လုပ်ထားတယ်ဆိုတာကို ရှင်းပြပါတယ်။ တစ်ချိန်တည်းမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးအနေနဲ့ အမြဲပြောပါတယ်။ ဒီလိုပြင်ပက ဝန်ထမ်းတွေလာရင် ဒေသခံတွေအနေနဲ့ နေစရာလုပ်ပေးပါ။ ဘာဖြစ်လို့လဲဆို ဒီမှာလာပြီး အလုပ်လုပ်တဲ့ ကျန်းမာရေး ဝန်ထမ်းဖြစ်ဖြစ်၊ ပညာရေးဝန်ထမ်းပဲဖြစ်ဖြစ် ဒေသပြင်ပကလာတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ ရပ်ရွာကို စွန့်ခွာခဲ့ရတယ်။ မိသားစုတွေကို ထားခဲ့ရတယ်။ သူတို့အတွက် အင်မတန်မှ စိမ်းနေတဲ့ နေရာတစ်ခုကို လာရသလိုပါပဲ။ အဲဒါကြောင့် ဒီနေရာမှာ နေချင်အောင်၊ ကြာကြာတာဝန်ထမ်းဆောင်ချင်အောင် ဒေသခံတွေက ကူညီမှဖြစ်မှာပါ။ ဒေသခံတွေက ပြင်ပကလူတွေကို အပြင်ကလူတွေ၊ သူစိမ်းတွေဆိုတဲ့ စိတ်နဲ့ထားရင် ဒီလူတွေက တစ်စိမ်းတွေလိုဖြစ်ပြီး နေချင်မှာ မဟုတ်ပါဘူး။ ဒါကိုယ့်ရဲ့ သားချင်းတွေပဲ၊ တို့ရဲ့ ဆွေမျိုးတွေပဲ၊ တို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေပဲ၊ တို့အရပ်တို့ရွာကောင်းဖို့အတွက် လာပြီး ကူညီတာပဲဆိုတဲ့စိတ်နဲ့ သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုဆက်ဆံမယ်ဆိုရင် ပြင်ပကလာ တဲ့ ဝန်ထမ်းတွေဟာ ဒီမှာ နေချင်မယ်။ အဲဒီလို ကျွန်မက ဖြစ်စေချင်ပါတယ်။

ကျွန်မတို့ တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိပါတယ်။ ဒီလိုမြို့တစ်မြို့မှာ ကြည့်လိုက်ရင် တိုင်းရင်းသားဝတ်စုံ အမျိုးမျိုးကို ကျွန်မ တွေ့ရပါတယ်။ ဒီလို တိုင်းရင်းသားမျိုးစုံရှိတဲ့ နိုင်ငံမှာ တစ်ယောက်နဲ့ တစ်ယောက်ကို သူစိမ်းလိုမြင်လို့မဖြစ်ဘူး။ တစ်ယောက် နဲ့ တစ်ယောက်ကို သူစိမ်းလိုမြင်မယ်ဆိုရင် ကျွန်မတို့ ဘယ်လိုလုပ် စည်းလုံးညီညွတ်မှု ရနိုင်မလဲ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ် လိုဝတ်စုံပဲ ဝတ်ထားထား၊ ဒီမှာ တိုင်းရင်းသားဝတ်စုံတွေ အမျိုးမျိုးဝတ်ထားတဲ့ ကလေးတွေဟာ တချို့တွေက တစ်ကျောင်းတည်း၊ တစ်တန်းတည်းက ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ကျောင်းထဲမှာ အတန်းအတူတူဆိုတဲ့အခါ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ တခြားတိုင်းရင်းသားအုပ်စုတွေထဲကလည်းပါမယ်။ ဒါပေမယ့် တခြားတိုင်းရင်းသားအုပ်စုတွေထဲကဆိုပေမယ့် ကိုယ်ခင်ရာ၊ ကိုယ်ခင်ရာပါပဲ။ ဒီလိုပဲ စိတ် ထားစေချင်တယ်။ ကျွန်မတို့ရဲ့နိုင်ငံမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး၊ ပြည်ထောင်စုသားချင်းတွေအားလုံးဟာ ညီ အစ်ကိုအရင်းအခြာတွေဆိုတဲ့ စိတ်ကို မွေးစေချင်ပါတယ်။ ဒီလို စိတ်မွေးနိုင်မှ နိုင်ငံရဲ့ မတူကွဲပြားမှုတွေဟာ ကျွန်မတို့အတွက် အင် အား ဖြစ်မှာ။ မတူတဲ့သူတွေက ငါတို့ရန်သူ၊ မတူတဲ့လူတွေက ငါတို့နဲ့ တစ်သားတည်းနေနိုင်မှာ မဟုတ်ပါဘူး။ မတူတဲ့သူတွေမို့လို ငါတို့ “ပ” ထားရမယ်ဆိုတဲ့ စိတ်တွေထားရင် ကျွန်မတို့နိုင်ငံဟာ အင်အားတွေ လျော့သွားပါလိမ့်မယ်။ ဒီလို အင်အားတွေ မလျော့သွားအောင် ကလေးတွေ ငယ်ငယ်ကတည်းကစပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မွေးကြပါ။ ကလေးတွေအနေနဲ့ ဘယ်တော့မှမမေ့ပါနဲ့။ ဒီနိုင်ငံဟာ ပြည်ထောင်စုပါ။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိပါတယ်။ တိုင်းရင်းသားတိုင်းမှာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တွေရှိပါတယ်။ သူတို့ရဲ့ လေးစားစရာကောင်းတဲ့ အယူအဆလေးတွေရှိပါတယ်။ အဲဒါတွေကို ကိုယ်က သိအောင်ကြိုးစားပါ။ ကြိုးစားမှ ကိုယ်ကလည်း ငါတို့မသိတာတွေ အခုသူတို့ဆီကနေ သိနေပါလား၊ ကိုယ်ကလည်း သူတို့မသိတာကို သင်ပေးလို့ရမယ်။ ဒီလိုစိတ်ဓာတ်နဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးကို ထူထောင်ဖို့ လိုပါတယ်။

ကျွန်မတို့ နိုင်ငံဟာ ကမ႓ာပေါ်မှာ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေ အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒါတွေက အင်အားပါ။ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေ ရှိတယ်ဆိုတာ နိုင်ငံ့ရဲ့တာဝန်တွေကို ထမ်းဆောင်မယ်၊ နိုင်ငံ့ရဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် ရုန်းကန်ပြီး အားထုတ်ပေးနိုင်မယ်။ ဒါပေမယ့် အရွယ်ကောင်းတဲ့ ကလေးတွေကို ပထမဦးဆုံး ကျန်းမာရေးကောင်းဖို့၊ ပညာရေးကောင်းဖို့ အစိုးရကနေ ကူညီရမယ်၊ ကြိုးစားရမယ်။ ပညာသင်ယူတတ်မြောက်ပြီးတဲ့အချိန်မှာ သင့်တော်တဲ့အလုပ် ရနိုင်အောင်လည်း အစိုးရကနေပြီး စီမံခန့်ခွဲပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဘွဲ့ရအလုပ်လက်မဲ့ဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်မတို့ နိုင်ငံမှာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ တက္ကသိုလ်ဘွဲ့ရပြီး အလုပ်မရှိဘူး၊ တက္ကသိုလ်ဘွဲ့ ရထားတယ်။ ဘာမှ အလုပ်မရနိုင်ဘူးဆိုတာ ကောင်းတာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ပညာတတ်ဆိုတာ တက္ကသိုလ်ဘွဲ့ရ မဟုတ်ဘူးဆိုတဲ့ အမြင်ကို ကျယ်ကျယ်ပြန့်ပြန် ဖြစ်အောင်လို့ ကြိုးစားနေပါတယ်။

ပညာဆိုတာ ကိုယ့်ဘဝအတွက် လိုအပ်တဲ့ အရည်အချင်းတွေ၊ လိုအပ်တဲ့ အသိပညာတွေပါ။ တက္ကသိုလ်ဘွဲ့ရမှ ဒီလိုပညာတွေရှိတာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အင်မတန်မှ အားပေးချင်ပါတယ်။ ဒီလိုအားပေးရချင်းဟာ ကမ႓ာပေါ်မှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့ဟာ အသက်မွေးကျောင်းပညာကို တက္ကသိုလ်ပညာနဲ့ တန်းတူတန်ဖိုးထားတယ်။ တန်းတူသာမက တချို့နေရာတွေမှာ ပိုပြီးတန်ဖိုးထားတယ်လို့ ပြောနိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာသင်သွားတဲ့ လူငယ် တွေဟာ တက္က သိုလ် ဘွဲ့ရလူငယ်တွေနဲ့ တန်းတူရည်တူ ဝင်ငွေကောင်းတယ်။ နိုင်ငံ့ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်တယ်။ စီးပွားရေးမှာ အင်မတန်ဩဇာရှိတယ်။ ဒါကြောင့် အသက်မွေးဝမ်းကျောင်းပညာဟာ ဘယ်လောက်အရေးကြီးလဲဆိုတာကို တစ်နေ့ထက် တစ်နေ့ တကမ႓ာလုံးက အသိအမှတ်ပြုလာပါပြီ။ ကျွန်မတို့ နိုင်ငံမှာ ပညာရေးက အားနည်းတယ်။ ဒါပေမယ့် အားနည်းချက်ကို အားသာချက် လုပ်လို့ရပါတယ်။ ဒီနိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရ ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၄ ရာခိုင်နှုန်းဆိုတာ အင်မတန်မှ နည်းပါတယ်။ အများစုဖြစ်တဲ့ ပြည်သူတွေဟာ တက္ကသိုလ်ဘွဲ့ မရပါဘူး။ ဒါက အကြောင်း မဟုတ်ပါဘူး။ လူငယ်တွေ ကိုယ့်ဘဝအတွက် သင့်တော်တဲ့ အသက်မွေး ဝမ်း ကျောင်း ပညာတွေကို သင်ယူနိုင်ဖို့ အခွင့်အရေးတွေရအောင် ကျွန်မတို့ ဖန်တီးပေးပါမယ်။ ဖန်တီးပေးမယ့် အခွင့်အရေးတွေကို ယူကြပါ။ မိဘတွေကလည်း အားပေးကြပါ။ တစ်ချိန်တည်းမှာ မိဘတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မိဘများဟာ အသက် မွေးဝမ်းကျောင်းပညာကို ပိုပြီးအားပေးလာတာကို တွေ့ရတဲ့အတွက် ဖြစ်ပါတယ်။

အရင်တုန်းက တက္ကသိုလ်ဘွဲ့လေး ရစေချင်တယ်။ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဓာတ်ပုံရိုက်ရတာကို သဘောကျတဲ့ ခေတ်တွေက တော်တော်နည်းသွားပါပြီ။ အသက်မွေးဝမ်းကျောင်းပညာသင်ပြီးကြောင်း လက်မှတ်ရရင်လည်း ဘွဲ့ရတွေလို အခမ်းအနား လုပ်လို့ ရပါတယ်။ ဒါတွေကို ကျွန်မ စီစဉ်ပေးပါမယ်။ ပညာတိုင်း၊ ပညာတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာကို အများနားလည်အောင်လို့ပါ။
အခုလို ပြည်သူလူထုနဲ့ ဆုံတဲ့အခါ မိမိတို့ လိုအပ်ချက်ကလေးတွေကို တင်ပြကြပါ။ တစ်နေရာနဲ့ တစ်နေရာမှာ လိုအပ်ချက်တွေက ဆင် တူရိုးမှားတွေရှိပါတယ်။ တချို့က မေးပါလိမ့်မယ်၊ ဆင်တူရိုးမှားဆိုရင် ဘာဖြစ်လို့ ဆက်မေးခွင့်ပေးတာလဲ။ ဒီနေရာမှာ မေးတဲ့ မေးခွန်းတွေကလည်း ဒါပဲ။ ဟိုနေရာမှာမေးတဲ့ မေးခွန်းတွေကလည်း ဒါပဲ၊ ဒါပေမယ့် မတူပါဘူး။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ပြဿနာ၊ ကိုယ့်ရဲ့လိုအပ်ချက်၊ ကိုယ့်ရဲ့အခက်အခဲတွေကို တင်ပြတာက တခြားလူတင်ပြတာနဲ့ မတူပါဘူး။ ဒါကြောင်မို့ ကျွန်မတို့က ဘယ်သွားသွား တတ်နိုင်သရွေ့ ဒေသခံတွေက မိမိတို့ရဲ့ အခက်အခဲတွေ၊ မိမိတို့ရဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ တင်ပြနိုင်အောင် အတတ်နိုင်ဆုံး အခွင့်အရေးပေးပါတယ်။ တချို့မေးခွန်းတွေက စာရေးပြီး စောစောကတည်းက တင်ထားတယ်။ အဲဒါတွေကို