Headline NewsNewsRegion

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တမူးမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလေးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူ များက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် တမူးမြို့တွင်း လမ်းမတစ်လျှောက်၌ ဒေသခံပြည်သူများက သောင်းသောင်း ဖြဖြကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တမူးမြို့နယ် စက်ရောင်ဘီလူးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီနေ့တမူးကိုလာပြီး ပြည်သူပြည်သားတွေနဲ့ တွေ့ခွင့်ရတဲ့အတွက် ကျွန်မ အင်မတန် မှ ဝမ်းသာပါတယ်။ ကျွန်မတို့ကို သိုက်သိုက်ဝန်းဝန်း ကြိုဆိုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘယ်ကိုသွားသွား ပြည်သူတွေရဲ့ ကြိုဆိုမှု၊ ပြည်သူတွေရဲ့ နွေးထွေးမှုက ကျွန်မတို့အတွက် အင်အားတစ်ခု ဖြစ်ပါတယ်။ ဒီအင်အားတွေကိုစုပြီး ပြည်သူတွေအတွက် ပြန်ပြီးသုံးဖို့ ရည်ရွယ်ပါတယ်။

ကျွန်မ တမူးကိုလာတဲ့အခါ တိုင်းရင်းသားပေါင်းစုံကို တွေ့ခဲ့ရပါတယ်။ အဲဒီပြည်သူတွေထဲမှာ တမူးဘက်မှာအနေများတဲ့ ဂေါ်ရခါးမျိုးနွယ် ပြည်သူတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုတွေ့ရင် ကျွန်မ အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ တိုင်းပြည်အတွင်း သာမက တစ်ကမ႓ာလုံးမှာ လူသားတွေ အချင်းချင်း အဆက်အစပ်ရှိတယ်ဆိုတာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ တမူးမှာ နီပေါမျိုးနွယ်ဖြစ်တဲ့ ဂေါ်ရခါးမျိုးနွယ်တွေကို တွေ့ရပါတယ်။ ကျွန်မ နီပေါကိုသွားတဲ့အခါ နီပေါနိုင်ငံသူနိုင်ငံသားတွေက နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ ဒါကျွန်မတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတာကို ပြတာပါ။ ကျွန်မတို့ နိုင်ငံမှာ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်း နေနိုင်တယ်ဆိုရင် ဒါနိုင်ငံရဲ့ သိက္ခာပဲဆိုတာကို အားလုံးသဘော ပေါက်စေချင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားရမယ်၊ တစ်ဦးနဲ့တစ်ဦး မေတ္တာထားရမယ်၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးရမယ်။ ကိုယ်နဲ့ မတူတဲ့သူတွေ ကိုယ့်နိုင်ငံထဲမှာ အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင်နေနေတာကို မြင်ရင်စိတ်ချမ်းသာရမယ်။ ကျွန်မ အမြဲ အဲဒီအရာတွေကို ဂုဏ်ယူပါတယ်။ ဘယ်ကိုသွားသွား တိုင်းရင်းသားလူမျိုးစု မျိုးစုံ၊ န်ိုင်ငံသူနိုင်ငံသားမျိုးစုံနဲ့ နိုင်ငံအတွင်း မှီတင်းနေထိုင်သူမျိုးစုံက တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နေနေတာကို တွေ့ရရင် ကျွန်မ အင်မတန်မှ ဂုဏ်ယူပါတယ်။ အင်မတန်မှ စိတ်ချမ်းသာပါတယ်။ ဒါနိုင်ငံရဲ့ အင်အားပါ။ ဒါနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ရမယ့် ပြည်ထောင်စုကြီးရဲ့ အခြေခံ စိတ်ဓာတ်ဖြစ်ပါတယ်။

