Headline NewsNewsRegion

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိဘောလုံးကွင်း၌ ကျင်းပရာနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီးဒေါက်တာရွှေလွှမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိ ယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

နံနက် ၉ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ၂၀၂၀ ခုနှစ် (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပမည့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိဘောလုံးကွင်းသို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားများက ဂုဏ်ပြုပန်းစည်းများပေးအပ်၍ ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေးနှင့် မြို့မိမြို့ဖဦးငွန်ဟရန်းတို့က (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်မုခ်ဦးကိုစက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ဒေသခံတိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရဆရာတော် ဒေါက်တာလာလ်အုပ် က ချင်းအမျိုးသားနေ့ပွဲတော်အတွက် ကောင်းချီးမင်္ဂလာဆုတောင်းစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအားအလေးပြုခြင်းတို့ကိုဆောင်ရွက်ကြသည်။

ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆဆိုင်းလျန်လွယ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာကိုဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကနှုတ်ခွန်းဆက်စကားပြောကြားသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကိုသီးခြားဖော်ပြထားပါသည်။)

ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးကပေးပို့လာသည့် သဝဏ်လွှာများကိုမှတ်တမ်းတင်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဗဟို)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(ဗဟို)နှင့် ခူမီး(ခမီး)အမျိုးသားပါတီဥက္ကဋ္ဌတို့က (၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်း အနားသို့ သဝဏ်လွှာများပေးပို့ခဲ့ကြသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးများသည် အခမ်းအနားသို့တက်ရောက်လာသည့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သဘာပတိအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် (၇၂)နှစ်မြောက်ချင်းပြည်နယ်နေ့ အထိမ်းအမှတ် ပြည် နယ်လွှတ်တော်နှင့် ပြည်နယ် အစိုးရပြခန်းများ၊ ဝန်ကြီးဌာနဆိုင်ရာပြန်ခန်းများနှင့် ဒေသခံယဉ်ကျေးမှုပြခန်းများကိုလှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူရဟတ်ယာဉ်များဖြင့် ထန်တလန်မြို့မှ ကလေးမြို့သို့ရောက်ရှိပြီးကလေးလေဆိပ် ဧည့်ခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူအထူးလေယာဉ်ဖြင့် ကလေးမြို့မှ ထွက်ခွာလာရာညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

ချင်းအမျိုးသားနေ့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူသူ့ကျွန်မခံလို၍ နယ်ချဲ့ဆန့်ကျင်ရေးလွတ် လပ်ရေးတိုက်ပွဲများနှင့် ပဒေသရာဇ်အာဏာဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့် တိုင်းရင်းသားအားလုံးသွေးစည်းညီညွတ်ရေး၊ တိုက် သူကြီးများအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကိုဖော်ဆောင်သည့် နေ့ထူးနေ့မြတ်ဖြစ် သည်။

ချင်းမျိုးချစ်စစ်သည်တော်များက “ချင်းတိုင်းရင်းသားများပညာရေးမြှင့်တင်ရေးအဖွဲ့” ကို ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် မေမြို့ ၌ ဖွဲ့စည်းခဲ့ပြီး ချင်းတိုင်းရင်းသားများ၏ပညာမျက်စိကိုအလင်းဖွင့်ပေးကာအမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို မီးမောင်းထိုးဖော်ဆောင်ပေးခဲ့သောအမျိုးသားရေးသမိုင်းဝင် ဖြစ်ရပ်၊ ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင် ခေါင်းဆောင်ပြီး ၁၉၃၃ ခုနှစ်တွင် ချင်းတောင် ညီညွတ်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ချင်းတိုင်းရင်းသားတို့၏ လူမှုစီးပွားရေးဘဝတိုးတက် မြင့်မားရေးအတွက် ဗြိတိသျှအစိုးရကိုတောင်းဆိုချက်(၉)ချက် တင်ပြတောင်းဆိုခဲ့ရာ ဗြိတိသျှအစိုးရကတောင်းဆိုချက်များကို မလိုက်လျောသည့်အတွက် ချင်းတိုင်းရင်းသားများက ဗြိတိသျှကိုဆန္ဒပြ သပိတ်မှောက်ခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းဝင် ဖြစ်ရပ်နှင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ (၂၀)ရက်ချင်းပြည်နယ် ဖလမ်းမြို့တွင် လူထု (၅၀၀၀)ကျော်ခန့်က ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဖျက်သိမ်းပြီးဒီမိုကရေစီစနစ်ကိုကျင့်သုံးရန် တောင်းခံအတည်ပြုခဲ့ကြသည့် လွတ်လပ်ရေးသမိုင်းဝင်ဖြစ်ရပ် စသည့် သမိုင်းဝင်ဖြစ်ရပ် (၃)ရပ်ကိုအကြောင်းပြု ၍ ဖေဖော်ဝါရီ (၂၀)ရက်ကိုချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အင်္ဂလိပ်နယ်ချဲ့လက်ထက် ရခိုင်တောင်တန်းဒေသအုပ်ချုပ်ရေးထဲတွင် ပါဝင်နေသည့် ပလက်၀ဒေသကိုလည်းကောင်း၊ မကွေး တိုင်းဒေသ၏ အုပ်ချုပ်မှုအောက် တွင်ရောက်နေသည့် ကန်ပက်လက်ဒေသကို လည်းကောင်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရဖွဲ့စည်းဖြစ်ပေါ်လာသည့် ချင်းဝိသေသတိုင်းထဲသို့ တစိတ်တဝမ်းတည်းပါဝင်လာသည့်အတွက် ယနေ့ ချင်းပြည်နယ်ဟုစည်း လုံးညီညွတ်စွာဖြစ်တည်လာသည့် သမိုင်းဝင် နေ့တစ်နေ့ဖြစ်သည်။

ဖေဖော်ဝါရီ (၂၀)ရက်သည် ချင်းအမျိုးသားတစ်ရပ်လုံးအတွက် ထူးခြားဂုဏ်ယူဖွယ်ရာနေ့ထူးနေ့မြတ်အဖြစ် ချင်းရေးရာကောင်စီကသတ်မှတ်ထားသည့် ချင်းအမျိုးသားနေ့ကိုအထွတ်အမြတ်ထား၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button
Close