NewsRegion

ဆဋ္ဌမကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ Myanmar Expo @ Fortune Plaza ၌ ကျင်းပ

ဖေဖော်ဝါရီ ၁၄ ရက်

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ကြီးမှူးသည့် ဆဋ္ဌမကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန် စည်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် သာကေတမြို့နယ်ရှိ Myanmar Expo @ Fortune Plaza ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားသည်။

ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အခြေခံပြီး စိုက်ပျိုးရေးနှင့် ပတ်သက်လျှင် ထုတ်လုပ်နိုင်သည့်စွမ်းအား ရှိပါကြောင်း၊ ဒါပေမယ့် ဈေးကွက်မှာ တန်ဖိုးမြင့်ရောင်းချနိုင်သည့် အခြေအနေကတော့ လိုအပ်ချက် ရှိနေဆဲပဲဖြစ်ကြောင်း၊ ယင်း လို အပ်ချက်ကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချရေး အသင်းကနေ အဆင့်မြှင့်တင်နိုင်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်နေတာကို ကြားသိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ မိမိတို့နိုင်ငံက ထုတ်ကုန်ကို ဝယ်ယူနိုင်သည့် ဈေးကွက်များ အဝေးကြီးကိုမျှော်တွေးနေစရာမလိုဘဲ အိမ်နီးချင်းမှာတွင် ရှိနေတာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ အာဆီယံနိုင်ငံများကို တင်ပို့နိုင်သည့် အခွင့်အလမ်း ရှိပါကြောင်း၊ ယင်းဈေးကွက်ကို ဝင်ရောက်နိုင်ဖို့အတွက် မိမိတို့ ကုန်စည်များ အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းမင်းက အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆဋ္ဌမကြိမ်မြောက်၊ မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းမင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း၊ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ပြည်တွင်း၊ပြည်ပ နိုင်ငံတကာအဆင့်မီ စားသောက်ကုန်များကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ပြီး လုပ်ငန်းရှင်အချင်းချင်း အပြန် အလှန် စီးပွားရေးဆက်သွယ်မှု ရရှိနိုင်ရန်၊ နည်းပညာနှင့် ခေတ်မီစက်ကိရိယာများကို လေ့လာပြီး ထုတ်လုပ်မှု စံချိန်၊စံနှုန်း မြင့်မားစေရန် ရည်ရွယ်လျက် ဆဋ္ဌမကြိမ်မြောက်၊ အကြီးမားဆုံး မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲကြီးကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

ထို့အပြင် စားသောက်ကုန်လုပ်ငန်း စတင်လုပ်ကိုင်မည့် လူငယ်လုပ်ငန်းရှင်အသစ်များအတွက် လိုအပ်သော အစားသောက်ထုတ်လုပ်ရာကွင်းဆက် (Food Supply Chain) တစ်လျှောက် သိမှတ်ဖွယ်ရာများ၊ ဘေးအန္တရာယ်ကင်းပြီး အရည်သွေးပြည့်မှီသော စားသောက် ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တရားမျှတစွာ ယှဉ်ပြိုင်ရောင်းချနိုင်ရေးတို့အတွက် မြန်မာ့စားသောက်ကုန် အရည်အသွေး ထိန်းသိမ်းရေး အခြေခံအဆောက်အအုံစနစ်များအား အသိပညာပေး ရှင်းလင်းပြောကြားခြင်းများကို ဖေဖော်ဝါရီလ(၁၅)ရက်၊ နံနက်(၁ဝ)နာရီမှ (၄)နာရီအထိ ဝင်ကြေးအခမဲ့ဖြင့် ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button
Close