ကျွန်မ စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက်ပိုင်းကို မရောက်တာ တော်တော်ကြာပါပြီ။ ကျွန်မ မရောက်တဲ့ အချိန်ကာလအတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်မတို့ တိုးတက်စေချင်သလောက် တိုးတက်တယ်လို့တော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် အခက်အခဲတွေ ကြားထဲကနေပြီး တိုးတက်မှုရှိနေတာကို တွေ့ရပါတယ်။ ဒီ တိုးတက်မှုတွေထဲမှာ လူငယ်တွေရဲ့ ကျောင်းနေတဲ့နှုန်း များလာတာကို ကျွန်မသိပ်ပြီး ဝမ်းသာပါတယ်။ သို့သော်ငြားလည်း လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းဟာ တက်လာ တယ်ဆိုတာကို ကြားရတဲ့အတွက် ကျွန်မ ဒါကိုစိုးရိမ်ပူပန်မိပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းအောင်၊ ပညာရေးကောင်းအောင် ကြိုးစားနေတဲ့အထဲမှာ ဒီမူးယစ်ဆေးဝါး အန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဒီကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်သွားမှာပါ။ ဒါကလည်း တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ပြဿနာပါ။ ကလေးမြို့မှာ ရှိနေတုန်းက ကြားခဲ့ရတာ ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးစွဲနေတဲ့လူငယ်တွေ ၇၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကြားခဲ့ရပါတယ်။ ဒါနိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာ၊ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ပထမဦးဆုံး မေးရမှာက ဘာဖြစ်လို့ လူငယ်တွေစပြီး မူးယစ်ဆေးဝါးသုံးကြသလဲ၊ လက်တည့်စမ်းတဲ့ သဘောနဲ့ စကြတာလား၊ ဘေးကနေပြီး မူးယစ်ဆေးဝါးဖောက်ကားနေတဲ့သူတွေက နည်းအမျိုးမျိုးနဲ့ သုံးချင်အောင် မြူဆွယ်လို့ပါသွားတာလား၊ ဘာကြောင့်ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ လူငယ်တွေကို အခုကတည်းက သတိပေးပါရစေ။ မူးယစ်ဆေးဝါး ဆိုတာ လက် တည့် စမ်းရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါကိုယ့်တစ်သက်လုံးအတွက် အန္တရာယ် ရှိမယ့်ကိစ္စဆိုတာကို သဘောပေါက် စေချင်ပါတယ်။ ဒါကို နှလုံးသွင်း စေချင်ပါတယ်။ လူငယ်တွေ ရှေ့ဆက်ရမယ့်ခရီးက အများကြီးကျန်ရှိနေပါသေးတယ်။ လူကြီးတွေအတွက် အချိန်က သိပ်မကျန်တော့ပါဘူး။ လူငယ်တွေ ရှေ့ဆက်ပြီးသွားရမယ့် အချိန်တွေ အများကြီးကျန်တဲ့အတွက် ကျန်းကျန်းမာမာ၊ စိတ်ချမ်းချမ်းသာသာနဲ့ သွားစေချင်ပါတယ်။ ဒီလို ကျန်းမာဖို့၊ စိတ်ချမ်းသာဖို့ ကိုယ့်ကိုယ်ကိုယ် လုပ်ယူရမယ့်ကိစ္စပါ။

မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျွန်မကို လူကြီးတစ်ယောက်အနေနဲ့ လာပြီး ကန်တော့တာတွေရှိပါတယ်။ တစ်နှစ်ထက် တစ်နှစ် ကန်တော့မယ့်သူတွေက ပိုများလာပါ တယ်။ ကိုယ်က အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ထက်ငယ်တဲ့သူတွေက ပိုများလာပါတယ် ဒီလိုလာပြီး ကန်တော့တဲ့အခါ ထုံးတမ်းစဉ်လာအရ ဆုပေးရပါတယ်။ ဆုပေးတယ်ဆိုတာ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ်အမျိုးမျိုးကင်းပါစေ စသဖြင့် ဆုပေးတာပါ။ ဒါပေမယ့် ဆုပေးတဲ့သူက ပေးရုံပေးနိုင်တာပါ၊ ဒီဆုတွေ တကယ်ပြည့်ဖို့ဆိုတာ ကာယကံ ရှင် ကိုယ်တိုင်က လုပ်ယူရမှာ ဖြစ်ပါတယ်။

ကျွန်မက ကျန်းမာပါစေလို့ ဆုပေးလိုက်ပေမယ့်၊ ကျန်းမာအောင်လုပ်ဖို့က ဆုပေးခံရတဲ့ ကာယကံရှင်က ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေမှ ကျန်းမာမှာပါ။ ဆုပေးတဲ့သူက ဘယ်လို စေတနာ၊ မေတ္တာနဲ့ ဘယ်လို့ ဆန္ဒတွေနဲ့ပေးပေး ယူတဲ့ကာယကံရှင်က ကျန်းမာ အောင် မနေရင် ကျန်းမာမှာမဟုတ်ပါဘူး။ ကျွန်မက ထပ်တလဲလဲ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေနဲ့ အထူးသဖြင့် လူငယ်တွေ ကျန်းမာပါစေလို့ ဆုပေးပေး လူငယ်တွေ ကျန်းမာအောင်မနေရင် ကျန်းမာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုပေးလိုက်တဲ့ဆုကို တန်ဖိုးထားပြီး ဒီဆုပြည့်ဖို့အတွက် ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာကို သဘောပေါက်စေချင်တယ်။

