Headline NewsNewsRegion

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၃၀

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနှင့်အဖွဲ့အား ယနေ့နံနက်၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရှေးဦးစွာ နှစ်ဖက်တက်ရောက်လာကြသူများအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။ ၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည်သစ်ပါတီ NCA လက်မှတ် ရေးထိုးပြီးနောက် လက်ရှိမြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား အရေး ဦးစား ပေးဆောင်ရွက်ရန် လိုအပ်ချက်များ၊ (၈)ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့်အညီ လာမည့် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပြီး မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အပြည့်အဝ ထောက်ခံပါကြောင်း၊ တိုင်းရင်း သား များအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ယုံကြည်မှုများစွာ မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ များတွင် သဘောတူညီချက် မရရှိသေးသည့် ကိစ္စရပ်များကို ကျော်လွှားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

၎င်းနောက် မွန်ဘာသာသင်ကြားရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၏ စားဝတ်နေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂါရ၀ပြုလက်ဆောင် ပြန်လည် ပေး အပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ၊ အဖွဲ့နှင့် မှတ်တမ်းဓာတ်ပုံရိုက်သည်။

တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဥက္ကဋ္ဌ(၂) ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ(၃) ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌနှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားလယ်နှင့် စစ်ဦးစီးချုပ် နိုင်ဗညာမဲ့စန်း တို့လည်း တက်ရောက်ကြသည်။

Show More

Related Articles

Back to top button
Close