Headline NewsNewsRegion

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 နှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဇူလိုင် ၁ဝ
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19နှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ် လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်းကျော်ဦးတို့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ် ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားချိန်မှစ၍ တစ်ကမ္ဘာလုံးရှိ ခရီး သွား လုပ်ငန်းများသည် တော်တော်ခံခဲ့ရပါကြောင်း၊ ယနေ့တွေ့ဆုံသည့် ၃ ဦးစလုံး၏ ဆွေးနွေးရန် တင်ပြထားသည့် အချက်များထဲတွင် New Normal ဟုသုံးနှုန်းထားသည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ယင်းအသုံးအနှုန်းကို လက်ခံသည့် သဘောမရှိသေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် New Normal ပုံစံဖြင့်သွားရန်အတွက် ဆုံးဖြတ်ရန် နည်းနည်း စောနေသည်ဟု စဉ်းစားမိပါကြောင်း၊ New Normal ပုံစံဖြင့် သွားရမည်ဆိုသည့် အဓိပ္ပာယ်သည် ကိုဗစ်ရောဂါကို ဘယ်တော့မှ ထိန်းချုပ်၍မရဘူးဆိုသည့် အဓိပ္ပာယ်သို့ နည်းနည်းသက်ရောက်နေပါကြောင်း။
ယခင်သမိုင်းကို ပြန်ကြည့်ပါက တစ်ချိန်တစ်ခါတုန်းက ကုသလို့မရဘူးဆိုသည့် ရောဂါများနှင့်ပတ်သက်၍ ကာကွယ်ဆေးများပေါ်ခဲ့ပါကြောင်း၊ တစ်စိုက်မတ်မတ် ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်ပါက ကာကွယ်ဆေးများ ပေါ်လာမည်ဖြစ်ပါကြောင်း၊ ကာကွယ်ရေးနှင့် ကုသရေးတွင် ကာကွယ်ရေးသည် ပိုပြီးအရေးကြီးပါကြောင်း၊ ပိုပြီးထိရောက်ပါကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါက အားလုံးသည် စိတ် ချလက်ချနေ၍ရပါကြောင်း၊ ကုသနိုင်ခြင်းသည်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် စိတ်ချရပါကြောင်း၊ ကုသခြင်းအတွက် ကုန်ကျစရိတ် များသည် အမြဲတမ်းရှိပါကြောင်း၊ ကာကွယ်ဆေးသည် ကုန်ကျစရိတ်ရှိသော်လည်း နည်းနည်းလွယ်ကူပါကြောင်း၊ ကုသခြင်း၊ ကာ ကွယ်ခြင်းတို့နှင့်ပတ်သက်၍ စဉ်းစားစရာ အများအပြားရှိပါကြောင်း။
ယနေ့တွေ့ဆုံဆွေးနွေးရာတွင် ပထမဆုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီး မည်မျှအထိ ထိခိုက်သွားသည်၊ မည်သည့်အကျိုးသက်ရောက်မှုများ ရှိသည်၊ ဒုတိယအနေဖြင့် မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် မည်သို့အကျိုးသက်ရောက်မှု များရှိမည်ကို မိမိတို့အနေဖြင့် ယင်းအကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ရေတိုရေရှည် စဉ်းစားရန်လိုအပ်ပါကြောင်း၊ ရေတိုနှင့်ပတ်သက်၍ ခရီးသွားလုပ်ငန်းများကို မှီခိုအားကိုးနေသည့် ပြည်သူများ အထိမနာစေရန် မည်မျှအထိလုပ်နိုင်မည်၊ နိုင်ငံတော်က မည်မျှအထိ လုပ်ပေးနိုင်မည်၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်နေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အားလုံးက မည်မျှအထိ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်နိုင်မည် စသည်တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါကြောင်း၊ ရေရှည်နှင့်ပတ်သက်၍ ကိုဗစ်ကာလသည် အချိန်ကြာမြင့် နေအုံးမည်ဆိုပါက ယင်းအချိန်အတွင်း ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလ အချိန်ကြာမြင့်နေမည်ဆိုပါက ခရီးသွားများ နည်းပါးသွားမည်ဖြစ်၍ သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါ မြန်မြန်ဆန်ဆန် ပျောက်ကင်းသွားပါက အားလုံးအတွက် ကောင်းမွန်ပါကြောင်း၊ ရောဂါပျောက်ကင်းသွားပါက ခရီးသွားလုပ်ငန်းသည် တစ်ကမ္ဘာလုံးနှင့် ပြိုင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလအတွင်း ခရီးသွားလုပ်ငန်းဘက်မှ ဆုံးရှုံးခဲ့ရသည့် အကျိုးအမြတ်များအတွက် ပြန်လည်ဖြည့်ဆည်းရန် နိုင်ငံအားလုံး လုပ်ဆောင်ကြမည်ဖြစ်၍ အားလုံးနှင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားများ သွားနိုင်ရန်၊ ခရီး သွားများ လာရောက်စေရန်အတွက် ဟိုတယ်များဘက်ကလည်း နိုင်နိုင်နင်းနင်းရှိရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးအထိနာခဲ့ပုံနှင့် ကာကွယ်ရန် စီစဉ်ဆောင်ရွက်ထားမှုများကို ပြောကြားစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကိုဗစ်-၁၉နှင့် ပတ်သက်ပြီး ခရီးသွားလာရေးလုပ်ငန်းအပေါ် သက်ရောက်မှုများ၊ ဖြေရှင်းဆောင်ရွက်နေမှုများနှင့် ကြိုတင်ပြင်ဆင်နေမှုများဆိုပြီး အပိုင်း ၃ ပိုင်း ရှိပါကြောင်း၊ ပထမအပိုင်းအနေဖြင့် ကိုဗစ်-၁၉ကြောင့် ခရီးသွားလုပ်ငန်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများအတွက် စီမံချက်၊ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းနိုင်ရန် နိုင်ငံအသီးသီးမှ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုကို သက်ဆိုင်ရာနိုင်ငံများက တားမြစ်ပိတ်ပင်သည့်အတွက် တစ်ကမ္ဘာလုံးတွင် ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်သွားပါကြောင်း၊ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ မဖြစ်ပွားမီ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလတွင် ပြည်ပခရီးသွား ၄ သိန်းကျော်ဝင်ရောက်ခဲ့ပြီး Home Stay စတင်သတ်မှတ်သည့် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလတွင် ပြည်ပခရီးသွားနယ်စပ် အပါဝင် ၆ ထောင်ကျော်သာ ဝင်ရောက်ခဲ့ပါကြောင်း၊ နယ်စပ်ခရီးသွားများကို ခရီးသွားလာခွင့်ပိတ်ပင်ပြီး (Quarantine) ၁၄ ရက်သတ်မှတ်ပေးသည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းသည်လည်း လုံးဝရပ်တန့်သွားသည့်အနေအထားသို့ ရောက်ရှိသွားပါကြောင်း။
ထို့ကြောင့် ဝန်ကြီးဌာနမှ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့စည်းများ ဖြစ်သည့် ကမ္ဘာ့ခရီးသွားအဖွဲ့ချုပ် (UNWTO)၊ အာရှ – ပစိဖိတ်ခရီးသွားအဖွဲ့ချုပ် (PATA) တို့နှင့် ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် COVID- 19 Crisis Management Seminar ကို ပြုလုပ်ခဲ့ရာ လက်ရှိတွေ့ကြုံရသည့် အကျပ်အတည်းသည် အချိန်တိုတိုအတွင်း ပြီးဆုံးသွားမည် မဟုတ်သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ထိန်းသိမ်းကာကွယ်ရေး ဗဟိုကော်မတီ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားရေးအစီအစဉ် (CERP) ကို ထင်ဟပ်ထားသည့် ကိုဗစ်-၁၉ မြန်မာ့ခရီးသွားကုစားမှုအစီအစဉ် (MTRP)ကို အဆင့် ၃ ဆင့်ပါသည့် မဟာဗျူဟာလမ်းပြမြေပုံအနေဖြင့် ပြုစုပြီး ပထမအဆင့်ကို ၂ဝ၂ဝ ပြည့်နှစ် ဇွန်လကုန်တွင် ဆောင်ရွက်အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါကြောင်း။
ထိုသို့ အကောင်အထည်ဖော်ရာတွင် လိုင်စင်ကြေးများ တစ်နှစ်ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးအပ်ရမည့်အခွန်အခများ ၆ လရွှေ့ဆိုင်းခြင်းနှင့် လုပ်ငန်းလည်ပတ်ရန်အတွက် လုပ်ငန်းလည်ပတ်အရင်းအနှီးအဖြစ် ဝန်ထမ်းများကို လစာပေးရန် အပါအဝင် ၁ ရာခိုင်နှုန်း အတိုးဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားရေးအစီအစဉ်မှ တစ်နှစ်ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉၏ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုစစ်တမ်းများကို ကောက်ယူခဲ့ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းရပ်တန့်သွားသည့် အတွက် အလုပ်လက်မဲ့ ဖြစ်နေသည့်သူများနှင့် ဝင်ငွေမရှိဖြစ်သွားသူများကို နေ့တွက်စရိတ်ပေးပြီး ခရီးသွားလာရေးလုပ်ငန်းနှင့်ဆက် စပ်သည့် သင်တန်းများပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ဆောင်ရွက်သွားရန် ကန့်သတ်ကာလ ကုန်ဆုံးသွားသည် နှင့် ယင်းကိစ္စ စတင်ရန် အသင့်ပြင်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းကိစ္စစစချင်းတွင် ရှိသည့်ဘတ်ဂျက်ဖြင့် လူဦးရေ ၂ ထောင်ကို သက် ရောက်မှုရှိအောင် ကူညီနိုင်မည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်တွင် မူတည်ပြီး ထပ်မံရရှိမည်ဆိုပါက တိုးချဲ့ဆောင်ရွက်သွားရန်အစီအစဉ်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်အဖွဲ့အစည်းများအဖြစ် ဆိုက်ကားဆရာ၊ မြင်းလှည်းဆရာ၊ ဘုရားဈေး သည်၊ ပျံကျဈေးသည်နှင့် လက်မှုပညာသည်များလည်း ပါဝင်ပါကြောင်း။
အပိုင်းနှစ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်နေပါကြောင်း၊ စစ်ဆေးကြပ်မတ်မှုများနှင့် လက်ရှိလုပ်ငန်းအခြေအနေများကို ဆက်လက်တင်ပြမည် ဖြစ်ပါကြောင်း၊ ခရီးသွားလာရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို ကာကွယ်ထိန်း သိမ်းမှုအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို စုစည်းပြီး ကိုဗစ်-၁၉ ဘေးကင်းလုံခြုံစိတ်ချရသည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် အမျိုးသား ခရီးသွားလုပ်ငန်းလမ်းညွှန်မှုအဖြစ် စုစည်းဖြန့်ဝေပြီး ဖော်ပြပါ လမ်းညွှန်မှုများနှင့်အညီ လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း။
နိုင်ငံတကာလေဆိပ်များ ပြန်လည်မဖွင့်လှစ်သေးမီ ပြည်တွင်းခရီးသွားများနှင့် ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်နိုင်ရန်အတွက် ဆောင်ရွက်နေပါကြောင်း၊ ကိုဗစ်-၁၉ ဘေးကင်းလုံခြုံစိတ်ချရသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ခရီးသွားလုပ်ငန်းလမ်းညွှန်မှု များနှင့်အညီ လုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်သည့်အခါ အဓိကကြုံတွေ့ရမည့် စိန်ခေါ်မှုမှာ လမ်းညွှန်မှုများနှင့်အညီ အပြည့်အဝမည်မျှပင် လုပ်ဆောင်သော်လည်း နောက်ပိုင်းတွင် လုပ်ဆောင်မှု အားနည်းလာခြင်းဖြစ်ပါကြောင်း၊ ယင်းအချက်သည် မိမိတို့အတွက် လောလောဆယ် စိန်ခေါ်မှုဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ၏ အောက်တွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (DMO)ကို ဖွဲ့စည်းထားပြီး ကြပ်မတ်ရန်စီစဉ်ထားပါကြောင်း။