ကျွန်မက ချမ်းသာပါစေဆိုတဲ့ ဆုကိုပေးပါတယ်။ ချမ်းသာပါစေဆိုတာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း နှစ်မျိုးလုံးကို ပြောတာပါ။ ကိုယ်၏ချမ်းသာခြင်း ဆိုတာ ဖူလုံတယ်၊ ကြောင့်ကျ တောင့်တမှု မရှိရဘူး၊ မချို့တဲ့ရဘူးကို ဆိုလိုတာပါ။ ဒါက ရုပ်ပိုင်းဆိုင်ရာပါ။ ဒါပေမယ့် စိတ်ချမ်းသာဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မ ခဏခဏ ပြောပါတယ်။ ကျွန်မပေးတဲ့ဆုတွေထဲမှာ တန်ဖိုးအထားဆုံးက နှလုံးစိတ်ဝမ်းအေးချမ်းပါစေဆိုတဲ့ ဆုပါ။ ကိုယ့်နှလုံးစိတ်ဝမ်း အေးချမ်းတယ်ဆိုရင် ကျန်းမာရေးလည်းကောင်းမှ အေးချမ်းနိုင်မှာပါ။ ကျန်းမာရေး မကောင်းတဲ့လူက ဘယ်လိုမှ စိတ်အေး လက်အေး မရှိနိုင်ပါဘူး၊ နှလုံးစိတ်ဝမ်း မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် စိတ်ချမ်းသာမှုက ကိုယ်ကျန်းမာမှုရှိမှ နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ပါမယ်။ ဒီလို နှလုံးစိတ်ဝမ်းအေးချမ်းဖို့က ကိုယ့်ဘာသာကိုယ်ပဲ လုပ်ယူရမှာပါ။ ဘေးက ဘယ်လောက် ဆုပေးပေး၊ ဘယ်လောက် မေတ္တာစေတနာတွေနဲ့ ပံ့ပိုးပေးပေး နောက်ဆုံး လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ကိုယ်သာလျှင် အဓိကဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ ပြည်သားတွေဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့စိတ်၊ ကိုယ့်အင်အားတွေကိုမွေးပြီး ဒီအင်အားတွေကို ပတ်ဝန်းကျင်နဲ့ မျှဝေခံစားချင်တဲ့ စိတ်တွေကို မွေးစေချင်ပါတယ်။

နောက်တစ်ခုက ကျွန်မ ပေးတဲ့ဆုတွေထဲမှာ ကောင်းကျိုးလိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံပါစေဆိုပြီး ပေးလေ့ရှိပါတယ်။ ကောင်းကျိုးလိုရာ ဆန္ဒအဝဝဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဆန္ဒတွေ အားလုံးပြည့်ဝပါစေလို့ ပြောလိုက်ရင် ဆန္ဒပြည့်၀ခြင်းက အမြဲစိတ်ချမ်းသာတာ မဟုတ်ပါဘူး။ ဒါလည်း ခဏခဏ ဖြစ်တတ်ပါတယ်။ ကိုယ့်ဘဝကို ပြန်ပြီးစဉ်းစားကြည့်ရင် အထူးသဖြင့် နည်းနည်းအသက်ကြီးတဲ့အပိုင်းကနေ စဉ်းစားကြည့်ရင် ကိုယ့်ဘဝမှာ တောင်းခဲ့တဲ့ဆုတွေက ဒါလေး ဖြစ်စေချင်လိုက်တာ၊ ဒါလေး လိုချင်လိုက် တာ၊ ဒါလေး ရရပါလို၏၊ ဒါလေး ဖြစ်ရပါလို၏ ဆိုပြီး တောင်းခဲ့တဲ့ဆုတွေ အားလုံးကို ပြန်ပြီး စဉ်းစားကြည့်ရင် ဆုတောင်းတိုင်းပြည့်ပြီး စိတ်ချမ်းသာခဲ့ရဲ့လား ဆိုတာကို တွေးကြည့်စေချင်ပါတယ်။ အနောက်တိုင်းကလာတဲ့ အဆိုတစ်ခုရှိပါတယ်။ “မပြည့်တဲ့ဆုတွေကြောင့် ကျရတဲ့ မျက်ရည်တွေက ပြည့်တဲ့ဆုတွေကြောင့် ကျရတဲ့မျက်ရည်ထက် ပိုများပါတယ်တဲ့” ဒါဘာကို ပြောလဲဆိုရင် လူတွေက ဆန္ဒအရ ဒါဖြစ်ချင်ရဲ့၊ ဒါလိုချင်ရဲ့ဆိုပြီး၊ တကယ်ဖြစ်လာတော့ အကျိုးဆက်တွေက မကောင်းပါဘူး။ အကျိုးဆက်တွေက မကောင်းတဲ့အခါ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဒါကြောင့် ကောင်းကျိုးလိုရာ ဆန္ဒအဝ၀ ပြည့်ပါစေဆိုတာ ကိုယ့်ဆန္ဒတွေ တကယ်ပဲကောင်းကျိုးဖြစ်မယ်ဆိုရင် ဒီဆန္ဒတွေပြည့်ဝပါစေဆိုတဲ့ဆုကို ကျွန်မပေးတာ ဖြစ်ပါတယ်။ ဒါ တစ်နိုင်ငံလုံးအတွက် ဆုပါ။ ကျွန်မတို့ နိုင်ငံရဲ့ ကောင်းကျိုးလိုရာ ဆန္ဒအဝ၀ ပြည့်ကြပါစေ၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ ကောင်းကျိုးလိုရာ ဆန္ဒအဝ၀ပြည့်ကြပါစေ။