ဦးစားပေးပါတယ်။ ဒီဟာတွေဖြေပြီးလို့ အချိန်ကျန်တဲ့အခါမှာ ကျွန်မတို့ က မဲနှိုက်ပြီး ပရိသတ်ထဲက ပုဂ္ဂိုလ်တွေကို မေးခွင့်ပေးပါတယ်။ အခု စာနဲ့ တင်ပြထားတဲ့ မွေးခွန်းတွေကို ပထမဆုံး ဖြေပေးပါမယ်။ တချို့မေးခွန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖြေပါ့မယ်။ တချို့မေးခွန်းတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေပါ့မယ်ဟု ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် ဗန်းမောက်မြို့ လိပ်စောမင်းကုန်းကျေးရွာမှ ဦးမောင်စိုးက လိပ်စောမင်းကုန်းကျေးရွာအနီးတွင် အရှည်ပေ(၂၀၀) တံတားတစ်စင်းတည်ဆောက်ပေးနိုင်ရေး၊ ကြောင်လည်ရွာမှ ဦးသိန်းထွန်းက ဗန်းမောက်- ဟုမ္မလင်းလမ်းအား ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ နားပင်ရွာမှ ဦးမောင်ပိုက ကြောင်လည်စံပြကျေးရွာ၌ နယ် မြေ ရဲစခန်းဖွင့်လှစ်ပေးနိုင်ရေး၊ နန်းတပ်ပေကုန်းကျေးရွာမှ ဦးရဲပိုက စာခမ်း-ဟော်ယော ကျေးရွာ ကျောက်ချောလမ်းခင်းပေးနိုင်ရေး၊ မံလူကျေးရွာမှ ဦးတင်ရှိန်က ကြောင်လည် စံပြကျေးရွာ၌ ၆၆/KV/ ၅ MVA ဓာတ်အားခွဲရုံအသစ်တည်ဆောက်ပေးရေး၊ တဇွန်းကျေးရွာမှ ဦးထွန်းကြီးက နန်းဇားကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန အားတိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ စီကတောင် ကျေးရွာမှ ဦးဝင်းတင့်က စီကတောင်ကျေးရွာကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် သားဖွားဆရာမ နေအိမ်အား အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ရေးတို့ကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးများက ချက် ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအ နေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ခန်းမအတွင်းမှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၁၉ဦးအနက် မဲပေါက်သူ ၂ဦးဖြစ်သည့် ဗန်းမောက်မြို့မှ ဒေါ်ဝေနှင်းမွန်က ဗန်းမောက်မြို့တွင် မူးယစ်ဆေးဖြတ်ဆေးရုံ တည်ဆောက်ပေးရေး၊ ကသာမြို့မှ ကိုလီလီထွန်းက ကြံစိုက်တောင်သူများအတွက် ပြည် တွင်းသကြားဈေးကွက်ဖော်ဆောင်ပေးရေး မေးခွန်းများကိုလည်းကောင်း၊ ခန်းမအပြင်မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၁၂ဦး အနက် မဲပေါက်သူ ၂ဦးဖြစ်သည့် ဗန်းမောက်မြို့ မံယူကြီးကျေးရွာမှ ဦးသန်းဦးက မံယူကြီးကျေးရွာ ကိုယ်ထူကိုယ်ထ လှူဒါန်းထားသည့် အဆောက်အဦအား တိုက်နယ်ဆေးရုံအသစ်အဖြစ်တိုးချဲ့ဆောင်ရွက်ရေး၊ အနောက်တောကျေးရွာမှ ဦးထွေးအောင်က ကန်ကုန်း-လွင်ကြီး- ဝေတုတ်ခီ-အနောက်တော- ဟုမ္မလင်းလမ်း ပြန်လည်ပြုပြင်ပေးနိုင်ရန်နှင့် ကျေးရွာဖြတ်လမ်းများ ဖောက်လုပ်ပေးရေး မေးခွန်းများကိုလည်းကောင်း