ခရီးသွားလာရေးအသင်းအဖွဲ့များတွင်လည်း ခရီးသွားကျန်းမာရေးစောင့်ရှောက်မှု အသင်းပါသည့်အဖွဲ့မှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး Third Party အနေဖြင့် ဟိုတယ်များနှင့်စားသောက်ဆိုင်များကို ကြပ်မတ်စစ်ဆေးရန်အတွက် စီစဉ်ထားပါကြောင်း၊ လမ်းညွှန်မှုများနှင့်အညီ လုပ်ငန်းများကို ပြန်လည်စတင်သည့်အခါ အဓိကစိန်ခေါ်မှုသည် ခရီးသွားများ ယခင်အနေအထား၏ ၁ဝ ရာခိုင်နှုန်းပင် မရှိသေးပါကြောင်း၊ လုပ်ငန်းများကို နိုင်ငံတော်မှ ကူညီရန် အကန့်အသတ်ရှိသည်ကို နားလည်သဘောပေါက်ပါကြောင်း၊ လုပ်ငန်း အများစုသည်လည်း ယခုတောင့်ခံနိုင်သည်ထက် ကျော်လွန်ပြီး ကိုယ့်အင်အားနှင့်ကိုယ် ဆက်လက်တောင့်ခံရန် ခက်ခဲနေပြီဖြစ်ပါကြောင်း၊ ယင်းအခြေအနေများကြောင့် လုပ်ငန်းများကို ပြန်လည်စတင်နိုင်ခြင်းကသာလျှင် အကောင်းဆုံး ထွက်ရပ်လမ်းဖြစ်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုဘေးကင်းလုံခြုံမှုကို မထိခိုက်စေရန် အာမခံနိုင်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ငန်းများကို ပြန်လည်စတင်ရန် ဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းပင်မအဖွဲ့ Stake holder တို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေပါကြောင်း ဆွေး နွေးတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ကိုဗစ်ကာလတွင် လူအများစုသည် စိတ်သော ကရောက်သည့် စိတ်ဝေဒနာများကို ခံစားခဲ့ရပါကြောင်း၊ လူအများစုသည် ယင်းစိတ်ဝေဒနာမှ ခဏတာဖြစ်စေ လွတ်မြောက်ရန် အတွက် ခရီးသွားကြမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ မည်သည့်အချိန်တွင် ထွက်ရမည်ကို ချိန်ဆနေကြပါကြောင်း၊ သို့သော် လုံခြုံစိတ်ချရပြီဆိုသည့် ယုံကြည်ချက်ရှိသည့်အချိန်တွင် ခရီးထွက်ရန်အဆင်သင့်ဖြစ်နေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် National Tourism Guidelines for Covid Safe Services ဟူ၍ ထုတ်ပြန်ထားပါကြောင်း၊ ယင်း Guideline သည် များစွာကောင်းမွန်ပါကြောင်း ခရီးစဉ်ဒေသအသစ်များ ဖွင့်ပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ခရီးသွားလုပ်ငန်း မဖြစ်နိုင်သည့် ဒေသမရှိပါကြောင်း၊ ဒေသတိုင်းသည် သဘာဝအလှအပ၊ ယဉ်ကျေးမှုများစွာရှိပါကြောင်း၊ ယင်းတို့သည် ခရီးသွားလုပ်ငန်းအတွက် ကြီးမားသည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် နိုင်ငံများစွာ၏ အဓိကစီးပွားရေး မောင်းနှင်အားတစ်ခု ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အောက်ခြေလူတန်းစားများအထိ အကျိုးသက်ရောက်မှုပေးနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းခရီးစဉ်များ စတင်ဖော်ထုတ်နေပါကြောင်း၊ ခရီးသွားများ၏ လိုအပ်ချက်များသည်ပြောင်း လဲသွားပြီဖြစ်ပါကြောင်း၊ ၎င်းတို့ အနေဖြင့် အတွေ့အကြုံကို ရှာဖွေကြပါကြောင်း၊ မမေ့နိုင်သည့် Memory များကို ယူသွားကြပါကြောင်း၊
အမှိုက်ပျံ့နှံ့နေသည့် ကိစ္စလည်း ပြောကြားပါကြောင်း၊ ယင်းကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဒေသကော်မတီများသို့ တင်ပြ၍ စတင်ဆောင်ရွက်နေပါကြောင်း၊ ပုဂံဒေသတွင် အမှိုက်ကောက်သည့်အဖွဲ့များနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ အမှိုက်ကောက်သည့် အဖွဲ့များ ရှိပါကြောင်း၊ ဒေသဆိုင်ရာ လူငယ်များအနေဖြင့် Tourist Side များတွင် အမှိုက်မပစ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသအလိုက် ဆောင်ရွက်နေပါကြောင်း၊ New Normal အခြေအနေတွင် အားလုံးပြောင်းသွားခြင်း မဟုတ်ပါကြောင်း၊ ခရီးသွားသည့်အခါတွင် အမူအကျင့်များ၊ စဉ်းစားပုံများ၊ တန်ဖိုးများ ပြောင်းလဲသွားမည်ဟု ထင်မြင်ပါကြောင်း၊ လူများသည့် နေရာများ၊ နာမည်ကျော်ခဲ့သည့် နေရာများကို ရှောင်သွားကြမည် ဖြစ်ပါကြောင်း၊ သန့်ရှင်းလတ်ဆတ်သည့်လေ ပြည့်ဝစွာရှုနိုင်သည့် နေရာများ၊ မပျက်စီးသေးသည့် သဘာဝအနှစ်သာရကို သေချာစွာ ခံစားနိုင်သည့် နေရာများကို သွားမည်ဟု ထင်မြင်မိပါကြောင်း။