ကျွန်မတို့ ပြည်သူပြည်သားတွေ ဘာဆုတွေတောင်းကြသလဲ၊ တချို့ဆုတောင်းတွေက ရိုးရိုးလေးပါ။ တချို့ဆန္ဒတွေက ရိုးရိုးလေးပါ။ ကျွန်မ တစ်ချိန်လုံး ကြားသိနေရတဲ့ ကိစ္စတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေရတဲ့ကိစ္စတွေရှိပါတယ်။ ဥပမာ – လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကောင်းတဲ့ပညာရေး စနစ်ရှိရေး ဒါတွေကို ထပ်တလဲလဲ တောင်းဆိုနေတာပါ။ ဒါဟာ ပြည်သူတွေရဲ့ တောင်းသင့်၊ တောင်းထိုက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမယ့် အရာတွေဖြစ်ပါတယ်။ တစ်ခါတလေ ဒီလိုဆန္ဒတွေက အများအတွက် မဟုတ်ဘဲ ကိုယ့်အတွက် ဖြစ်သွားတာတွေကိုလည်း ကျွန်မ တွေ့ရပါတယ်။ ဒါကို ပြည်သူပြည်သားတွေက ဆင်ခြင်စေချင်ပါတယ်။

အများအတွက် စဉ်းစားခြင်းက ကိုယ့်အတွက် အများကြီး အကျိုးရှိတယ်။ အများရဲ့အမြင်နဲ့ မြင်ဖို့ကြိုးစားခြင်းက ကိုယ့်အမြင်ကျယ်လာပါတယ်။ အများရဲ့အတွေးနဲ့ တွေးနိုင်ဖို့ ကြိုးစားခြင်းက ကိုယ့်ရဲ့ဦးနှောက်ကို ပိုပြီးထက်သန်လာတယ်ဆိုပြီး အဲဒီလို မြင်စေချင်ပါ တယ်။ အဲဒီလို မြင်မယ်ဆိုရင် ပြည်သူပြည်သားတွေ တစ်နေ့ထက် တစ်နေ့ တိုးတက်ဖို့ပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ် ဝန်းကျင်မှာ လူတွေ ဘယ်လောက်များသလဲ၊ ကျောင်းတက်တဲ့ ကလေးတွေဆိုရင် တစ်တန်းတည်းမှာ ကလေးတွေ ဘယ်လောက်များ သလဲ၊ တခြားကိုယ်နဲ့ မတူတဲ့ကလေးတွေရဲ့ အမြင်တွေ၊ သူတို့ရဲ့ အားသာချက်တွေ၊ ဒါတွေကို လေ့လာမယ်၊ အားသာချက်အတွက် ကိုယ်က ဝမ်းသာရမယ်၊ မုဒိတာပွားရမယ်၊ သူများရဲ့ အားသာချက်ကို ကိုယ်က စိတ်ချမ်းသာပေးတာက မုဒိတာပွားတာပါ။ ဒီလိုစိတ်နဲ့ သူက တော်လိုက်တာ၊ သူက မြန်မာစာမှာ မတော်ပေမယ့်၊ သင်္ချာမှာ တော်လိုက်တာ၊ သင်္ချာနဲ့ပတ်သက်ရင် သူ့အကူအညီတွေရနိုင်ပါရဲ့ဆိုတဲ့ စိတ်ဓာတ်ထားနိုင်ရင် ကိုယ့်အတွက် အများကြီး ပိုပြီးတန်ဖိုးရှိပါတယ်။ ပြည်သူပြည်သားတွေကို ဒီလိုပဲ စဉ်းစားစေချင် ပါတယ်။
တမူးမြို့က နယ်စပ်မှာဆိုတော့ ဟိုဘက်နိုင်ငံက အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာကို တခြားနယ်စပ်မှာမဟုတ်တဲ့ မြို့တွေထက် ပိုပြီးသိနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ ဒီလိုသိနိုင်တဲ့ အခြေအနေရှိတဲ့အတွက် တခြားနိုင်ငံမှာ ဘာကြောင့် ဒီလိုအခြေအနေတွေရှိလဲ ဆိုတာကို လေ့လာစေချင်ပါတယ်။ ကောင်းတဲ့အရာတွေကို အတုခိုးရမယ်၊ မကောင်းတဲ့ အရာတွေကို ရှောင်ရပါမယ်။ သူတို့ရဲ့ ကောင်းတာတွေကို မနာလိုသဝန်တိုစိတ်မဟုတ်ဘဲ အားကျပြီး နာမူနာယူချင်တဲ့ စိတ်ဓာတ်နဲ့ လုပ်သွားမယ်ဆိုရင် ကျွန်မတို့ တိုးတက်မှုရမှာပါ။

ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိပါ။ တခြားသူတွေကိုလည်း လေးစားတန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်မှ တခြားသူတွေကို ယုံကြည်န်ိုင်မယ်၊ တန်ဖိုးထားန်ိုင်မယ်။ ဒါကြောင့် ဘယ်တော့မဆို ကိုယ်နဲ့ပဲ စရတာပါ။ ကျွန်မတို့ မေတ္တာပို့တယ်ဆိုရင် က်ိုယ့်ကိုယ်ကိုယ်စပြီး မေတ္တာပို့တာကို တချို့အမှတ်တမဲ့ ကြည့်ရင် ဒါကတစ်ကိုယ်ကောင်းဆန်အောင်လို့ သင်ပေးသလို ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်စပြီး မေတ္တာပို့ရမယ်ဆိုတာ တကယ်တော့ တစ်ကိုယ်ကောင်းဆန်အောင်လို့ သင် ပေးတာ မဟုတ်ပါဘူး။ လက်တွေ့ကျကျ လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းက စိတ်ချမ်းသာချင်တယ်။ လူတိုင်းလူတိုင်းက ပျော်ပျော်ရွှင်ရွှင်နေချင်တယ်။ လုံလုံလောက်လောက် ရှိချင်ကြတယ်။ ငါဒီလို ပျော်ချင်တယ်၊ ဖူလုံချင်တယ်ဆိုရင် တခြားသူတွေလည်း ဒီလိုစိတ်ဓာတ်ရှိမှာပဲဆိုပြီး တခြားသူတွေကို ကိုယ်ချင်းစာတဲ့ စိတ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နံပါတ်တစ်ကနေ စရပါတယ်။ နံပါတ်တစ်မှာ ရပ်ထားဖို့ မဟုတ်ပါဘူး။ ကလေးတွေကို သင်္ချာသင်ရင် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ရေးတဲ့အခါမှာ တစ် တစ်ခုတည်းကို သင်ပေးလို့ မရပါဘူး။ တစ်ဆိုပြီး ဆက်မသင်ရင် ဘယ်တော့မှ ပညာ တတ် မှာ မဟုတ်ပါဘူး။ တစ်ပြီးရင် နှစ်၊ သုံး၊ လေး၊ ငါး သင်ရပါတယ်။ ပြီးရင် ရာဂဏန်း၊ ထောင်ဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်း ကဘယ်လို စသည်ဖြင့် သင်သွားရပါတယ်။

ဘဝရဲ့ သင်ခန်းစာတွေကလည်း ဒီလိုပါပဲ။ တစ်နဲ့ စပြီး တစ်နဲ့ ဆုံးလို့ မဖြစ်ပါဘူး။ ကိုယ်နဲ့စပြီး ကိုယ်နဲ့ဆုံးလို့ မဖြစ်ပါဘူး။ စတာတော့ ကိုယ်နဲ့စရမှာ ဒါက သဘာဝပါ။ ဒါပေမယ့် အဆုံးမှာ အသိုင်းအဝိုင်းတွေ များနိုင်သလောက် များများပါနိုင်ရင် အားလုံးအတွက် ကောင်းလေပါ။ ဒါကြောင့် နိုင်ငံထဲကိုသွားပြီး ပြည်သူတွေနဲ့ ထိတွေ့မှုရှိဖို့ ကြိုးစားကြတယ်ဆိုရင် မြို့ကြီးတွေကိုပဲ သွားလို့မရပါဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အဓိက မြို့ကြီး ၃ မြို့ကို သွားနေလို့ မလုံလောက်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ နိုင်ငံအတွင်းမှာရှိတဲ့ မြို့ကြီးတွေကိုလည်း သွားရတယ်။ မြို့လေးတွေကိုလည်း သွားနိုင်သမျှသွားဖို့ ကြိုးစားရပါတယ်။

တကယ်တော့ အစိုးရ အလုပ်လုပ်တဲ့အချိန်မှာ အရင်တုန်းကလောက် သွားတဲ့၊ လာတဲ့နေရာမှာ လွတ်လွတ်လပ်လပ် မရှိပါဘူး။ အရင်တုန်းက ကားလမ်းကသွားမယ်ဆိုရင် လမ်းကရွာလေးတွေကိုရပ်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောရတာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ ရွာသူရွာသားတွေကလည်း သူတို့ စိတ်ထဲမှာရှိတဲ့ လိုအပ်ချက်ကလေးတွေ၊ စိုးရိမ်မှုလေးတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံရေးအမြင်တွေကို ဖလှယ်နိုင်ပါတယ်။ နိုင်ငံရေးလုပ်နေတဲ့သူတွေဆိုတော့ ပြည်သူတွေနဲ့ နိုင်ငံရေးဖလှယ်ဖို့က တာဝန်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ဒီတာဝန်ကို ကျွန်မတို့ လိုလိုလားလားနဲ့ ထမ်းဆောင်နေပါတယ်။ တာဝန်တစ်ခုကို ကျေပွန်ဖို့ဆိုရင် ဒီတာဝန်ထမ်းဆောင်ရတဲ့ စိတ်ဓာတ်ဟာ တကယ့်ကို လိုလိုလားလား ရှိရမယ်။ မလုပ်ချင်လုပ်ချင်နဲ့ လုပ်နေလို့မဖြစ်ပါဘူး။ ဒီကိစ္စကို လုပ်တော့မယ်ဆိုရင် စိတ်ပါလက်ပါနဲ့ ကိုယ့်ရဲ့ ဦးနှောက်၊ နှလုံးသားနဲ့ ကာယအစွမ်းတွေ အားလုံးကို သုံးရပါမယ်။ ဒါမှတာဝန်ကို ကျေပွန်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ မထိတွေ့ဘူးဆိုရင် ကျွန်မရဲ့တာဝန်မကျေရာလည်း ရောက်ပါတယ်။ တစ်နည်းအားဖြင့် တစ်ဖက်က ကိုယ်ရနိုင်တဲ့၊ အခွင့်အရေးရှိတဲ့ စိတ်ချမ်း သာမှုတွေကို ဆုံးရှုံးရမှာဖြစ်ပါတယ်။ ပြည်သူတွေ အချင်းချင်းလည်း ဒီလိုပဲ စိတ်ထားစေချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် နီးနီး ကပ်ကပ် ဆက်ဆံဖို့၊ တစ်ယောက် အပေါ် တစ်ယောက် စေတနာ၊ မေတ္တာထားဖို့ ဒါဟာတာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဖြင့် ကိုယ့်အတွက် စိတ်ချမ်းသာမှုတွေ ရရှိပါတယ်။ ဒါကြောင့် တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ အများအတွက် စဉ်းစားပါ။