တင်ပြမေးမြန်းကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ်ဆေးဝါးတားဆီးရေး ကိစ္စမှာ ပြည်သူများ ပါဝင်ရန်လိုကြောင်း၊ ကြံစိုက်တောင် သူများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဈေးကွက်ရရှိရေးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြံစိုက်တောင်သူများအား ဈေးကွက်သီးနှံများ ပြောင်းလဲ စိုက်ပျိုးရန်အတွက် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဗန်းမောက်မြို့ပြည်သူများနှင့် ခဏတာတွေ့ရသော်လည်း မိမိအတွက် တန်ဖိုးရှိပါကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ဦးစားပေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ကြိုတင် မေးမြန်းတင်ပြထားသည့် မေးခွန်းများအနက် ဗန်းမောက်မြို့ နားမော်ကျေးရွာမှ ဦးကျော်ဌေးက နားမော်ကျေးရွာတွင် ဓာတ်အားခွဲရုံအမြန် တည်ဆောက်ပေးနိုင်ရေး၊ မြို့မရပ်ကွက်မှ ဦးဘလင်းက ဇလုံတောင်လမ်းကျောက်စီမြေထိန်း နံရံတည်ဆောက်ပေးနိုင်ရေးနှင့် ဗန်းမောက်-ဇလုံတောင်လမ်းအား ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်ပေးရေး၊ မြို့မရပ်ကွက်မှ ဒေါ်မို့မို့ခိုင်ကဗန်းမောက်-အင်းတော် ဆက်သွယ်ထားသည့်လမ်းအား အကျယ်(၁၈)ပေလမ်းအဖြစ်ဆောင်ရွက်ပေးနိုင်ရေး၊ မြို့မရပ်ကွက်မှ ဦးနေဝေထူးက ဗန်းမောက်မြို့တွင်းလမ်းများအား အကျယ်၂၄ပေလမ်းဆောင်ရွက်ပေးနိုင်ရေး၊ ပင်ဟင်းခါးကျေးရွာမှ ဦးကျော်သန်းက ပင်ဟင်းခါး-လက်ပံကျင်း-ကျောက်ဆည်ကျေးရွာချင်း ဆက်လမ်းများ ဖောက်လုပ်ပေးရေး၊ မြို့မရပ်ကွက်မှ ကိုကျော်ဂိုဂိုထက်က ဗန်းမောက်ဆေးရုံနှင့် တိုက်နယ် ဆေးရုံများတွင် လစ်လပ်နေသည့် ဆရာဝန်များ ဖြည့်ဆည်းပေးနိုင်ရေး၊ စက်တောရွာမှ ဦးအောင်ဝင်းတင်က စက်တောဘုန်းကြီး ကျောင်းရှိ မင်းတုန်းမင်း လှူဒါန်းထားသည့် ရှေးဟောင်းပစ္စည်းများ ပြသနိုင်ရန်ပြခန်းနှင့် ၎င်းပြခန်းမှ ဇလုံတောင် ယာဉ်ရပ်နားစခန်းသို့ လွယ်ကူစွာသွားနိုင်ရန် လမ်းဖောက်လုပ်ပေးရေးတို့နှင့် စပ်လျဉ်းသည့် မေးမြန်းတင်ပြချက်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးအနေဖြင့် သက်ဆိုင်ရာကဏ္ဍ ကိစ္စတစ်ခုချင်းအလိုက် တွေ့ဆုံဖြေရှင်းဆွေးနွေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဗန်းမောက်မြို့မှ ပြန်လည်ထွက်ခွာကြရာ ဟုမ္မလင်းမြို့သို့ပြန် လည်ရောက် ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ ကလေးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား၊တိုင်းရင်းသူများက ကလေးလေဆိပ်နှင့် ကလေး မြို့တွင်းလမ်းမများ၌ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

Show More

Related Articles

Back to top button
Close