ယင်းသို့သွားသည့်အခါ အရေးကြီးဆုံးသည် ကျန်းမာရေး ဘေးကင်းစိတ်ချရေးနှင့် စိတ်နှလုံးကို ရွှင်ပြုံးစေမည့် နေရာဒေသများကို ရွေးပြီးသွားမည်ဖြစ်ပါကြောင်း၊ အိမ်ရှင်အနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံခရီးစဉ်ဒေသများသည် ကျန်းမာရေးအတွက် ဘေးကင်းပြီး လာရောက်သည့်သူများ၏ ပင်ပန်းနေသည့် စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်သည်ဆိုသည့် ယုံကြည်စိတ်ချမှုကို တည်ဆောက်ပြီး ရေရှည်ဆက် လက်ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ကိုဗစ် မဖြစ်ခင်ကတည်းကပင် ဒီဂျစ်တယ်နည်းပညာသည် ခရီးသွားလုပ်ငန်းကို များစွာ ပြောင်းလဲခဲ့ပါကြောင်း၊ အချို့လုပ်ငန်းများသည်လည်း ပျောက်သွားပါကြောင်း၊ ကြားခံလုပ်ငန်းများစွာသည်လည်း ယင်းနည်းပညာ လွှမ်းမိုးမှုကြောင့် လုပ်ငန်းများ ပြောင်းခဲ့ရခြင်းနှင့် ပျောက်သွားခြင်းများ ရှိပါကြောင်း။
Degitalization နှင့် Automation များ ပိုမိုဖြစ်လာမည်ဟု ထင်မြင်မိပါကြောင်း၊ ဟိုတယ်များတွင် Online Check – in နှင့် Mobile Check – in ၊ Customer ၏ tracking လိုက်ရမည့် data ၊ ခရီးသွားများ၏ privacy ကို ကာကွယ်ပေးရန် စသည့်ကိစ္စရပ်များကို တစ် ပြိုင်နက်တည်းတွင် စဉ်းစား၍ ကိုင်တွယ်သွားရမည့်အချက်များ ဖြစ်ပါကြောင်း၊ Digital Payment များလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ခရီးသွားခြင်းသည် လူလူချင်း ဆက်ဆံလိုခြင်း၊ တစ်ယောက်နှင့်တစ်ယောက် ပိုမိုနားလည်မှု၊ ချစ်ကြည်မှု စ သည်တို့ကို တည်ဆောက်လိုခြင်းအတွက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့လူမျိုးများ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် စိတ်ထားများသည် အရေးပါသည့်ကဏ္ဍတွင် ဆက်လက်ရှိနေမည် ဖြစ်ပါကြောင်း။
ယခုအချိန်တွင် နိုင်ငံခြားမှ အလုပ်လုပ်ပြီး ပြန်လာကြသူများစွာရှိပါကြောင်း၊ ယခင်ရှိသည့် Work Force နှင့် ယခုအသစ်ပြန်ရောက် လာသည့် လူများ၏ အတွေ့အကြုံများကို ပေါင်းစပ်ပြီး အနာဂတ်ခရီးသွားလုပ်ငန်းအသစ်ကို အခြားသူများထက် ပိုမိုကောင်းမွန်သည့် Value ပေးနိုင်ရေးနှင့် မိမိတို့တွင် နဂိုရှိထားသည့် စိတ်ရင်းစိတ်ထား၊ သဘာဝပတ်ဝန်းကျင် အနေအထားတို့ကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန် ရေရှည်ဖြစ်နိုင်မည့် ခရီးသွားလုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်းကျော်ဦးက မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ယူထားသည့် ဟိုတယ်နှင့်တည်းခိုခန်း ၂ဝ၉၁ လုံး ရှိပါကြောင်း၊ ယင်းအရေ အတွက်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး စည်ပင်သာယာရေးဌာနများမှ ထုတ်ပေးထားသည့် တည်းခိုခန်းလိုင်စင်များ မပါဝင်သေးပါကြောင်း၊ ဟိုတယ်ဝန်ထမ်း အရေအတွက် တစ်သိန်းခွဲခန့် ရှိပါကြောင်း၊ မိမိတို့၏ ဟိုတယ်လုပ်ငန်းတွင် အငှားယာဉ်များ၊ မြင်းလှည်း၊ ဆိုက်ကား၊ လှေ၊ သမ္ဗန် အစရှိသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ လမ်းဘေး တစ်ပိုင်တစ်နိုင် ဈေးသည်များ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊ အမှတ်တရ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ ဧည့်လမ်းညွှန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းများစွာ ဆက်စပ်ပတ်သက်နေပါကြောင်း။
ဟိုတယ်လုပ်ငန်းများ ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်မှုအနေဖြင့် ဇန်နဝါရီလကုန်မှ စတင်ကာ အခန်းကြိုတင်မှာယူမှုများ စတင်လျော့ကျလာပါကြောင်း၊ ဖေဖော်ဝါရီတွင် Cancellation များ စတင်လုပ်လာပါကြောင်း၊ မတ်လလယ်ပိုင်းတွင် ခရီးသွားလုပ်ငန်း ဝင်ရောက်မှုပါ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး မတ်လအကုန်တွင် Booking Website များမှ အခန်းကြိုတင်မှာကြားထားမှုများ၊ Cancellation များ နေ့စဉ်နှင့်အမျှ များပြားလာပြီး အခန်းကြိုတင်အမှာများ ဧပြီလတွင် ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ ဧပြီလတွင်လည်း ရန်ကုန်တွင် Quarantine ထားရှိသည့်ဟိုတယ်များနှင့် Longstay ဟိုတယ်များမှလွဲ၍ ကျန်ရှိသည့် ဟိုတယ်များတွင် ဧည့်သည်များ မရှိကြပါကြောင်း၊ မေလတွင် ဧည့်သည် ဝင်ရောက်မှုသည် ရာနှုန်းပြည့် ရပ်တန့်သွားပါကြောင်း၊ ယင်းအချိန်မှစကာ ဟိုတယ်များ အနေဖြင့် အခက်အခဲ စတင်ရင်ဆိုင် ကြုံတွေ့ရပါကြောင်း။
ဟိုတယ်လုပ်ငန်းများအနေဖြင့် ဝင်ငွေလုံးဝမရှိတော့ပဲ လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာခဲ့ပါကြောင်း၊ ယင်းအချိန်တွင် မိမိတို့ ဟိုတယ်တွင်ရှိသော သင်တန်းတက်ရောက်ထားသည့် လုပ်ငန်းအတွေ့အကြုံရှိ ဝန်ထမ်းများကို ဟိုတယ်လုပ်ငန်းတွင် ဆက်လက် တည်ရှိနိုင်ရေးအတွက် ဝင်ငွေမရှိပဲ လစာပေးနိုင်ရေးအတွက် စဉ်းစားလာရပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် လုပ်ငန်းရှင်များအနေဖြင့် တစ်လ၊ နှစ်လ ထိန်းထားနိုင်သော်လည်း အချိန်ကာလရှည်ကြာလာသည်နှင့်အမျှ အစိုးရဌာနများမှ ငှားရမ်းလုပ်ကိုင်သည့် ဟိုတယ် များသည် ငှားရမ်းခ၊ ဝန်ထမ်းခ၊ လျှပ်စစ်မီတာခများ၊ အခြားသော အခွန်အခများအတွက် အခက်အခဲများစွာ ကြုံတွေ့လာရပါကြောင်း၊ ထို့သို့ အခက်အခဲဖြစ်နေချိန် ဝန်ကြီးဌာနသို့ အခက်အခဲများ တင်ပြရာတွင် နိုင်ငံတော်၏ Covid-19 ကုစားရေးကော်မတီမှ ဟိုတယ် လုပ်ငန်းများကို ထိခိုက်မှုရှိသောလုပ်ငန်းအဖြစ် အသိအမှတ်ပြုပြီး အာမခံပစ္စည်းမပါဘဲ ချေးငွေများလုပ်ငန်းအလိုက် ထုတ်ချေးပေးခဲ့သည့် အတွက် မကြုံဖူးတဲ့ အတွေ့အကြုံသစ်တစ်ခုအဖြစ် အံ့ဩဝမ်းသာခဲ့ကြပါကြောင်း။