တစ် ကနေစပြီး ရေတွက်လို့မရတဲ့ ဂဏန်းအထိပြေးတဲ့ စိတ်ဓာတ်တစ်ခုကို မေတ္တာ၊ စေတနာတွေနဲ့အတူ အချင်းချင်းအပေါ်မှာထားကြပါလို့ တောင်းဆိုချင်ပါတယ်။ ပြည်သူတွေနဲ့ သွားတွေ့တဲ့အခါမှာ တစ်ချိန်လုံး သင်ယူနေရပါတယ်။ ဥပမာ တချို့မြို့တွေမှာ ပြည်သူတွေနဲ့ တွေ့ဆုံပွဲက ပိုပြီးကျေကျေနပ်နပ် ရှိပါတယ်။ တချို့မြို့တွေမှာ သိပ်ကျေနပ်စရာ မရှိပါဘူး။ သိပ်ကျေနပ်စရာမရှိဘူးဆိုတာက တချို့မြို့တွေမှာ အခင်းအကျင်းက ပြည်သူတွေနဲ့ နီးစပ်နိုင်သလောက်နီးစပ်တဲ့ အခင်းအကျင်းမျိုး မဟုတ်တဲ့အခါ ကျေနပ်မှုမရှိဘူးလို့ ပြောရမှာပါ။ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် တရင်းတနှီးပြောနိုင်ဆိုနိုင်တွေ့နိုင်တဲ့ အခွင့်အရေးမျိုးရှိတဲ့ အခင်းအကျင်းမျိုးဆိုရင် ကျွန်မအကြိုက်ဆုံးပါ။ တကယ်အကောင်းဆုံးက ကွင်းပြင်ကြီးမှာ လုပ်တာအကောင်းဆုံးပါ။

ကျွန်မ ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာ ပြည်သူတွေက သူတို့ သိချင်တဲ့ကိစ္စတွေ၊ လိုအင်ဆန္ဒတွေကို တင်ပြကြပါတယ်။ တင်ပြတာတွေကို ပြန်ဖြေပါတယ်။ တချို့မေးခွန်းတွေကို ကြိုတင်ပြီးတင်ပြပါတယ်။ ဒါက အချိန်အကန့်အသတ်ကြောင့်ပါ။ အချိန်က ကိုယ်ပေးချင်သ လောက်လည်း ပေးလို့မရပါဘူး။ ပေးချင်တဲ့စိတ်က ရှိပါတယ်။ တစ်နေ့လုံးထိုင်ပြီး ပြောနေလို့ရရင် ကောင်းပါတယ်။ ဒါပေမယ့် လက် တွေ့ကျတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တချို့မေးခွန်းတွေကို ကြိုတင်လက်ခံပြီး အဲဒါတွေကို သက်ဆိုင်ရာဌာနတွေ၊ တိုင်းဒေသကြီး အစိုးရတွေ၊ ပြည်ထောင်စုအဆင့် ဌာနတွေကနေ ပြန်ပြီးဖြေကြားပါတယ်။ နောက်မဲနှိုက်ပြီး ပရိသတ်ထဲကနေ မေးခွန်းမေးဖို့ဆိုတာကလည်း လက်တွေ့မကျတဲ့အခါ မဲနှိုက်ပြီး မဲပေါက်တဲ့သူတွေရဲ့ မေးခွန်းတွေကို လက်ခံနားထောင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ တတ် နိုင်သမျှ ပြေလည်အောင်လုပ်ပါတယ်။ ပြည်သူဘက်ကလည်း တတ်နိုင်သမျှ ပြေလည်အောင် လုပ်ပေးစေချင်ပါတယ်။ တချို့နေရာတွေမှာ မဲမပေါက်တဲ့သူတွေက မဲမပေါက်ဘဲ အတင်းမေးချင်ပါတယ်ဆိုပြီး ပြဿနာရှာတာတွေရှိပါတယ်။ အဲဒါက မလုပ်သင့်၊ မလုပ်ထိုက်တဲ့ကိစ္စပါ။ ဒါက တာဝန်မသိတဲ့ကိစ္စ၊ ဒါက ကိုယ့် စည်းကိုယ်မစောင့်တဲ့ ကိစ္စပါ။ မဲဆိုတာက ကံပါ၊ ကံအရ ပေါက်သွားတဲ့သူက ပေါက်သွားမှာပါ။ ပေါက်သွားတဲ့သူကို မေးခွန်းမေးမယ်။ မပေါက်တဲ့သူက စာရေးပြီး မေးခွန်းတွေကို တင်လို့ရပါတယ်။ တိုင်စာဌာနလည်း ဖွင့်ထားပါတယ်။ တိုင်စာဌာနဆိုတာ တိုင်ဖို့သာမဟုတ်ပါဘူး။ တင်ပြချင်တဲ့ကိစ္စတွေကိုလည်း တင်ပြဖို့ ဖြစ်ပါတယ်။ တချို့က တိုင်စာဌာနဆိုတာ တိုင်စရာရှိမှ တိုင်ရမယ်လို့ ထင်နေတာရှိပါတယ်။ ကိုယ့်ရဲ့ လိုချင်တာတွေရှိရင် တင်ပြလို့ ရပါတယ်။ အကြံပြုချင်တာရှိရင်လည်း တင်ပြလို့ရပါတယ် ဟု ပြောကြားခဲ့သည်။

ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် တမူးမြို့ ဈေးတန်းရပ်မှ ဦးလှမောင်က တမူးမြို့ စီးပွားရေးဇုန်ဖော်ထုတ်ပေးရေး၊ ဈေးတန်း(၈)ရပ်ကွက်မှ ဦးတင်ထွန်းဦးက တမူးမြို့အား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမြန်သွယ်တန်းပေးရေး၊ ဈေးတန်းရပ်ကွက်မှ ဦးအောင်သူချမ်းက တမူးမြို့ စက်ရောင်ဘီလူးအားကစားခန်းမအား အကြီးစားပြုပြင်ပေးရေး၊ မြို့မ(၈)ရပ်ကွက်မှ ဦးကျော်လင်းက တမူးမြို့ရှိ ကွင်းညီညောင်ကွင်းနှင့် ဦးစူးကျေးရွာအကြားရှိ သစ်တောဧရိယာ ဧက (၅၀၀) အား လယ်မဲ့၊ ယာမဲ့များအတွက် လယ်မြေဖော်ထုတ်ပေးရေး၊ စန္ဒကူးရပ်ကွက်မှ ဦးရဲမိုးမြင့် က စန္ဒကူးရပ်ကွက် မဟူရာချောင်းကမ်းပါးရှိ နေ အိမ်များ ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ကျောက်စီရေကာနရံများ တည်ဆောက်ပေးရေး၊ စော်ဘွားအင်းရပ်ကွက်မှ ဦးဟန်မော်က တမူးမြို့ နန်းမြင့်ဟန်ချောင်းကူးတံတားတစ်စင်း အမြန်ဆောင်ရွက်ပေးရေး၊ တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ်(၄)ရပ်ကွက်မှ ဦးမှဲတ်အဲလ်က ခမ်းပါတ်မြို့တွင်း လမ်းပေါ်ရှိတံတား (၉)စင်းနှင့် လမ်းအား ကွန်ကရစ်ဖြင့်ဆောင်ရွက်ပေးရေး၊ တမူးမြို့နယ် မြို့သစ်မြို့ အမှတ် (၃) ရပ်ကွက်မှ ဦးအောင်မြင့်ဌေးက တမူးမြို့နယ် မြို့သစ်မြို့ ယူချောင်းဘေလီ တံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရေးမေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီးဦးအောင်ထူး၊ တိုင်းဒေသကြီးဝန်ကြီးများက ချက် ချင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေ အနေများနှင့် စိစစ်ဆောင်ရွက်ပေးသွားမည့်အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ခန်းမအတွင်းမှ မေးခွန်းမေးမြန်းတင်ပြလိုသူ (၁၆)ဦးအနက် မဲပေါက်သူ (၃)ဦးဖြစ်သည့် တမူးမြို့ ကျွန်းတောရေစင်ကျေးရွာမှ ဦးပေါင်ဒါလ်မန်က အထောက်အထား အပြည့်အစုံဖြင့် ငါးကန်တူးဖော်မှုကို အရေးယူမည်ဖြစ်ကြောင်းပြောဆိုခဲ့မှု၊ မော်တော်ယာဉ်မတော်တဆမှုတွင် ဒဏ်ကြေးများစွာကောက်ခံခဲ့မှု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် မသမာမှုအား စိစစ်ပေးရေးနှင့် မူးယစ်ဆေးဝါးဖမ်းဆီးမှုတွင် မသမာမှုများ ရှိနေခြင်းအား ပြန်လည်စိစစ်ပေးရေး၊ နန်းဖာလုံရပ်ကွက်မှ ဦးဆေးဂင်က သိမ်းဆည်း လယ်ယာမြေကိစ္စနှင့်လူမျိုး(၁၃၅)မျိုးတွင် ချင်းကူကီးမျိုးနွယ်စုအမည်အား အသိအမှတ်ပြုပေးရေး၊ မြို့မ (၅)ရပ်ကွက်မှ ဦးစိုင်းလှကျော်က တမူးဒေသတွင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်ရွေးချယ်ခွင့်ရရှိရေးနှင့် ရှမ်းတိုင်းရင်းသားစာပေအား ကျောင်းသင်ခန်းစာတွင် ထည့်သွင်းသင်ကြားပေးရေးမေးခွန်းတို့ကိုလည်းကောင်း။ ခန်းမအပြင်မှ မေးခွန်းမေးမြန်းတင်ပြလိုသူ (၇)ဦးအနက် မဲပေါက်သူ (၃)ဦး ဖြစ်သည့် ဈေးတန်း(၂) ရပ်ကွက်မှ ဦးနန္ဒထူးအောင်က တမူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုများအား တားဆီးဆောင်ရွက်ပေးရေး၊ ဈေးတန်း (၁၂)ရပ်ကွက်မှ ဦးယဉ်ကိုဦးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားအားကစားပွဲတော်များကျင်းပရေး၊ ကနန်အမှတ်(၄)ရပ် ကွက်မှ ဦးရိန်းလျန်နာက ကနန်ရွာရေကာတာ ဆက်လက်တည်ဆောက်ပေးရေးနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအား ထပ်မံမဖြစ်စေရန် ဆောင်ရွက်ပေးရေးမေးခွန်းတို့ကိုလည်းကောင်း တင်ပြမေးမြန်းကြသည်။

