Headline NewsNewsRegion

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဧပြီ ၃

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအ၀ေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့ အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက် ပဒုမ္မာလမ်းမှ ဒေါ်သူဇာဦး၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှ ရွေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်နှင့် မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ရဲစခန်းဝန်းနေ ရဲတပ်ကြပ်ကြီး မင်းဇော်ဝင်းတို့က မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အများဆုံးပြန်လည် ဝင်ရောက်လာချိန်တွင် အကြီးမားဆုံးသော စိန်ခေါ်မှု၊ မြဝတီမြို့မှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာအလုပ်သမားများ၏ ကျန်းမာရေး ဗဟုသုတနှင့် COVID-19 နှင့်ပတ်သက်၍ နားလည်လက်ခံမှု အခြေအနေ၊ မြန်မာအလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နေရပ်ပြန် မြန်မာ အလုပ်သမားများ၏ အနာဂတ် အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်မှုအခြေအနေနှင့် တွေ့ကြုံနေရသည့် အခက်အခဲများ၊ Quarantine ကာလပြီးမြောက်ပါက ကျန်းမာရေးထောက်ခံချက် ထုတ်ပေးရေး၊ ယာဉ်မောင်းများအား ကျန်းမာရေးအသိပညာပေးရေးနှင့် ကျန်းမာ ရေး အကာအကွယ်ပေးရေး၊ နေရပ်ပြန် မြန်မာနိုင်ငံသားများ အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာလုပ် ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ COVID-19 ဖြစ်ပွားနေချိန်၌ တစ်ဦးနှင့်တစ်ဦး စိတ်ပိုင်းဆိုင်ရာ စုစည်းမှု ပိုမိုလိုအပ်နေချိန်တွင် ရုပ်ပိုင်းဆိုင်ရာကို ခွာနိုင်သမျှခွာ၍ နေထိုင်ရန် လိုအပ်ပါကြောင်း၊ ယခုစိန်ခေါ်မှုကို အကောင်းဆုံးကျော်လွှားနိုင်ရန် အခြေအနေအရ ကန့်သတ်ချက်များကို ညီညီ ညွတ်ညွတ်ဖြင့် အားလုံးက ပူးပေါင်းဆောင်ရွက်နိုင်မည်၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာနိုင်မည်ဆိုလျှင် COVID-19 ပြန့်ပွားမှုကို လုံးဝရပ်ဆိုင်း၍ မရသော်လည်း ထိန်းမနိုင်သိမ်းမရသည် အဆင့်သို့ မရောက်ရှိအောင် မိမိတို့အနေဖြင့် ထိန်းသိမ်းသွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်ဖြင့် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အသိုင်းအဝိုင်း အတွက်၊ ကိုယ့်နိုင်ငံအတွက် ဝိုင်းဝန်းကြိုးစားကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
(နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့မှု အပြည့်အစုံအား ယနေ့ ညနေ (၆) နာရီနှင့် ညနေ (၈) နာရီ သတင်းအပြီးတို့တွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ပါကြောင်း ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။)

Show More

Related Articles

Back to top button
Close