နိုင်ငံတော်မှချေးငွေအစီအစဉ်ကို ရုပ်ပိုင်းဆိုင်ရာအကူအညီဟု ယူဆသကဲ့သို့ ယခုလို အသင်းကိုယ်စား တွေ့ဆုံတင်ပြခွင့်နှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြန်လည်ရှင်းလင်း ပြောကြားမှုများသည် မိမိတို့အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခု ဖြစ်စေပါကြောင်း၊ ချေးငွေနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများက နိုင်ငံ၏အစီအစဉ်ဖြင့် အကောင်းဆုံးဖြစ်စေရန် စီစဉ်ပေးထားသည်ဆိုသည်မှာ ယုံမှားသံသယ မရှိပါကြောင်း၊ သို့သော် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရာတွင် အချို့ဟိုတယ်များအနေဖြင့် ယင်းချေးငွေမှာ ဝန်ထမ်းများ၏ လစာ ၆ လစာခန့်ပင် မလောက်ငှသည်ကို သိရှိရပါကြောင်း၊ ထို့ပြင် ချေးငွေလိုအပ်ချက် လျှောက်လွှာများဖြည့်ရာတွင် လုပ်ငန်းရှင် အစဉ်အဆက် စာရင်းအင်း အားနည်းချက်များ၊ နားလည်သဘောပေါက်မှု အားနည်းချက်များကြောင့် အချို့ ဟိုတယ်များသည် ချေးငွေ ယခုအထိ မရရှိကြသေးပါကြောင်း။
သို့သော် နိုင်ငံတော်မှ အသုတ်လိုက် ချေးငွေချပေးနေသည့်အတွက် နောင်လာမည့် ချေးငွေချပေးရာတွင် ပါရှိလာမည်ဟု မျှော်လင့်နေကြပါကြောင်း၊ ချေးငွေနှင့် ပတ်သက်ပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် ၂ နှစ်မပြည့်ပါက ချေးငွေလျှောက်၍ မရရှိသည့် အချက်ပါဝင် ပါကြောင်း၊ လုပ်ငန်းရှင်အချို့သည် ရှိစု၊ မဲ့စုများဖြင့် ရင်းနှီးမြှုပ်နှံထားကြသဖြင့် ယခုကဲ့သို့ အကျပ်အတည်းကြုံရာတွင် နိုင်ငံတော်မှ ချေး ငွေထုတ်ချေးသည်ကို ထည့်သွင်းစဉ်းစား မခံရသဖြင့် စိတ်မကောင်းဖြစ်ကြပါကြောင်း၊ မိမိတို့အနေဖြင့် တရားဝင်လုပ်ငန်း လိုင်စင်ရှိပြီး အမှန်တကယ် အလုပ်လုပ်မည်၊ အခွန်လည်းဆောင်မည်ဆိုပါက ချေးငွေနည်းခြင်း၊ များခြင်း သည်ကိစ္စမရှိဘဲ အများနည်းတူ အခွင့် အရေးရမည်ဆိုပါက ယင်းလုပ်ငန်းရှင်များ အနေဖြင့်လည်း ဝမ်းသာမည် ဖြစ်ပါကြောင်း။
၂ဝ၁၅ ခုနှစ် နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကာ ခရီးသွားလုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင်များ သည် ဘဏ်များမှ ချေးငွေရယူပြီး ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်ကြပါကြောင်း၊ ယ ခု ကဲ့သို့ လုပ်ငန်းများရပ်တန့်မှု ကြာရှည်သွားသည့်အတွက် ဘဏ်ချေးငွေ ပြန်ဆပ်ရမည့် အခက်အခဲများ၊ ဝင်ငွေမရှိပဲ ဘဏ်တိုးပေးရမည့် အခက်အခဲများနှင့် အခြားသော အခွန်အခများ ပေးဆောင်ရမည့် အခက်အခဲများ ရှိနေပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှ ဘဏ်တိုးလျော့ချပေးခြင်း၊ အခွန်များရွှေ့ဆိုင်းပေးခြင်း၊ လိုင်စင်ကြေးတစ်နှစ် ကင်းလွတ်ခွင့်ပေးခြင်းများ ပြုလုပ်ပေးသည့်အတွက် မိမိတို့အနေဖြင့် အသက်ရှုချောင်ကာ သက်သာရာ ရပါကြောင်း။
မိမိတို့အနေဖြင့် ချေးငွေများစတင်တောင်းခံစဉ်ကတည်းက ဝန်ထမ်းများအတွက် ၆ လစာ ပေးနိုင်ရန် တင်ပြခဲ့ပါကြောင်း၊ မိမိတို့လုပ် ငန်းရှင်များအတွက် ရည်ရွယ်ခြင်းမရှိဘဲ ဝန်ထမ်းများအတွက်သာ ရည်ရွယ်ခဲ့ပါကြောင်း၊ ယခုချေးငွေသည် နိုင်ငံ့ဘဏ္ဍာငွေဖြစ်သည့် အတွက် ပြန်ဆပ်ရမည်ကိုလည်း ကျေကျေနပ်နပ်ဖြင့် လက်ခံထားပါကြောင်း၊ ယခုလို ကာလအတွင်းတွင် အသင်းဝင်ဟိုတယ်များအနေဖြင့် စိတ်ဓါတ်မကျစေရန် တစ်နိုင်ငံလုံးရှိ အသင်းဝင်များကို Online Meeting များ၊ Panel Discussion များ၊ ပြုလုပ်၍ မိမိတို့ ရင်ဆိုင်နေရသော အခက်အခဲများမှ အခွင့်အရေးများရရှိအောင် စုပေါင်းအကြံဉာဏ်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြပါကြောင်း။
ယခုအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ပြသကဲ့သို့ ကိုဗစ်-၁၉ မြန်မာ့ခရီးသွားမဟာဗျူဟာလမ်းပြမြေပုံ၏ ဒုတိယပိုင်း ပြန်လည်ဖွင့်လှစ်ခြင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်ကာလကို စတင်ဆောင်ရွက်နေပါကြောင်း၊ စည်းကမ်းချက် များနှင့်အညီ စစ်ဆေးခံမည့်ဟိုတယ်များ ပြန်ဖွင့်ရာတွင် ဧည့်သည်ဝင်ရောက်မှု နည်းပါးသေးပါကြောင်း၊ အချို့ဟိုတယ်များသည် ပြန်မဖွင့်နိုင်သေးပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်များ ဖွင့်ခွင့်ရသော်လည်း တစ်ချို့ကမ်းခြေရှိ ဟိုတယ်များသည် ဖွင့်လှစ်ခွင့် မရသေးပါကြောင်း၊ ကမ်းခြေဟိုတယ်များအနေဖြင့် ယခုကဲ့သို့ မိုးတွင်းကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ် မှတ်ချက်များအတိုင်း ဧည့်သည်များအား လက်ခံ၍ ရပါကြောင်း၊ အတွေးသစ်ဆိုသည့်အတိုင်း မိမိတို့အနေဖြင့် လူများသည့် ကာလများ တွင် အတွေ့အကြုံများယူကာ မည်သို့လုပ်ဆောင်ရမည်ဆိုသည့် အတွေ့အကြုံများကို ဖော်ထုတ်လိုပါကြောင်း၊ အသင်းအနေဖြင့် ပြည် တွင်းခရီးသွားများနှင့် ပြန်လည်ပတ်ကာ အရှိန်ရလာစေရန် အသင်းဝင်များ၏ မိတ်ဆွေများ၊ ဆွေမျိုးများအား သင့်တော်သည့် အချိန်တွင် ဟိုတယ်ဇုန်များကို လည်ပတ်နိုင်ရန် စီစဉ်နေပါကြောင်း၊ ယင်းသို့ စီစဉ်ခြင်းဖြင့် ဟိုတယ်များလည်း ဝင်ငွေရရှိပြီး ဆက်စပ်ပတ် သက်နေသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်၊ အမှတ်တရအရောင်းဆိုင်များ၊ မြင်းလှည်း၊ ဆိုက္ကား၊ လှေ၊သမ္ဗန် စသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များအနေဖြင့်လည်း ဝင်ငွေရရှိစေရန် ရည်ရွယ်ကာ မိမိတို့အနေဖြင့် ငွေကြေးပြန်လည်ပတ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း။
ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များကို လက်တွေ့စံပြုလိုက်နာ လုပ်ကိုင်သွားလိုပါကြောင်း၊ ယင်းမှသာ ကျန်းမာရေးအတွက် စိတ်ချလုံခြုံသည့် ခရီးစဉ်များကို ဖန်တီးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များသည် များစွာထိရောက်ပါကြောင်း၊ ကိုဗစ်နှင့် ယှဉ်တွဲပြီး New Normal လုပ်ကိုင် ဆောင်ရွက်နိုင်ရန်လိုပါကြောင်း၊ မိမိတို့အနေဖြင့် သတ်မှတ်ထားသည့် အချက်များကို စံပြုလိုက်နာကာ လုပ်ဆောင်သွားရန် လိုပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် သတ်မှတ်ချက်စည်းကမ်းများနှင့် ကိုက်ညီမှသာ ဟိုတယ်များကို ဖွင့်ခွင့် ပြုထားပါကြောင်း၊ အလားတူ ဟိုတယ်ဝန်ထမ်းများ ကြုံတွေ့ရမည့် Online Reservation များ၊ Supervisory သင်တန်းများ၊ Hotel Guest List Management System သင်တန်းများကို Online ဖြင့် ပို့ချလျက်ရှိပါကြောင်း။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထားသည့်အတိုင်း အခြေခိုင်ပြီးသည့် ခရီးစဉ်ဒေသများ၏ အရည်အသွေးတိုးတက်ရေးနှင့် ယခုအသစ် ဖော်ထုတ်မည့် ခရီးစဉ်ဒေသများတွင် သဘာဝမပျက်ထိန်းသိမ်းရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးသွားကော်မတီများနှင့် ခရီးသွားလုပ်ငန်းတွင် ဗဟုသုတရှိသည့် မြို့မိမြို့ဖများ ပူးပေါင်းကာ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့နိုင်ရန် လုပ်ဆောင်နေပါကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ကျရာကဏ္ဍမှ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ နောက်ဆုံးရ ကျန်းမာရေးဗဟုသုတများ၊ အချက်အလက်များကို အချိန်နှင့်အမျှ ဖြန့်ဝေလျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ ဝန်ထမ်းများအား Mask အချိန်ပြည့်တပ်သည့် အလေ့အကျင့်များ၊ လက်မကြာခဏ ဆေးသည့် အကျင့်များ၊ Social Distancing နေထိုင်နည်းများ၊ သန့်စင်ဆေးရည်များဖြင့် သန့်ရှင်းပေးခြင်းတို့ကို စီမံဆောင် ရွက်လျက်ရှိပါကြောင်း။
ဧည့်သည်များဘေးကင်းလုံခြုံရေးတွင်လည်း များစွာအရေးကြီးပါကြောင်း၊ ဟိုတယ်သို့ ဧည့်သည်များ ဝင်ရောက်သည့်အခါ လက်ဆေးရန်၊ Buffet Breakfast ကိုလျှော့ချပြီး အခန်းတွင်းသို့ အစားအသောက်များပို့ပြီး ပြည့်စုံစေသည့်ဝန်ဆောင်မှု အလေ့အကျင့်များ၊ အတွေးသစ်များမှ ရရှိသည့် Idea အသစ်များဖြင့် ဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း၊ ဧည့်ကြိုကောင်တာများတွင် အကာအရံများ စိတ်ချရအောင်ပြုလုပ်ပေးခြင်း အစရှိသည် တို့ကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိက စိန်ခေါ်မှုအနေဖြင့် ကိုဗစ်-၁၉ ကာလ မည်မျှ ကြာရှည်မည်၊ ကူးစက်ပျံ့နှံ့မှုနှုန်း မည်သို့ရှိနိုင်မည်ဆိုသည်မှာ ခက်ခဲလှသည့် ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါကြောင်း။
အကြံပြုတင်ပြလိုသည်မှာ New Normal တွင် သဘာဝခရီးသွားနှင့်ပတ်သက်သည့် ခရီးစဉ်နေရာအသစ်များဖော်ထုတ်ပြီး ဟိုတယ်နှင့် Camp ကဲ့သို့ နေထိုင်စရာများစီစဉ်ပေး ခြင်း၊ လက်ရှိ ခရီးသွားဒေသများကို ထိန်းသိမ်းပေးခြင်းများ ပြုလုပ်ပေးစေလိုပါကြောင်း၊ သို့မှသာ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွင် နိုင်ငံအနေဖြင့် ခရီးစဉ်ဒေသများ အဆင်သင့်ဖြစ်နေမည်ဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် အင်းလေး ရေပေါ်ဈေး ပြန်လည်ဖော်ဆောင်ခြင်း၊ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ Important Bird Area နှင့် Biodiversity Area အဖြစ် သတ်မှတ်ထားသည့် ပုလိပ်အင်း၊ တောင်သမန်အင်းတို့တွင် ရှားပါးရေငှက်များနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲထိန်းသိမ်းရေးကို