တင်ပြမေးမြန်းချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်သူများ၏ လယ်ယာမြေလိုအပ်ချက်အတွက် သစ် တောမြေအစား အခြားနည်းလမ်းဖြင့် ကူညီပေးမည်ဖြစ်ကြောင်း၊ သစ်တောကဏ္ဍမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စဉ်းစားဆောင် ရွက်နေရပါကြောင်း၊ ငါးကန်ကိစ္စကို တိုင်းဒေသကြီးအစိုးရက စိစစ်ပေးရန်လိုကြောင်း၊ မော်တော်ယာဉ်မတော်တဆမှု ဒဏ်ကြေးကိစ္စကို ပြန်လည်စိစစ်ပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးကိစ္စကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်း သားစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးမည်ဖြစ်ကြောင်း၊ လက်ရှိသင်ကြားနေသည့်ဘာသာရပ်များ များပြားနေပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များ မူးယစ်ဆေးဝါး မသုံးစွဲစေရန် ပညာပေးမှုများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိဘ၊ ဆရာပါဝင်ရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးမှာ အန္တရာယ်ကြီးပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲဖူးသည့် ကလေးများသည်ဆေးဖြတ်လိုက်သော်လည်း ဦးနှောက်မှတ်ဉာဏ် ကျဆင်းသွားပါကြောင်း၊ လုပ်ငန်းခွင်တွင်လည်း မမြဲတော့ပါကြောင်း၊ တစ်သက်တာလုံး ဆိုးကျိုးဖြစ်သည်ကို လူငယ်များသိရန်လိုအပ်ပါကြောင်း၊ မိဘ၊ ဆရာ၊ ရပ်မိရပ်ဖများအားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီရန်လိုအပ်ပါကြောင်း၊ ကလေးများအတွက် သင့်တော်ရာအားကစား၊ အနုပညာကို ဆောင်ရွက်စေရန်လိုကြောင်း၊ ကနန်ရွာလယ်မြေများ ရေတိုက်စားမှုကိစ္စကို တိုင်းဒေသကြီး အစိုးရအဖွဲ့အား ညွှန်ကြားခဲ့မည်ဖြစ် ကြောင်း၊ တမူးဒေသခံပြည်သူများက မိမိအား နွေးနွေး ထွေးထွေးကြိုဆိုသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တမူးပြည်သူများအားလုံး ကျန်း ကျန်းမာမာချမ်းချမ်းသာသာဖြင့် ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တမူးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ကလေးမြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

ယခုအခါ ထိုင်း-မြန်မာ-အိန္ဒိယ အာဆီယံလမ်းမကြီးကို ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယာကြီး-ကလေး၀ အပိုင်း(၇၅ မိုင် ၅ ဖာလုံ)အား အိန္ဒိယနိုင်ငံအကူအညီဖြင့် ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကလေး၀-ကျီကုန်း -တမူးလမ်းပိုင်း (၉၃) မိုင်အပေါ်ရှိ တံတား(၆၉)စင်းကိုလည်း အိန္ဒိယနိုင်ငံအကူအညီဖြင့် ပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများသည် ခန့်မှန်း ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းမကြီးပြီးစီးပါက မြန်မာ-အိန္ဒိယ (နှစ်နိုင်ငံ) နယ်စပ်ကုန်သွယ်ရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တမူးမြို့၌ မြေဧရိယာ (၃၂ ဒသမ ၁၇၆) ဧကအား နယ်စပ်ကုန်သွယ်ရေးဇုန် တည်ဆောက်နိုင်ရေးအတွက် ခွင့်ပြုချထားပေးကာ အဆိုပါမြေဧရိယာတွင် နယ်စပ်ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်ပေါ်လာရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ Master Plan တစ်ခုရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။

Show More

Related Articles

Back to top button
Close