စနစ်တကျ ထိန်းသိမ်း အကောင်အထည်ဖော်ခြင်းဖြင့် ဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလိုသည့် ပြည်တွင်းပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်မည့် နေရာတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းလုပ်ကိုင်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မိမိတို့ လုပ်ငန်းရှင်များသာမက အခြားဆက်စပ်ဝန်ကြီး ဌာနများပါ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးခြင်းအားဖြင့် ပိုမိုအားရှိလာမည် ဖြစ်ပါကြောင်း ဆွေးနွေး တင် ပြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်တွေ့ကျကျစဉ်းစားရမည်ဆိုပါက ခရီးသွားလုပ်ငန်းသည် ကျန်းမာရေးအရ စိတ်ချရအောင် လုပ်ဆောင်ရန် မလွယ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဆောက်လုပ်ရေးလုပ်ငန်း ကဲ့သို့မဟုတ်ပါကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် စီမံကိန်းများကို ပထမဦးဆုံး လည်ပတ်စေခြင်းသည် နိုင်ငံတော်၏ လိုအပ်ချက်အရဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမားများ တစ်ဦးနှင့်တစ်ဦးခြား၍ လုပ်ဆောင်နိုင်ပါကြောင်း၊ သို့သော် ခရီးသွား လုပ် ငန်းတွင် တစ်ယောက်နှင့်တစ်ယောက် အနားမကပ်ရန်ပြောဆို၍ ခရီးသွားလုပ်ငန်းများ စီစဉ်ရန် များစွာခက်ခဲပါကြောင်း။
ယမန်နေ့က ဦးပိန်တံတားသို့ သွားရောက်ကြသည့် ပြည်တွင်းခရီးသွားများ၏ ဓာတ်ပုံများကို တွေ့ရှိခဲ့ရပါကြောင်း၊ ယင်းပုံကို ကြည့်သည့်အခါတွင် လူများစုဝေးနေပါကြောင်း၊ မိသားစုအချင်းချင်း စုဝေးနေခြင်းသည် အကြောင်းကိစ္စမဟုတ်ပါကြောင်း၊ သို့သော် ယင်း ဓာတ်ပုံထဲမှ အခြေအနေကိုကြည့်ရာ မိသားစုတစ်စုတည်း မဟုတ်နိုင်ပါကြောင်း၊ ခရီးသွားများ အားလုံးရှိသည့် နေရာတွင်နေကြခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းတွင် အဓိကသည် ရုပ်ပိုင်းဆိုင်ရာအရ ခပ်ခပ်ခွာခွာခြားပြီး နေထိုင်ရန် ဖြစ်ပါကြောင်း။
တစ်ယောက်နှင့်တစ်ယောက် ခွာပြီးနေရန်ဆိုခြင်းသည် ခရီးသွားလုပ်ငန်း၏ သဘော သဘာဝအရ ဘုရားဖူးလျှင် တန်ခိုးကြီးဘုရားများသို့ သွားရောက်လိုသူများပါကြောင်း၊ ယင်းနေရာများတွင် တစ်ဦးနှင့်တစ်ဦး မည်သို့ခြားထားမည်၊ ခြောက်ပေအကွာနေထိုင်ရန် ပြော ထားသော်လည်း လက်တွေ့ကျကျ လုပ်ဆောင်၍ရမည်၊ မရမည်၊ ခြောက်ပေအကွာ နေထိုင်ရမည်ဆိုလျှင် တစ်ချိန်တွင် ခရီးသွားမည်မျှသွားနိုင်မည်ဆိုသည်ကို ကန့်သတ်ရမည် ဖြစ်ပါကြောင်း။
ကိုဗစ်ကာလတွင် ဟိုတယ်လုပ်ငန်းများ အများအပြား ထိခိုက်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်နှင့်ပတ်သက်၍ အများအပြားကူညီခဲ့ပါကြောင်း၊ နိုင်ငံခြားသားများကို ဟိုတယ် Quarantine ထားသည့်အခါ ဆေးရုံနှင့် Quarantine Center တွင် မနေချင်ပဲ ဟိုတယ် Quarantine နေချင်သောကြောင့် နေရာစီစဉ်ပေးရာတွင် ဟိုတယ်လုပ်ငန်းရှင်များ၏ ပူးပေါင်းမှု မရှိပါက မဖြစ်နိုင်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် များစွာပူးပေါင်းဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရသည့်အခါ ဟိုတယ်လုပ်ငန်းရှင်များက ရှေ့တန်းကဟု ပြောကြားလိုပါကြောင်း။
ဟိုတယ်လုပ်ငန်းကြီးများ အောင်မြင်စေရန်အတွက်ဆိုပါက ဧည့်သည်များများလာရန် လိုအပ်ပါကြောင်း၊ ဧည့်သည်ဝင်ရောက်မှုနည်းပါက ပို၍ ရုန်းကန်ရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းအပေါ် မည်သည့်ပုံစံဖြင့် ချဉ်းကပ်ရမည်ကို မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ တစ်ချို့နိုင်ငံများတွင် ခရီးသွားဧည့်သည်များကို ဈေးကြီးမြင့်သည့် ဟိုတယ်များတွင် ထားပါကြောင်း၊ လာရောက်သည့်ခရီးသွား ဧည့်သည်များသည် ငွေကြေးသုံးစွဲနိုင်သူများဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် ၎င်းတို့၏ ခရီးသွား လုပ်ငန်းကို အခြေခံပါကြောင်း၊ တစ်ချို့နိုင်ငံများတွင် ဈေးချိုချိုဖြင့် လာနိုင်စေရန် ဆောင်ရွက်ပေးထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အလယ် အလတ်လမ်းစဉ်ကိုသာ သွားလိုပါကြောင်း၊ မိမိတို့နိုင်ငံကို လွယ်လွယ်ကူကူ ဈေးပေါပေါဖြင့် ခရီးသွားလို့ရသည့် နိုင်ငံမဖြစ်လိုပါကြောင်း၊ အချို့အနောက်တိုင်း ခရီးသွားဧည့်သည်များသည် အရှေ့တိုင်းသို့ ဈေးပေါပေါဖြင့် သွားရောက် လည်ပတ်နိုင်သည့်အတွက် သွားကြပါကြောင်း၊ အချို့ခရီးသွားများအနေဖြင့် ဒေသ၏ ယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားသည့်အတွက် သွား ရောက် လေ့လာကြပါကြောင်း၊ ဈေးချိုချိုဖြင့် သွားရောက်သူအချို့သည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိပါကြောင်း ပြန်လည်သုံးသပ် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဟိုတယ်များအတွက် ချေးငွေနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို ပြန်လည် ကြည့်ရှုပေးမည်ဖြစ်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းကို ထိထိရောက်ရောက် ပံ့ပိုးနိုင်ရန် ပြန်လည်သုံးသပ်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ အကျပ်အတည်းကာလရောက်နေသည့်အချိန်တွင် ကူညီခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါကြောင်း၊ ကူညီရမည့်အချိန်တွင် ကူညီပေးရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံသည် အရှိန်အဟုန်မလျော့ဘဲ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းငယ်များကိုလည်း ကူညီဆောင်ရွက်ပေးလိုပါကြောင်း၊ အားလပ်ချိန်များတွင် ဟိုတယ်နှင့်သက်ဆိုင်သည့် သင်တန်းများ၊ ချက်ပြုတ်နည်းများကို သင်ကြားပြသခြင်း၊ မိမိတို့ဟိုတယ်တွင် ရနိုင်သည့် အထူးအစားအစာများနှင့် မိမိတို့ဟိုတယ်ကတစ်ဆင့် စိတ်အပန်းဖြေနေရာများသို့ သွားရောက် လေ့လာနိုင်အောင် စီစဉ်ပေးထားမှုများကို Online ကတစ်ဆင့် မိမိတို့၏ ဝက်ဘ်ဆိုက်တွင် ကြော်ငြာရန် အကြံပြုလိုပါကြောင်း။
လျှော့ပစ်ရန်လိုအပ်သည့် ဝန်ထမ်းများကို လိုအပ်နေသည့်နေရာသို့ ပြောင်းလဲ အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးခြင်းများကို ယခုအချိန်တွင် ဆောင်ရွက်ပေးရန် အကောင်းဆုံး ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်လှပသည့် နေရာများတွင် နေအိမ်များ ဆောက် လုပ်ပြီး ၁ ညအိပ်၊ ၂ ညအိပ် သဘာဝပတ်ဝန်းကျင် လေ့လာသည့်ပုံစံမျိုးစသည့် ပုံစံသစ်များကို စဉ်းစားပါက ရေရှည်တွင် နိုင်ငံအတွက်လည်းများစွာကောင်းပါကြောင်း၊ မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင် လှပရေးကိုအားပေးသည့် နိုင်ငံဖြစ်စေလို ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်သည် ပြောင်းလဲနေပါကြောင်း၊ ပြောင်းလဲသင့်သည်များကို ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ပြောင်း လဲရာတွင် အများအတွက် အကျိုးဖြစ်အောင် ပြောင်းလဲရန် လွန်စွာအရေးကြီးပါကြောင်း၊ ယခုအချိန် ကိုဗစ်ကာလတွင် ခရီးသွား လုပ် ငန်းများ၊ ဟိုတယ်လုပ်ငန်းများအား ပြန်လည်လေ့လာသုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် အခြေအနေရောက်အောင်နှင့် အဆင့်မြှင့်တင် လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အရေး ဖြစ်သည်ဟု စဉ်းစားစေလိုပါကြောင်း။
စိန်ခေါ်မှုသည် အခက်အခဲသာ မဟုတ်ပဲ အခွင့်အရေးလည်းဖြစ်ကြောင်း၊ ယခုကာလ စိန်ခေါ်မှုအများဆုံးထဲတွင် ခရီးသွားလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် heart to heart နှလုံးသားချင်းဆက်ဆံမှု၊ ယင်းကနေတစ်ဆင့်တိုးပြီး မြန်မာနိုင်ငံကို လာရောက်သည့် ခရီးသွားဧည့်သည်များကို heart to heart သာမက mind to mind စိတ်ချင်းဆက်စပ်မှု ကိုပါ အားပေးစေလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်း၊ အခြေအနေ၊ စိန်ခေါ်မှုများကို နားလည်အောင် လုပ်ဆောင်ပေးစေလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်နေရပါကြောင်း၊ အခြေခံအားဖြင့် မိမိတို့နိုင်ငံတွင် ပြဿနာမြောက်မြားမှု၊ အတိတ်အကြောင်းကို မသိရှိမှုနှင့် ပစ္စုပ္ပန်အကြောင်းကိုလည်း သေချာမသိရှိမှုတို့ကြောင့် အမြင်လွဲမှုများ ရှိနေပါကြောင်း။
ထို့ကြောင့် နှလုံးသားချင်းဆက်နွယ်မှုကတစ်ဆင့် စိတ်ချင်းဆက်နွယ်သည်အထိ ဆောင်ရွက်ပေးစေလိုခြင်းဖြစ်ပါကြောင်း၊ မည်သည့်ကိစ္စ ဆောင်ရွက်သည်ဖြစ်စေ ပြည်သူ လူထု၏ ချမ်းသာမှုနှင့် လုံခြုံမှုကို ဦးတည်၍ ဆောင်ရွက်စေလိုပါကြောင်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများကလည်း ပြည်သူလူထု၏ ရေရှည်၊ မိမိတို့နိုင်ငံ၏ ရေရှည်၊ ပြည်ထောင်စု၏ လုံခြုံမှုနှင့် ချမ်းသာမှုကို အမြဲတမ်းစိတ်ထဲထားရှိပြီး ဦးတည်ဆောင်ရွက် စေလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အစိုးရဖက်က ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်အားလုံးကို တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအားလုံး၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာကဏ္ဍက တာဝန်ရှိသူအားလုံးအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ပံ့ပိုး ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်းပြောကြားသည်။
(နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်းကျော်ဦးတို့နှင့် တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးခဲ့မှု အပြည့်အစုံကို ယနေ့ ညနေ (၆) နာရီနှင့် ညနေ (၈) နာရီသတင်းအပြီးတို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံ တင်ပြအပ်ပါသည်။)
Show More

Related Articles

Back to top button
Close